နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေး

နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေး
Published 2 December 2015
နေရိုင်း၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဒီဇင်ဘာ ၂ ရက်က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။နံနက် ၉ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ  တွေ့ဆုံဆွေးနွေးခဲ့မှုတွင်  ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့်  ဥပဒေပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ ကတိပေးထားသည့်အတိုင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့်အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်  (Photo: NLD Chairperson Facebook)ထို့ပြင် နိုင်ငံတော်သမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ခေါင်းဆောင်နှစ်ဦး ဆွေးနွေးရာတွင် နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာမရှိခဲ့သေးသည့် နိုင်ငံတော်အကြီးအကဲတာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခုကို ထူထောင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။မွန်းလွဲ ၂ နာရီမှ  ၃ နာရီ အထိ  တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စများကို နှစ်ဦး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်းနှင့် ကောင်းမွန်သည့် ဆွေးနွေးမှုရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများကို ပြောကြားသည်။“ကျွန်တော်တို့ နှစ်ယောက် တိုင်းပြည်အတွက် အကျိုးရှိတဲ့ဟာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်”ဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖြေကြားသည်။ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကားပေါ်မှတစ်ဆင့် “ကောင်းမွန်တဲ့ ဆွေးနွေးမှုရရှိပါတယ်”ဟု မီဒီယာများအား ဆက်လက်ပြောကြားသည်။နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါကြောင်း Senior General Min Aung Hlaing facebook  စာမျက်နှာတွင် ထုတ်ပြန်ဖော်ပြထားသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည့် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမသို့  ၁၀ မိနစ်ခန့် စောရောက်ရှိခဲ့ပြီး  ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် တံခါးပေါက်ဝအနီးသို့ လာရောက်ကာ ကြိုဆိုခဲ့သည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားဆီသို့ လိုက်ပါပို့ဆောင်ကာ လက်ပြနှုတ်ဆက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်၏ ကားဆီသို့ လိုက်ပါပို့ဆောင်ကာ လက်ပြနှုတ်ဆက်စဉ် (Photo: - Senior General Min Aung Hlaing facebook)ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုသည် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုခဲ့ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။အဆိုပါတောင်းဆိုမှုတွင် “ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်းမှန်ကန်စွာ အကောင်အထည်ဖော်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်  ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်းအေးချမ်းရေးအတွက် လွန်စွာအရေးကြီးကြောင်း၊ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း၊ လာမည့်အပတ်အတွင်း အဆင်ပြေသည့်အချိန်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံကြောင်း” တစ်ဦးချင်းစီသို့ ဒေါ်အောင်ဆန်းစုကြည်က စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒီဇင်ဘာ ၂ ရက် တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံး သီးခြားတွေ့ဆုံမှုဖြစ်ပြီး ယခင်က ပြုလုပ်ခဲ့သည့် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများတွင်သာ တွေ့ဆုံခဲ့ဖူးသည်။နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် အစိုးရအား အေးချမ်းညင်သာစွာ အာဏာလွှဲပြောင်းနိုင်မည့်ကိစ္စအား နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီမှုရရှိခဲ့ကြောင်း တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများအား ပြန်လည်ရှင်းလင်းသည်။ထို့ပြင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးတစ်ဦး အနေဖြင့်ရော၊ အစိုးရအဖွဲ့အနေဖြင့်ရော အာမခံနိုင်သည်ဟု ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။ဦးကျော်စွာမင်း (သတင်းစာဆရာများအသင်း) က“အခုလို တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကမ်းလှမ်းပြောဆိုမှုများ ရှိခဲ့ပါသလား။ ဥပမာအားဖြင့် နောက်အစိုးရသစ်လက်ထက်မှာ လက်ရှိ ဝန်ကြီးတွေပါဝင်ဖို့ ကမ်းလှမ်းတာမျိုး ထည့်သွင်းဆွေးနွေးခဲ့ပါသလား”ဟု မေးမြန်းခဲ့သည်။အဆိုပါမေးမြန်းမှုအား “ခင်ဗျားပြောသလို အဲဒီလိုမျိုး နာမည်တွေ ထည့်သွင်းမဆွေးနွေးပါဘူး။ အခုဆွေးနွေးတာက ကျွန်တော်တို့ နှစ်ဖက်ဆွေးနွေးတာက အသွင်ကူးပြောင်းရေးကို လုပ်တဲ့အခါမှာ ဘယ်လိုပုံစံနဲ့ ချဉ်းကပ် လုပ်ဆောင်မလဲဆိုတဲ့ဟာကိုပဲ အမြင်ချင်း ဖလှယ်ကြတာပါ။ ဆွေးနွေးတာကတော့ အားလုံးနွေးနွေးထွေးထွေး ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ရှိပါတယ်”ဟု ဦးရဲထွဋ်က ဖြေကြားသည်။မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်က“အာဏာလွှဲပြောင်းရာမှာ ပြည်သူများ စိုးရိမ်ပူပန်မှုများ မဖြစ်ဘဲ ငြိမ်းချမ်းစွာလွှဲပြောင်းနိုင်မယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေနဲ့ရော၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေနဲ့ရော အာမခံနိုင်ပါသလား”ဟု မေးမြန်းချက်ကို “ကျွန်တော်တောင် အာမခံစရာ မလိုပါဘူး။ နိုင်ငံတော်သမ္မတကြီးက သူ့ရဲ့မိန့်ခွန်းမှာရော၊ နိုင်ငံတကာကို ဖြေဆိုရာမှာရော၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခြေအနေမှာရော၊ နိုင်ငံတကာမှာရော၊ အာဆီယံအစည်းအဝေးမှာရော ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကိုက ရွေးကောက်ပွဲတစ်ခုကနေ အနိုင်ရလာတဲ့ အစိုးရတစ်ရပ်က နောက် ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အစိုးရတစ်ရပ်ကို ချောချောမွေ့မွေ့ အေးအေးချမ်းချမ်း လွှဲပေးခဲ့တယ်ဆိုတဲ့ အစဉ်အလာ လုံးဝမရှိသေးဘူး။ အဲဒီအစဉ်အလာကို မဖြစ်ဖြစ်အောင် ကျွန်တော်တို့လုပ်မယ်။ ဒါဟာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးရဲ့ အဆုံးသတ်အောင်ပွဲလည်း ဖြစ်တယ်။ ဒီကနေ့မှာလည်း ခေါင်းဆောင်နှစ်ယောက် သဘောထားဖလှယ်တဲ့အခါမှာလည်း ဒီအချက်ကို သဘောတူတယ်။ သမ္မတကြီးကလည်း ကတိပြုသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုအစဉ်အလာကောင်းမျိုးဟာ နိုင်ငံအတွက် လိုတယ်၊ ဒီမိုကရေစီနုနယ်တဲ့နိုင်ငံမှာ ဒီလို အစဉ်အလာကောင်းကို ဝိုင်းပြီးတော့မှ တည်ဆောက်ဖို့လိုတယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း အာမခံတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့လည်း အာမခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း ဒီလိုအစဉ်အလာမျိုးလုပ်ဖို့ ဆိုပြီးတော့ ဒီနေ့သဘောတူတယ်” ဟု ပြန်လည်ဖြေကြားသည်။ဦးအောင်လှထွန်းက “အခုနိုင်ငံရေး အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်နေတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီအပေါ်မှာ ဝန်ကြီးရဲ့သဘောထား သိချင်ပါတယ်”ဟု မေးမြန်းခဲ့သည်။အဆိုပါမေးမြန်းမှုအား ဦးရဲထွဋ်က“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တကယ်လည်း အနားယူသွားခဲ့ပါပြီ။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအဖွဲ့က ရွေးကောက်ပွဲကျင်းပတဲ့အခါမှာရော၊ အေးချမ်းစွာ တာဝန်လွှဲပြောင်းပေးဖို့ ဆောင်ရွက်တဲ့နေရာမှာရော၊ ကျွန်တော်တို့အစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း ပါဝင်ခြင်း မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေးက ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တယ်ဆိုတာက သူ့သဘောနဲ့သူ သွားတွေ့တာပါ။ သွား တွေ့တယ်ဆိုတာတောင်မှ အင်တာနက်မှာပါမှ ကျွန်တော်တို့သိတာလေ”ဟု ပြန်လည် ဖြေကြားသည်။ယခုဆွေးနွေးမှုသည် တာဝန်လွှဲပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် ရှိကြောင်း၊ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအတွက် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ရင်ကောင်းမလဲ၊ လွှဲပြောင်းသည့်အဆင့်ကို မည်ကဲ့သို့ လုပ်ရင်ကောင်းမလဲ၊ ထိုကဲ့သို့ကိစ္စမျိုးကို အမြင်ချင်းဖလှယ်ကြခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းလင်းခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-မျိုးမင်းထက်)ဦးမောင်ပိုင်က “နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည့်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသလား”ဆိုသည့် မေးမြန်းချက်အပေါ်တွင် ဦးရဲထွဋ်က“ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးနဲ့ လည်းတွေ့မယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့မယ်ဆိုတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်တာပေါ့။ ဒါကတော့ ကျွန်တော်က ခန့်မှန်းကြည့်တာပါ။ တကယ်တွေ့မှာက ဒေါ်အောင်ဆန်းစုကြည်ဆိုတော့ သူပဲသိမှာပေါ့”ဟု ဖြေကြားသည်။နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲ အနိုင်ရပါတီဥက္ကဋ္ဌအကြားတွင် ဆက်သွယ် ဆက်ဆံမှုများရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတဘက်မှ ဆက်သွယ်ဆက်ဆံမည့်သူသည် ဦးရဲထွဋ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါက်တာတင်မာအောင်ဖြစ်ကြောင်း၊ နှစ်ဖက်ဆက်သွယ် ဆက်ဆံမှုများရှိနေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။ 

Most Read

Most Recent