သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍများအတွက် စီမံကိန်းလုပ်နေသည့် နေရာတိုင်းတွင် စီမံကိန်းကို အကြောင်းပြကာ သစ်တောများ အပြောင်ရှင်းထုတ်နေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်၌ ဆွေးနွေးပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“သစ်တောနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွေမှာ စီမံကိန်းလုပ်တဲ့ နေရာတိုင်းမှာ စီမံကိန်းကို အကြောင်းပြပြီးတော့ သစ်တောတွေ အပြောင်ရှင်းထုတ်နေတာ ရေပေါ်၊ ရေအောက် သယံဇာတတွေ တဖြည်းဖြည်း ပျက်စီးဆုံးရှုံးလျက်ရှိတာတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် တိုးမြှင့်ပြီး လုပ်ဆောင်နေတာကြောင့် ချင်းတွင်းမြစ်တစ်ခုလုံး တိမ်ကောလာပြီးတော့ ခန္တီးခရိုင်ဒေသကြီး တစ်ခုလုံးမှာဆိုရင် တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းတွေ များပြားလာတာကြောင့် တောတောင်တွေ ပျောက်ကွယ်ပြီး ဂေဟစနစ် ပျက်စီးမှုတွေ၊ တစ်နိုင်ငံလုံး ရေကြီးရေလျှံမှု ဖြစ်လာတာတွေဟာ ထိရောက်တဲ့ အုပ်ချုပ်မှုစနစ်မရှိခြင်းနဲ့ စနစ်တကျစီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းလို့ ဆိုနိုင်ပါတယ်”ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ထို့ပြင် စက်မှုကဏ္ဍနှင့်ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက ပင်းပက်၊ မြင်းခြံ သံမဏိစက်ရုံများမှ စီမံကိန်းများသည် စက်ရုံတည်ဆောက်ရေးသာ ပြီးစီးမှုဖြစ်ပြီး ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု အမှန်တကယ်မရှိသေးသည့် အခြေအနေတွင် ရှိနေကြောင်း၊ ကော့စတစ်ဆိုဒါ စက်ရုံဆိုပါက စက်ရုံကြီးတစ်ခုလုံး ပြီးစီးရန် မဆောက်နိုင်သေးသည့် အခြေအနေတွင်ရှိကြောင်း၊ စက်မှုလက်မှုကဏ္ဍ၏ GDP ရည်မှန်းချက် ၉၅ ဒသမ ၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်သည်ဆိုသည်မှာ မှားသည်ဟု ဆိုနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။
အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုကို ဖော်ပြထားရာ၌ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် စွမ်းရည်ပြည့် အကောင်အထည်ဖော်ခြင်းဟု ဖော်ပြထားသော်လည်း အမှန်တကယ် ကဏ္ဍအားလုံးကို လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဥပမာအား ဖြင့် လက်ရှိအချိန်ထိ လယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ (၇) ထုတ်ပေးရန်မှာ စားကျက်မြေအား လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်ကိစ္စများတွင် တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်များသည် ယခုအချိန်ထိ ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်း၊ တာဝန်ယူခဲ့ခြင်းမရှိသေးကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“ငွေရေးကြေးရေးကဏ္ဍမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ဒုတိယခြောက်လပတ်တွင် ပျမ်းမျှ ၁၀၂၃ ကျပ်အထိ ဖြစ်ပေါ်ခဲ့ခြင်းမှာ သွင်းကုန်အတွက် ဒေါ်လာဝယ်လိုအား မြင့်တက်လာခြင်းနဲ့ နိုင်ငံတကာမှာ အမေရိကန် ဒေါ်လာတန်ဖိုး ပိုမိုခိုင်မာလာကြောင်းဟု ဖော်ပြထားသည်မှာ လွဲမှားနေသည်ဟု ထင်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးများ ကျဆင်းလာရခြင်းသည် ဗဟိုဘဏ်၏ စွမ်းဆောင်ရည် လျော့နည်းလာခြင်း၊ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မရှိခြင်း၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မသုံးနိုင်ခြင်း၊ ပို့ကုန်ထက် သွင်းကုန်ပမာဏက ပိုမိုများပြားနေခြင်းတို့ ဟာ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အဓိကအကြောင်းအရင်း ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် စီမံကိန်းများ နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ရာတွင် ပထမခြောက်လပတ်၌ ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းအရ ၂၂၃၄၄ ဒသမ ၃ ဘီလျံ အကောင်အထည်ဖော်နိုင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ဒုတိယခြောက်လပတ်တွင် ၄၃၀၉၂ ဒသမ ၈ ဘီလျံ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၀ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။
သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍများအတွက် စီမံကိန်းလုပ်နေသည့် နေရာတိုင်းတွင် စီမံကိန်းကို အကြောင်းပြကာ သစ်တောများ အပြောင်ရှင်းထုတ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ပြောကြား















