ကလေးစစ်သား ၅၃ ဦးအား တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု

ကလေးစစ်သား ၅၃ ဦးအား တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု
Published 30 November 2015
အိသဉ္ဖာကျော်

အစိုးရက တပ်မတော်တွင် အရွယ်မတိုင်မီ စစ်မှုထမ်းနေသည့် ကလေးသူငယ် ၅၃ ဦးကို နိုဝင်ဘာ ၃၀ ရက်က ထပ်မံ နုတ်ထွက်ခွင့် ပြုခဲ့ပြီး ယခုနှစ်အတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းနေသည့် ကလေးသူငယ်ပေါင်း ၁၄၆ ဦးအထိ နုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်နေမှုအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အဆိုပါ စာချုပ်သည် ကလေးသူငယ်များအား တပ်မတော်မှ ခေါ်ယူစုဆောင်း အမှုထမ်းစေခြင်းမှ ကာကွယ်ရာတွင် အား ကောင်းလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် အခြားသော ပြဋ္ဌာန်းချက်များ အပါအဝင် တပ်မတော်တွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းရာ၌ အနည်းဆုံးအသက် ၁၈ နှစ် ဖြစ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်များကို ပိုမို အားကောင်းလာစေမည် ဖြစ်ကြောင်း သိရသည်။
ယင်းစာချုပ်အရ စစ်မှုထမ်းများမှ ဖြစ်စေ၊ အရပ်သားများမှဖြစ်စေ ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်းများ ကျူးလွန်ပါက ပြစ်ဒဏ်ပေးခြင်းနှင့် တရားဥပဒေအရ အပြစ်ပေး ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြဋ္ဌာန်းမှုများ ပြုလုပ်ရန်အပါအဝင် ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းများအားလုံးမှ ကာကွယ်နိုင်ရန် မြန်မာနိုင်ငံက လိုအပ်သည့် ဆောင်ရွက်မှုများကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက် အထိ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Leila Zerrougui ပထမဦးဆုံး အကြိမ် လာရောက်ခဲ့ပြီး တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် ကလေးသူငယ်များအပေါ် လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှု အခြေအနေကို သိရှိရန်နှင့် ကလေးသူငယ်များ တပ်သားအဖြစ် စုဆောင်း အသုံးပြုမှုကို အဆုံးသတ်ရန် အစိုးရမှ ၂၀၁၂ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု စီမံချက် အစီရင်ခံစာ၏ တိုးတက်မှုအခြေအနေကို ကြည့်ရှုလေ့လာရန် ဖြစ်ကြောင်းနှင့် ခရီးစဉ်အတွင်း နေပြည်တော်၊ မန္တလေးနှင့် မြစ်ကြီးနားမြို့များသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၇ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့အား ကုလသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ချုပ်ထံ တင်သွင်းသည့် ပဋိပက္ခအတွင်း ကလေးစစ်သား ခေါ်ယူစုဆောင်း အသုံးပြုသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်းနှင့်၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ တပ်မတော်သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် လုပ်ငန်း ဆောင်ရွက်မှုစီမံချက်ကို စတင် သဘောတူ လက်မှတ်ထိုးပြီးသည့်အချိန်မှ လက်ရှိအချိန်အထိ ကလေးသူငယ်များအား လက်နက်ကိုင် အဖွဲ့အစည်းများတွင် ခေါ်ယူစုဆောင်း အသုံးပြုမှုကိုအဆုံးသတ်ရန် တပ်မတော်တွင် စစ်မှုထမ်းနေသည့် အရွယ်မရောက်သူ ကလေးသူငယ်နှင့် လူငယ်စုစုပေါင်း ၆၀၀ ကျော်ကို နုတ်ထွက်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ယူနီဆက်ဖ်မှ ထုတ်ပြန်ထားသည်။
 

Most Read

Most Recent