တနင်္သာရီမြစ်၀ ကျောက်မီးသွေးသုံး စက်ရုံအား အကောင်ထည်ဖော်ရန် ကြိုးစားနေသည့် ကုမ္ပဏီများအား ထိုင်းနိုင်ငံရှိ EGAT က သတိပေးနေပြီး မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများကလည်း စီမံကိန်းအား ရှေ့ဆက်တိုးလာပါက မည်သည့် အစိုးရတက်တက် ပြင်းထန်စွာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြစ်ဝ၊ မော်ကြီးဒေသ၊ မွေးရှောင်ရွာတွင် အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် ၂၆၄၀ မီဂါဝပ် ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကြီးအား အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်နှင့် ဒေသခံများက ကန့်ကွက်ထားကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံရှိကာ ထိုင်းနိုင်ငံမှ Ratchaburi Electricity Gen- erating Holding Public Co.,Ltd, Blue Energy & Enviroment Co.,Ltd တို့က အဓိက ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဗင်းန်တေ့ချ်ကုမ္ပဏီနှင့် ကျော်ကျော်ဖြိုး ကုမ္ပဏီတို့ ပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။
စီမံကိန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများအပေါ် ထိုင်းနိုင်ငံရှိ EGAT ( Electricity Generating Authority of Thailand) မှ ယခုလအတွင်း ဘန်ကောက်မြို့တွင် ခေါ်ယူသတိပေးခဲ့ပြီး ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းအနေဖြင့် ယခုကဲ့သို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရပါက စီမံကိန်းအား ရပ်တန့်မည် ဖြစ်ကြောင်း သတိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အစိုးရ အပြောင်းအလဲ ဖြစ်နေတဲ့ကာလမှာ ဘာစီမံကိန်းမှ လက်မှတ်မထိုးသင့်ဘူး။ ပြည်သူလူထု မလိုလားတဲ့၊ ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ စီမံကိန်းတွေကို ခွင့်မပြုပေးသင့်ဘူး။ အထူးသဖြင့် ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းကို ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အပြင်းအထန် ကန့်ကွက်နေတဲ့အတွက် လုံး၀ ခွင့်မပြုပေးသင့်ဘူး။ ဘယ်အစိုးရတက်တက် ပြည်သူလူထု ဒုက္ခ ရောက်မယ့် ကျောက်မီးသွေးသုံး စီမံကိန်းတွေနဲ့ပတ်သက်ပြီး ခွင့်ပြုလာရင်တော့ အပြင်းအထန် ကန့်ကွက်သွားမယ်”ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ကိုလှမော်က ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် ကြီးမားသော လျှပ်စစ်စွမ်းအင် လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် တနင်္သာရီမြစ်ဝတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ လျှပ်စစ်ရေးရာ အဖွဲ့အစည်း EGAT မှ ကုမ္ပဏီများကို ဖိအားပေးသည့် အနေဖြင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်းဖြစ်ကာ စီမံကိန်းအား အမြန်ဆုံး အကောင်ထည် ဖော်ရန်နှင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါက စီမံကိန်းအား ရပ်တန့်ပစ်မည်ဖြစ်ကြောင်း ခေါ်ယူသတိပေး ခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရသည်။
“တနင်္သာရီမြစ်ဝက မြို့သုံးမြို့ဆုံတဲ့ နေရာမှာ ရှိနေတယ်။ ဒီဘက်မှာက မြိတ်မြို့နယ်၊ တစ်ဖက်ကမ်းမှာက ကျွန်းစုမြို့နယ်၊ အရှေ့ဘက်မှာက တနင်္သာရီမြို့နယ် ဖြစ်နေတယ်။ သဘာ၀ သယံဇာတတွေ အများကြီးရှိနေတဲ့အတွက် လုံး၀ အထိခိုက် မခံနိုင်ဘူး။ တနင်္သာရီမြစ်က အက်ဒမန် ပင်လယ်ထဲကို စီးဝင်နေတာဖြစ်ပြီး ဒေသအတွက် စားနပ်ရိက္ခာတွေအပြင် ကမ္ဘာ့စားနပ်ရိက္ခာတွေပါ ထိခိုက်မယ်။ ဒီစီမံကိန်းမှာ ဂျပန်က နောက်ကွယ်မှာ ရှိနေမယ်လို့ ကျွန်တော် သုံးသပ်ထားပါတယ်။ ငါးမီဂါဝပ်လောက်ပဲ ထုတ်မယ့် ကျောက်မီးသွေးသုံး စက်ရုံတစ်ခုဟာ တစ်နှစ်မှာ ရေဂါလန် သန်း ၈၀ အသုံးပြုရမယ်ဆိုတော့ ဒီ ၂၆၄၀ မဂ္ဂါဝပ် အတွက် အသုံးပြုရမယ့် ရေအရင်းအမြစ်တွေအတွက် စဉ်းစားသာ ကြည့်ပါတော့ တစ်ရွာ၊ နှစ်ရွာ ကန့်ကွက်နေတဲ့ စီမံကိန်း မဟုတ်ပါဘူး။ ဒေသခံအားလုံး ကန့်ကွက်နေတဲ့ စီမံကိန်းတစ်ခုပါ”ဟု Green Network ( Mergui Archipelago) အဖွဲ့ဥက္ကဋ္ဌ ဦးပိုအင်က ပြောကြားသည်။
တနင်္သာရီမြစ်၀ ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ကုမ္ပဏီများမှ ဒေသခံလူထုနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သလို ထိုင်းနိုင်ငံမှ မီဒီယာများကလည်း ဒေသခံများထံ တိုက်ရိုက်လာရောက်ကာ တွေ့ဆုံ သတင်းယူခဲ့ပြီး တွေ့ဆုံမှု ပြုလုပ်သည့်အချိန်တိုင်းတွင် ဒေသခံများက ကျောက်မီးသွေးသုံး စက်ရုံ အလိုမရှိကြောင်း ပြောကြားခဲ့သလို ကန့်ကွက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒေသခံတွေ သဘောမတူရင် မပြုလုပ်သင့်ပါဘူး။ ကုမ္ပဏီတွေက စာချုပ်စာတမ်းတွေ၊ သဘောတူညီမှုတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြတာမရှိဘူး။ အရပ်သား ပညာရှင်များနဲ့ ခေါ်ယူဆွေးနွေးဖို့ ကမ်းလှမ်းတိုင်းမှာလည်း လက်ခံခဲ့ခြင်း မရှိပါဘူး။ ထိုင်းနိုင်ငံက လျှပ်စစ်လိုအပ်ချက်ကို ကျွန်တော်တို့ ဒေသခံတွေက စတေးပြီး ပေးရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ရှေ့ဆက်တိုးလာရင်တော့ ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ကန့်ကွက်သွားမှာပါ”ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ကိုအောင်နိုင်ဦးက ပြောကြားသည်။
လက်ရှိ တနင်္သာရီမြစ်၀ ကျောက်မီးသွေးသုံး စီမံကိန်းအား ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်ထားသောကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖစ် နေကာ နောက်တက်လာမည့် အစိုးရအနေဖြင့်လည်း ဒေသခံများ မလိုလားသည့် စီမံကိန်းများအား ခွင့်မပြုပေးရန် လိုမည်ဖြစ်ကြောင်း မွေးရှောင်ရွာ ဒေသခံတစ်ဦးက ဆိုသည်။
တနင်္သာရီမြစ်၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် MOU လက်မှတ် ရေးထိုးပေးထားခဲ့ပြီး ယခုအခါ MIC စားပွဲပေါ်သို့ ရောက်ရှိနေကြောင်း သိရသည်။
တနင်္သာရီမြစ်၀ ကျောက်မီးသွေးသုံး စက်ရုံအား အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် ကုမ္ပဏီများကို ထိုင်းနိုင်ငံက သတိပေးနေပြီး မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများကလည်း စီမံကိန်းအား မည့်သည့်အစိုးရ တက်တက် ကန့်ကွက်မည်ဟု သိရ















