၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရ၏ အထူးသံကိုယ်စားလှယ် Mr.Lui Zhenmin သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီက H.E.Mr.Lui Zhenmin(Special Envoy of the Chinese Government Deputy Minister of Foreign Affairs of China) နှင့် အဖွဲ့ဝင် ခြောက်ဦးသည် နေပြည်တော် လွှတ်တော် အဆောက်အအုံရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် (I-12) တွင် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း NLD Chairperson ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ထားပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် နိုဝင်ဘာ ၁၈ ရက်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံမှုအား NLD ၏ သတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့သည် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အဆောင် (I-12) တွင် လာရောက် တွေ့ဆုံခဲ့သည်ဟုသာ ရေးသားထားပြီး တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများကိုမူ ဖော်ပြမထားပေ။
ရွေးကောက်ပွဲ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ပြီဖြစ်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်၌ တရုတ်နိုင်ငံဆင်ဟွာ (Xinhua) သတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့စဉ် ကတည်းက ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအတွက် အင်မတန် သင့်တော်သည်ဟု ထင်မြင်ပြီး ယင်းမူဝါဒကို အောင်အောင်မြင်မြင် ဆက်လက်ပြီး ကျင့်သုံးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းဖော်ပြထားချက်အရ သိရသည်။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရ၏ အထူးသံကိုယ်စားလှယ် ဒီဇင်ဘာ ၄ ရက်က လာရောက်တွေ့ဆုံစဉ် (Photo : NLD Chairperson facebook)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပေါ် ထားရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မူဝါဒနှင့် ပတ်သက်၍ “တရုတ်ပြည်ဆိုတာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးက သိပြီးသားပါပဲ။ အိမ်နီးချင်းနိုင်ငံများရဲ့ ဆက်ဆံရေး ဆိုတာဟာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီးပိုပြီး သိမ်မွေ့ပါတယ်။ သိမ်မွေ့တဲ့ အလျောက် ကျွန်မတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့ အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန်၊ ထိထိရောက်ရောက်၊ တိတိကျကျ ဆက်ဆံသွားမှာပါ။ မိတ်ဖြစ်ဆွေဖြစ် ဆိုတာ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
တရုတ်အစိုးရသည် ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်က မြန်မာအစိုးရကို ကမ္ဘာ့ဇာတ်ခုံ အလယ်တွင် ကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများကို အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
သို့ရာတွင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တရုတ်အစိုးရနှင့် သာမက အမေရိကန် အပါအဝင် အနောက် နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာသည့်အတွက် တရုတ်အစိုးရသည် ယခင်က အစိုးရနှင့်သာ ထိတွေ့ဆက်ဆံခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အပါအဝင် အခြားနိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခဲ့သည့် တရုတ်အစိုးရ၏ အထူးသံကိုယ်စားလှယ် Mr.Lui Zhenmin သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကိုလည်း တွေ့ ဆုံခဲ့ကြောင်း သိရသည်။















