ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်နေသော ကုမ္ပဏီများမှ စက်ယန္တရားအင်အား မည်မျှအသုံးပြုကာ ကျောက်တူးဖော်နေသည်ကို အစိုးရအဖွဲ့အနေဖြင့် မသိရှိကြောင်း စွန့်ပစ်မြေစာပုံပြိုကျမှုြ ဖစ်ပေါ်သည့်နေရာအား ကြည့်ရှုရန် ဖားကန့်သို့ ရောက်ရှိလာသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။နိုဝင်ဘာ ၂၅ ရက် နံနက်က ဖားကန့် မြို့နယ် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဝန်ကြီးချုပ်နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ၊ ဒေသခံများနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် ဝန်ကြီးချုပ်က အထက်ပါ စကားအား ပြောကြားခဲ့ခြင်းဖြစ်သည်။“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း အတိအကျမသိပါဘူး။ ကျွန်တော်တို့ အစိုးရ မတိုင်ခင်ကတည်းက ဖားကန့်မှာ ယန္တရားတွေက တောက်လျှောက် သွင်းလာတာ။ တစ်နှစ်တစ်နှစ် ဝင်လာတဲ့ ယန္တရားတွေ ကလည်း မနည်းဘူး။ တချို့ယန္တရားတွေက ပျက်စီးလို့ ပုံထားတာတွေလည်း ရှိတယ်။ ဒီအချိန်မှာ ယန္တရားစာရင်းကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ နှစ်ပေါင်းများစွာ လုပ်လာတဲ့ဟာတွေဆိုတော့ သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့လည်း မသိနိုင်သေးဘူး။ ဒါပေမဲ့ အခုကစပြီး စာရင်းကောက်ထားဖို့လိုတယ်” ဟု ပြောကြားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ သတ္တု တွင်း ဝန်ကြီးဌာနမှ မန်နေဂျင်းဒါရိုက်တာက “တိတိကျကျတော့ ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ လက်ရှိမှာ စက်ယန္တရားတွေကို ဘယ်လိုထိန်းချုပ် ကန့်သတ်မလဲ ဆိုတာကလည်း ရောက်ပြီးသား အနေအထားတွေဖြစ်နေတယ်။ အဲဒီတော့ ရှေ့ဆက်တဲ့ အနေအထားမှာ ကျောက်မျက် တူးဖော်မှုတွေလုပ်တဲ့အခါ မြေပြင်ရဲ့အနေအထားကို မူတည်ပြီးတော့ ပိုမိုခေတ်မီတဲ့ နည်းပညာမြင့်တဲ့ စက်ယန္တရားတွေ သုံးရတယ်ဆိုတာကလည်း သဘောတရားတစ်ခုရှိပါတယ်။ ကျွန်တော်တို့ တူးဖော်ကြတဲ့အခါမှာ မြေအောက်အနက်တွေ ပိုမိုနက်လာတယ်။ မြေစာပုံရတဲ့နေ ရာတွေက ပိုမိုဝေးလာတဲ့အချိန်မှာ ပိုမိုခေတ်မီတဲ့ စက်ယန္တရားတွေ သုံးစွဲဖို့ လိုအပ်ပါတယ်။ သို့သော် လိုအပ်တဲ့ စက်ယန္တရားအရေအတွက်နဲ့ ထိန်းချုပ်ကန့်သတ်မှုကိုတော့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ကျွမ်းကျင်သူများနဲ့ တိုင်ပင် လုပ်ဆောင်သွားဖို့တော့ အစီအစဉ်ရှိပါတယ်” ဟု ပြောကြားသည်။ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီကြီးများမှ စက်ယန္တရားအမြောက်အမြား အသုံးပြုကာ အလွန်အကျွံ ကျောက်မျက်တူးဖော်မှုများ ရှိသည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်တို့ အလျင်အမြန် ထိခိုက်ပျက်စီးသွားသော်လည်း ဒေသခံ ပြည်သူတို့မှာ အကျိုးခံစားခွင့် အလွန်နည်းပါးနေကြောင်း ဖားကန့်မြို့နယ် ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာတော်ဦးဘီတူးဂျာက ပြောကြားသည်။“သတ္တုတွင်း ဝန်ကြီးဌာနကတော့ ကျောက်မျက်လုပ်ငန်းရှင် အသင်းကနေတစ်ဆင့် စက်ယန္တရားတွေ ဘယ်လောက်ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ ဒီမှာက သူတို့ပြော သလိုခေတ်မီတဲ့ ယန္တရားတွေနဲ့အင်တိုက်အားတိုက် လုပ်ကိုင်ကြတယ်။ စည်းကမ်းတကျမရှိဘူး။ ချောင်းမြောင်းတွေ တိမ်ကောပျက်စီးကုန်တယ်။ ဒေသခံတွေ ဘာအကျိုးခံစားခွင့်မှ မရှိဘူး။ ဒါကြောင့် ဒီထက်ကောင်းတဲ့ ကျောက်တူးဖော်တဲ့စနစ်ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘယ်လိုစနစ်မျိုးမဆို ပြည်သူတွေကို စေတနာထားပေးဖို့လိုပါတယ်” ဟု ဦးဘီတူးဂျာက ပြောကြားသည်။
ဖားကန့်ဒေသတွင် စက်ယန္တရားအင်အားမည်မျှဖြင့် ကုမ္ပဏီများမှ ကျောက်တူးဖော်နေသည်ကို အစိုးရအဖွဲ့အနေဖြင့် မသိရှိကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား















