မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံကြား နှစ်နိုင်ငံ သဘောတူစာချုပ်အရ မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ဗဟိုဌာန (IBC) ၌ ကျင်းပသည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့် (မူကြမ်း)နှင့် ပတ်သက်သည့် ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။“နော်ဝေနှင့် မြန်မာနိုင်ငံဟာဆိုရင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းအတွက် နှစ်နိုင်ငံ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ၂၀၁၅- ၂၀၁၈ အတွက် ဖြစ်ပါတယ်။ အဲဒါအတွက် ပရောဂျက် သုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲဖို့အတွက် ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို အခုစတင် လုပ်ဆောင်နေပါပြီ”ဟု နော်ဝေနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ သဘောတူစာချုပ်အရ servation of Biodiversity and Improved Management of Protected Areas နှင့် Inte- grated Water Resource Management-Institutional Building and Training လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ လုပ်ငန်းစဉ်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် နော်ဝေနိုင်ငံမှ အေဂျင်စီနှစ်ခုဖြစ်သည့် SINTEF နှင့် NEAတို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။“ECDနဲ့ ပူးပေါင်းဆောင်ရွက် မှုမှာဆိုရင် ကျွန်မတို့နော်ဝေဘက်ကနေ အေဂျင်စီ နှစ်ခုရှိပါတယ်။ တစ်ခုက SINTEF ဖြစ်ပါ တယ်။ SINTEF ကတော့ နည်းပညာအပိုင်းကို အဓိက လုပ်ပေးမှာ ဖြစ်ပါတယ်။နောက်တစ်ခုက နည်း ပညာနဲ့ဌာနဆိုင်ရာ အပိုင်းဖြစ်ပါတယ်။ အဲဒါကိုတော့ နော်ဝေက NEA ကနေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ NEA ဟာဆိုရင် နော်ဝေမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အေဂျင်စီဖြစ်ပါတယ်။ သူက ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့အောက်မှာ ရှိပါတယ်။ သူက ECD နဲ့ပေါင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေ တောက်လျှောက်မှာ ကျွန်မတို့ Capacity Building Activities တွေကိုလည်း အများကြီး လုပ်ဆောင်သွားမှာပါ”ဟု နော်ဝေမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။နော်ဝေအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အပိုင်းလိုက် အဓိကကျသည့် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ နှင့်ပတ်သက်၍ မည်ကဲ့သို့ လုပ်ဆောင်နေသည်ကိုလည်း စာရင်းကောက် ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ-နော်ေ၀ နှစ်နိုင်ငံ သဘောတူစာချုပ်အရ မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်















