အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အထက်မြန်မာပြည် အနိုင်ရ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပျဉ်းမနားမြို့ မေခန်းမ၌ ဒီဇင်ဘာ ၅ ရက် (ယနေ့)တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့၌ အောက်မြန်မာပြည် အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်ရှိသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်များနှင့် နာဂ၊ ဓနု၊ အင်းသား၊ ပလောင်တို့မှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒီဇင်ဘာ ၅ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်သည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကြောင်းကြားစာ၌ အဆိုပါဒေသများမှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့များမှ တစ်ဆင့် ဖိတ်ကြားပေးရန် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မွန်းတည့် ၁၂ နာရီတွင် မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များနှင့် နာဂ၊ ဓနု၊ အင်းသား၊ ပလောင်တို့မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အနိုင်ရ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုဝင်ဘာ ၂၈ ရက်တွေ့ဆုံမှုတွင် လူထုကို ကျေးဇူးဆပ်သည့် အနေဖြင့် အနိုင်ရ ကိုယ်စားလှယ်များ အလုပ်လုပ်ကြရန် လိုကြောင်း၊ အဖွဲ့ချုပ် အလံအောက်သို့ ယုံကြည်ဝင်ရောက်ထားသဖြင့် ရဲဘော်ရဲဘက်စိတ်ထား၍ ဆောင်ရွက်ကြရန်၊ လွှတ်တော်ထဲ၌ အချက်အလက်နှင့် မေးခွန်းများကို မေးမြန်း တတ်ကြရန်နှင့် အခြားသူမေးပြီးသား မေးခွန်းများကို မမေးမိစေရန်၊ ကိုယ်စားလှယ်များ အနေဖြင့် အင်္ဂလိပ်စာ အရည်အချင်း မြှင့်တင်ကြရန်နှင့် အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးကာ ရမှတ်အပေါ် မူတည်၍ နိုင်ငံတကာ လေ့လာရေး ခရီးစဉ်များ စေလွှတ်သွားမည်ဟု မှာကြားခဲ့ကြောင်း တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ အတွက် သင်တန်းများ အမြန်ဆုံး စတင်မည်ဖြစ်ပြီး တိုင်းရင်းသား အရေးနှင့် ငြိမ်းချမ်းရေး ကိစ္စသည် အရေးကြီးသည့် အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ ဦးစွာသင်တန်း ပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ကျေညက်အောင် လေ့လာထားရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာ ဖြတ်တောက်မည် ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ တွေ့ဆုံမှုတွင် အသိပေးခဲ့ကြောင်း သိရသည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
NLD ပါတီသည် မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် လွှတ်တော်သုံးရပ်စလုံး ရာနှုန်းပြည့် ရွေးကောက်ခံခဲ့ရပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအများအပြား ရွေးကောက်ခံ ခဲ့ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပျဉ်းမနားမြို့၌ ယနေ့ တွေ့ဆုံမည်















