တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ထားဝယ်ခရိုင် ကံပေါက်ဒေသရှိ ခြောက်မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ထားဝယ်ဒေသတွင်းသို့ ဓာတ်အားဖြန့်ဖြူး ပေးနေသည့် စီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းမကုန်မီ အချိန်အတွင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ DDPC ထံသို့ လွှဲပြောင်းပေးရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေကြောင်း သိရသည်။
၂၀၀ မဂ္ဂါဝပ် အထိထုတ်လုပ်မည့် ယင်းစီမံကိန်းမှ ကနဦးအနေဖြင့် တစ်မဂ္ဂါဝပ် ဂက်စ်အင်ဂျင်စက် ခြောက်လုံးဖြင့် ပြီးခဲ့သည့် ဇွန်လလယ်မှစ၍ ထားဝယ်ဒေသတွင်းသို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးခဲ့ရာ လျှပ်စစ်ထုတ်လုပ်သည့် စက်များ ငှားရမ်းခနှင့် သဘာဝဓာတ်ငွေ့အတွက် အမေရိကန်ဒေါ်လာ (နှုန်းရှင်) ငွေဖြင့် ပေးချေရသောကြောင့် လက်ရှိ ဒေါ်လာပေါက်ဈေးအရ တစ်လလျှင် ကျပ်သိန်း ၁၀၀၀ ခန့် လစဉ်အရှုံးပေါ်နေပြီး နောက်တက်လာမည့် အစိုးရအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လက်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ထားဝယ် လူမှုစီးပွားရေး လုပ်ငန်းရှင်များ ရှယ်ယာ ထည့်ဝင် စုပေါင်း တည်ထောင်ထားသည့် DDPC ကုမ္ပဏီထံ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။
“တိုင်းအစိုးရက ဦးစီး လုပ်ကိုင်နေတဲ့ ဂက်စ်မီးလင်းရေးမှာ ပထမ လကတည်းက လတိုင်း သိန်း ၁၀၀၀ ကျော် ရှုံးနေတယ်လို့ သိရတယ်။ ရွေးကောက်ပွဲအပြီး သုံးလေးလမှာ နောက်လာမယ့်အစိုးရကို အရှုံးနဲ့ လွှဲပေးရမှာစိုးလို့ လုပ်နိုင်ကိုင်နိုင် အရှုံးခံနိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီကို တာဝန်ယူခိုင်းတာလို့ မြင်ပါတယ်။ DDPC က တာဝန်ရှိသူတွေကလည်း ဖိုးသီးချို (PTC) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ PTC ကလည်း အခြေအနေအရ လက်ခံပေးရတော့မယ်။ အဲဒီလို မရှုံးအောင် ဘယ်လို လုပ်သင့်သလဲဆိုပြီး ဆွေးနွေးမေးမြန်း အကြံဉာဏ်ရယူပါတယ်။ PTC အနေနဲ့ကတော့ မီးလင်းရေး လုပ်ငန်းစဉ်မှာ လိုအပ်သလို ပါဝင်ပေးမယ်လို့တော့ ပြောထားတယ်။ ဖြန့်ဖြူးရေး လုပ်ငန်းကို ဌာန၊ ကုမ္ပဏီ တစ်ခုခုက လုပ်ကိုင် မယ်ဆိုရင်လည်း PTC က စွန့်လွှတ်ပေးမယ်လို့ ပြောထားတယ်။ DDPC လက်ခံတာကတော့ မလွှဲသာလို့ လက်ခံလိုက်ရတယ် ထင်ပါတယ်။ မီးသုံးသူတွေ အတွက်ကတော့ တစ်ယူနစ် ကျပ် ၃၀၀ ပုံမှန်သုံးခွင့်ရမှာဖြစ်ပြီး သက်ရောက်မှု သိပ်မရှိနိုင်ဘူး ထင်ပါတယ်။ DDPC ကလည်း စတင် လေ့လာနေတဲ့ အဆင့်ပဲ ရှိသေးတယ်။ အစည်းအဝေး ထပ်မခေါ်သေးဘူး။ လစဉ်ရှုံးငွေနဲ့ ပတ်သက်လို့တော့ သူတို့ကတော့ ရှုံးငွေ တဖြည်းဖြည်း နည်းလာအောင် အရင်လုပ်ရမယ်လို့ ပြောနေတယ်။ တစ်လ သိန်း၁၀၀၀ ကျော် ရှုံးနေတဲ့ကိစ္စဟာ ဒေါ်လာဈေး ကျပ် ၁၀၀၀ အထိ မကျသရွေ့ ထပ်ရှုံးနေမှာပဲ။ ဒေါ်လာဈေး ကျပ် ၁၀၀၀ အထိ ကျရင်ဖြစ်ဖြစ်၊ ဂက်စ်ဖိုး မပေးရတာဖြစ်ဖြစ် မရှုံးနိုင်တော့ပါဘူး။ စက်ကတော့ နှစ်နှစ် စာချုပ်ချုပ်ထားလို့ မသုံးလည်း ပေးရတော့မယ်။ ဂက်စ်ဖိုးကတော့ စွမ်းအင်ဆီက ကုဗပေ ၁၀၀၀ ကို ၇ ဒသ မ ၅ ဒေါ်လာနဲ့ ဝယ်နေရတယ်”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်နေ သည့် ၎င်းစီမံကိန်းအတွက် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို ဆောင်ရွက်ပေးနေသည့် ဖိုးသီးချို (PTC) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းစီမံကိန်းအတွက် လျှပ်စစ် ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့သုံး ဂက်စ်တာဘိုင်များကို ထိုင်းနိုင်ငံ Adman Power Utility Co;Ltd(APU) ကုမ္ပဏီထံမှ ငှားရမ်းသုံးစွဲနေရပြီး လျှပ်စစ် တစ်ယူနစ် ထုတ်လုပ်ခ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဆင့်ဖြင့် ဒေါ်လာဈေး မြင့်တက်မှုအပေါ် မူတည်၍ တိုင်းဒေသကြီးအစိုးရက စက်ငှားရမ်းခအား ပိုမို ပေးဆောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းကို မေးမြန်းခဲ့ ရာ ယင်းလျှပ်စစ်စီမံကိန်းအား DDPC သို့လွှဲပေးရန် အစီအစဉ်ရှိကြောင်း၊ လွှဲပြောင်းပေးမည့်နေ့ကို တိတိကျကျ မသိရှိရသေးဘဲ လေ့လာနေဆဲ အခြေအနေသာ ရှိသေးကြောင်း ဖြေကြားသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့က တော့ ဒီစီမံကိန်းကိုလွှဲပေးမယ်လို့ ပါးစပ်နဲ့ ပြောထားတာတော့ ရှိတယ်။ အစ်ကိုတို့လည်း ဒါကိုလေ့လာနေတုန်းပဲ။ အစိုးရကလွှဲပေးရင်တော့ ယူရတော့မှာပေါ့။ လက်ရှိအခြေအနေက လစဉ်အရှုံးပေါ်နေတော့ အစ်ကိုတို့ လွှဲယူပြီးတဲ့ အချိန်ကျရင် တတ်နိုင်သလောက် အရှုံးနည်းနိုင်သမျှ နည်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာနေဆဲပါ။ သေချာတာကတော့ ဒီစီမံကိန်းကို လွှဲယူလိုက်ပြီဆိုရင် ရှုံးမှာပဲ။ ပြည်သူတွေအတွက် CSR လုပ်ငန်းလုပ်သလို လုပ်ရတော့မှာပေါ့”ဟု စီမံကိန်း လွှဲပြောင်းပေးမည့် ကိစ္စအပေါ် လေ့လာနေသည့် DDPC ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။
လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ အထိ ထုတ်လုပ်မည့် ယင်းစီမံကိန်းကို ကနဦးအနေဖြင့် ဒေသတွင်း လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Adman Power Utility Co;Ltd(APU) တို့က ၂၀၁၄ ခုနှစ် ဇွန် ၂၆ ရက်တွင် တစ်မဂ္ဂါဝပ် ဂက်စ်အင်ဂျင် ခြောက်လုံးအား ငှားရမ်း၍ ထားဝယ်ခရိုင်အတွင်း ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ လျှပ်စစ်ထုတ်လုပ်ရန် လိုအပ်သည့် ဂက်စ်အား ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာနက တိုင်းဒေသကြီးအစိုးရထံသို့ ကံပေါက်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့သိုက်မှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ ၁၅ သန်း ဝယ်ယူ သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဓာတ်ငွေ့တစ်ယူနစ်အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာ ကျသင့်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်သည့်စက် ငှားရမ်းခနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုအတွက် နေ့စဉ် ဒေါ်လာ ပေါက်ဈေးဖြင့် ပေးချေနေရသောကြောင့် ဒေါ်လာဈေး မြင့်တက်လာသည့်နှင့်အမျှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လစဉ် အရှုံးငွေ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။
ကံပေါက် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို လက်ရှိ အစိုးရသက်တမ်း မကုန်မီ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ DDPC ထံ လွှဲပြောင်းပေးရန် တိုင်းဒေသကြီးအစိုးရ စီစဉ်















