အစိုးရက ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲ ဖမ်းဆီးခံရသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတိုင်း အပြစ်မရှိ၍ လွတ်မြောက်သွားသည်ဟု မရှိကြောင်း ပုဒ်မမျိုးစုံဖြင့် တရားစွဲ ဖမ်းဆီးခံထားရသော ဗကသ ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်က ပြောကြားသည်။ဒီဇင်ဘာ ၁ ရက်က ကိုလင်းထက်နိုင်ကို ကမာရွတ်တရားရုံးတွင် စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး မတ် ၆ ရက်က ကမာရွတ်မြို့နယ်၊ လှည်တန်းတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်ကို အကြမ်းမဖက်ရန် ဆန္ဒပြခဲ့မှုကို ကမာရွတ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ယင်းရုံးချိန်းတွင် ကိုလင်းထက်နိုင်က ယခုကဲ့ သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။“အစိုးရက ဖမ်းလိုက်ပြီးပြီဆိုရင် နိုင်ငံရေးသမားတွေကို အမှုတွေမျိုးစုံ တပ်တော့တာပဲ။ ကျွန်တော်တို့ ကျောင်းသားတွေမှ မဟုတ်ပါဘူး။ အခုဆို ဒေါ်နော်အုန်းလှကို ရုံးထုတ်တယ်လို့လည်း ကြားရတယ်။ဘယ်မှာ ရုံးထုတ်လည်းတော့ မသိဘူး။ သူ့ဆိုလည်း ပုဒ်မ ၅၀၅(ခ)တို့ တပ်မယ်။ အရင်တုန်းကဖြစ်ရပ်တွေကိုလည်း ပြန်စွဲတာတွေလုပ်မယ်။ ဒါက အစိုးရရဲ့ထုံးပဲ။ နောက်ပြီး စွဲသမျှအမှုတိုင်းဟာလည်း ဘယ်တော့မှ အပြစ်မရှိဘူးဆိုတာ မရှိဘူး။ ပုဒ်မတွေ မျိုးစုံတပ်မယ်။ ထောင်ချလိုက်မယ်။ဒါ အစိုးရအဆက်ဆက်ရဲ့ထုံးစံပဲ။ အဲဒီတော့ ကျွန်တော်တို့လက်ထဲမှာမရှိတဲ့ အရာတွေအတွက်လည်း မမျှော်လင့်ဘူး။ ဆိုပါတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့။နိုင်ငံရေးအကျဉ်းသားဆိုတာ ပြင်ဆင်ပြီးသားပါ။ ယုံကြည်ချက်ကြောင့် လုပ်နေတာ။ အဲဒီအတွက်ကြောင့် ဒီလိုပုဒ်မတွေ တိုးတိုး၊ မတိုးတိုး ကျွန်တော်တို့အတွက်တော့ သိပ်အရာမထင်လှပါဘူး။ ဒါပေမဲ့အစိုးရအတွက်တော့ နာမည်ဆိုးတွေ တိုးစေတာပေါ့ဗျာ”ဟု ၎င်းက ပြောကြားသည်။အဆိုပါရုံးချိန်းတွင် ကိုလင်းထက်နိုင်၏ ရှေ့နေမှာ နေမကောင်းသဖြင့် ပါဝါလွှဲထားကာ ရမန်ထပ်ယူခဲ့ပြီး ရုံးချိန်းမစစ်ဆေးနိုင်ခဲ့ဘဲ ဒီဇင်ဘာ ၈ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။ထို့ပြင် ဗကသ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ ပိုပို (ခေါ်) ရတနာစုပိုလှိုင်၊ ဝန်းရံပြည်သူ ကိုဝင်းကျော့မှူး၊ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်းတို့အား ကမာရွတ်ရဲစခန်းမှပင် ပုဒ်မ ၁၄၃၊၁၄၅၊ ၁၄၇၊ ၅၀၅(ခ) ငြိမ်းစုစီဥပဒေပုဒ်မ ၁၈တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသေးကြောင်း သိရပြီး ယင်းအမှုကို ဒီဇင်ဘာ ၄ ရက်တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အစိုးရက ပုဒ်မမျိုးစုံတပ်၍ တရားစွဲဖမ်းဆီးခံရသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတိုင်း အပြစ်မရှိ၍ လွတ်မြောက်သွားသည်ဟု မရှိကြောင်း ဗကသကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ပြောကြား















