၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအောင်ပွဲသည် အောင်ပွဲရရှိနေပြီဟု မဆိုနိုင်သေးကြောင်းနှင့် တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံး ခံစား၊ စံစားနိုင်ရန် လုပ်ပေးနိုင်မှသာ စစ်မှန်သည့် အောင်ပွဲဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။အဖွဲ့ချုပ်နာယက ဦးတင်ဦးက ဒီဇင်ဘာ ၅ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မေခန်းမတွင် ပြုလုပ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“၁၉၉၀ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဒီနေ့ ၂၀၁၅ ခုနှစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အောင်ပွဲရခဲ့ပြီးဖြစ်တယ်။သို့သော် ဒီအောင်ပွဲသည် အောင်ပွဲရနေပြီလို့တော့ မဆိုနိုင်သေးဘူး။ တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံး ခံစား၊ စံစားနိုင်အောင် လုပ်ပေးနိုင်မှသာ တကယ့်အောင်ပွဲဖြစ်တယ်။ တကယ် အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။ဆက်လက်ပြီး ဦးတင်ဦးက “အရင်တုန်းက ကျွန်တော်တို့ဟာ အတိုက်အခံ သဘောမျိုးအနေနဲ့ဆိုရင် အနှိမ်ခံရတယ်။ ဥက္ကဋ္ဌကိုယ်တိုင် အသက်အန္တရာယ်များစွာ ဖြတ်ပြီးတော့ လာခဲ့ကြရတယ်။ ပင်ပန်းကြီးစွာနဲ့ မိမိရဲ့ မိသားစုရဲ့ အလုပ်ပျက် အကိုင်ပျက် ဆင်းရဲဒုက္ခကြီးမားစွာ ခံခဲ့ကြရတယ်။ အဲဒီတော့ အဲဒီလို ခံခဲ့ကြရတဲ့အားကို အားလုံး အသိအမှတ်ပြုပြီးတော့ ဒီနေ့လုံး ပမ်းခဲ့ကြရတဲ့အတွက် ပြည်သူလူထုဟာ စာနာတယ်။ ထောက်ထားတယ်။ အားကိုးတယ်။ သနားတယ်။ ဒီ အဖွဲ့အစည်းဟာ ငါတို့အမှန်တိုင်း ငါတို့အတူတကွ သွားမယ့်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို သဘောပေါက်တဲ့အတွက် ဒီမေတ္တာကြောင့် အောင်မြင်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။အမှန်တကယ် လုပ်ကိုင်ရမည်ဆိုသည့် စိတ်ဓာတ်၊ တာဝန်ယူရမည်ဆိုသည့် စိတ်ဓာတ်မျိုးနှင့် လုပ်ကိုင်ရန် လိုကြောင်း ဦးတင်ဦးက ကိုယ်စားလှယ်များကို ပြောကြားသည်။“အခုကျွန်တော်တို့ ရှေ့ကို ဆက်သွားတဲ့အခါ ကျွန်တော်တို့သည် ဒီနေ့ လုပ်ကိုင်ကြရမယ့် တာဝန်ယူရမယ့် အဖွဲ့အစည်း ဖြစ်လာတဲ့အတွက် အားလုံးသော အခြားအခြားသော အဖွဲ့အစည်းတွေက ကျွန်တော်တို့တစ်တွေကို မျက်လုံးဒေါက်ထောက်ပြီးတော့ ကြည့်နေမှာ ဖြစ်ပါတယ်။ ဒီအရွေးခံရတဲ့ ကိုယ်စားလှယ် အားလုံးသည် ဘယ်လောက် လုပ်ကိုင်ပေးနိုင်သလဲဆိုတာကို အဲဒီအခါမှာ သေချာကြည့်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးလာမှာဆိုတော့ ကျွန်တော်တို့ ဘယ်လောက်တောင် လုံးပမ်းရမလဲဆိုတာကို အများကြီး သိဖို့လိုပါတယ်”ဟု ဦးတင်ဦးက ကိုယ်စားလှယ်များအား မှာကြားသည်။ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသည် အရင်တုန်းကလို ပေါ့ပေါ့တန်တန် စိတ်ဓာတ်၊ ပေါ့ပေါ့တန်တန် လုံ့လများဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း ဆိုသည်ကို အလေးအနက် ထားစေချင်ကြောင်း နာယက ဦးတင်ဦးက ဆိုသည်။“ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်းပဲ အဖွဲ့ချုပ်ဟာ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အောင်ပွဲခံလိုက်တယ်ပေါ့။ အောင်ပွဲခံတယ် ဆိုတာဟာ ဥက္ကဋ္ဌရဲ့စကားတွေ မိန့်ခွန်းတွေမှာ ပြည်သူလူထု တစ်ရပ်လုံးအတွက် အလုပ်အကျွေး ပြုဖို့အတွက် တာဝန်ပေးတဲ့ သဘောတရားကို လေးနက်စွာ ပြောခဲ့ပြီး ဖြစ်ပါတယ်”ဟု ဦးတင်ဦးက ကိုယ်စားလှယ်များအား ဆက်လက် ပြောကြားသည်။အဖွဲ့ချုပ်နာယက ဦးတင်ဦးက “နောက်တစ်ခုက ဒီထဲမယ် အင်မတန် အရေးကြီးတဲ့အချက်က လူမွေးတာ ဆရာမွေးတာ တပည့်မွေးတာ အဲဒါပျက်စီးရာ ပျက်စီးမယ့် အကြောင်းပဲ။ အရင်တုန်းက အဖွဲ့အစည်းတွေလည်း ဒီလိုပဲ အင်မတန်မှ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း သော်လည်းပဲ ခုနကပြောတဲ့ တပည့်မွေး ဆရာမွေးတဲ့အတွက်ကြောင့် အင်မတန်မှ ခန့်ညားထည်ဝါပြီးတော့ တကယ်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်သွေးစွန့်ခဲ့သည့် ပေးဆပ်ထားတဲ့ အဖွဲ့အစည်းဟာ ဘယ်လိုဘယ်ပုံ ဖြစ်သွားတယ်ဆိုတာ အောက်ခြေမှာ သားတွေရော မယားတွေရော သမီးတွေရော ပြည်သူလူထုကအစ သဘောထားတွေ ကွဲလွဲပြီးတော့ အများကြီး အပျက်ပျက် ဖြစ်ခဲ့ကြတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌပြောခဲ့တဲ့အထဲမှာ အများကြီး လေးလေးနက်နက် သတိထားပြီး လုပ်ရမယ့် အချက်ဖြစ်လို့ ထပ်မံလေးနက်စွာ ပြောတာဖြစ်ပါတယ်”ဟု ကိုယ်စားလှယ်များကို မှာကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မေခန်းမ၌ ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များနှင့် နာဂ၊ ဓနု၊ အင်းသား၊ ပလောင်တို့မှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအောင်ပွဲသည် အောင်ပွဲရရှိနေပြီဟု မဆိုနိုင်သေးကြောင်းနှင့် တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသား ပြည်သူအားလုံး ခံစား စံစားနိုင်ရန် လုပ်ပေးနိုင်မှသာ စစ်မှန်သည့် အောင်ပွဲဖြစ်ကြောင်း NLD နာယက ဦးတင်ဦး ပြောကြား















