လက်စားချေခြင်းမျိုး မပြုလုပ်ကြရန်၊ မှားသည့်သူအား ပြောင်းလဲခွင့်၊ ပြင်ဆင်ခွင့် ပေးရမည်ဖြစ်ကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးများကို အုပ်ချုပ်ရေးပိုင်းမှစ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များအား ပြော

လက်စားချေခြင်းမျိုး မပြုလုပ်ကြရန်၊ မှားသည့်သူအား ပြောင်းလဲခွင့်၊ ပြင်ဆင်ခွင့် ပေးရမည်ဖြစ်ကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးများကို အုပ်ချုပ်ရေးပိုင်းမှစ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များအား ပြော
Published 6 December 2015
ငြိမ်းဇော်လင်း

လက်စားချေခြင်းမျိုး မပြုလုပ်ကြရန်၊ မှားသည့်သူအား ပြုပြင်ခွင့်ပြောင်းလဲခွင့် ပေးရ မည်ဖြစ်ကြောင်း နှင့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးများကို အုပ်ချုပ်ရေးပိုင်းမှစ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အဖွဲ့ချုပ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာ ၅ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ကြရန်၊ ပြောကြားခဲ့သည်ဟု ကိုယ်စားလှယ်များထံမှ သိရသည်။“အနိုင်ရကိုယ်စားလှယ်ဆိုတာထက် ပြည်သူကမဲပေးပြီးတော့ ရွေးချယ်ထားတဲ့အတွက် ရွေးချယ်ခံ ကိုယ်စားလှယ်ဆိုတာကို အလေးအနက်ထားလို့ ပြောပါတယ်။ နောက်ပြီးတော့ နောက်ကြောင်းပြန်မလှည့်ဘူး။ လက်စားချေဖို့ မဟုတ်ဘူး။ လူဆိုတာ မှားတတ်တယ်။ အပြောင်းအလဲတွေ ရှိတတ်တယ်။ အလုပ်လုပ်ရင်းနဲ့ မှားသွားတဲ့ဟာတွေကလည်း သူတို့ တကယ်ပြောင်းလဲချင်ရင် ပြောင်းလဲခွင့်၊ ပြုပြင်ခွင့်ပေးနိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို ပြောပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန့်ကျင်ဘက်ပါတီများ အနေဖြင့်လည်း NLD ပါတီ၏ အုပ်ချုပ်မှုအောက်တွင် လုံခြုံမှုရှိပါလားဟူသော အတွေးမျိုးရှိသည်အထိ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ကိုယ်စားလှယ်များအနေဖြင့်လည်း အရှေ့မှနေသင့်ပါ က အရှေ့တွင်နေပြီး အနောက်မှနေသင့်ပါက အနောက်တွင် နေကြရန်၊ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးများကို အုပ်ချုပ်ရေးပိုင်းမှစ၍ လုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ဒဏ်ပေးခြင်းမဟုတ်ဘဲ ပြုပြင်ရန်အတွက်သာဖြစ်ကြောင်းနှင့် ပြည်သူယုံကြည်မှု ဆုံးရှုံးပါက အဖွဲ့ချုပ်ဆုံးရှုံးမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်(၁) မှ ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်များအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိရန် လိုကြောင်း၊ မိမိ မိသားစုအရေးထက် ပြည်သူလူထုအရေးကို ဦးဆွေးဆံမြေ့ ထမ်းဆောင်ကြရန်နှင့် ပြည်သူလူထုအတွက် လုပ်ဆောင်ပေးသည့် သမိုင်း ကျန်ရှိအောင် လုပ်ဆောင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်များကို မှာကြားခဲ့သည်ဟု သိရသည်။“ပြီးတော့ နေရာဆိုတာက ထိုင်ဖို့ မဟုတ်ဘူး။ ကိုယ့်နေရာလို့ မသတ်မှတ်ပါနဲ့။ အလုပ်လုပ်ဖို့ပဲ  နေရာပေးတယ်ဆိုတာ အန်တီက ပြောပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ပြောကြားသည်။အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက မိန့်ခွန်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ စကားများ၊ မိန့်ခွန်းများတွင် ပြည်သူလူထု တစ်ရပ်လုံးအတွက် အလုပ်အကြွေးပြုရန် တာဝန်ပေးသည့် သဘောတရားကို လေးနက်စွာပြောခဲ့ပြီးဖြစ်သောကြောင့် ဆက်လုပ်ရမည့်လုပ်ငန်းများကို ထိထိမိမိ ခိုင်ခိုင်မာမာ ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်ရန်အတွက် လိုအပ်ကြောင်း ဦးတင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။ 

Most Read

Most Recent