ကြောင်ကျ

ကြောင်ကျ
Published 24 November 2015
ဒေါက်တာ ခင်မောင်ညို

(၁)
အပေါ်သို့ တက်သော အရာအားလုံး နောက်ဆုံးမှာ အောက်သို့ ပြန်ကျမည်တဲ့။ ကျွန်တော်တို့ဆရာက ရူပဗေဒဘာသာရပ်ကို သင်ချိန်မှာပြောတာပါ။ ကျွန်တော်တို့ ရူပဗေဒဆရာက အင်မတန် အာဝဇ္ဇန်းရွှင်သည်။
တကယ်တော့ မင်းဟာ ကျောက်တုံးပဲဖြစ်ဖြစ် ကြောင်တစ်ကောင်ပဲ ဖြစ်ဖြစ် အထက်ကနေ အောက်ကိုကျတဲ့အခါ အချိန်ကလည်း အတူတူ အရှိန်ကလည်း အတူတူပါပဲ။
ဒါပေမဲ့ ကြောင်ကျကျရင်တော့ သက်သာတာပေါ့တဲ့။ သင်ဟာ ကျောက်တုံးလား၊ ကြောင်လား။
(၂)
မြန်မာပြည်၏အနေအထားကို အားလုံးသိကြပါသည်။ တည်နေရာကိုက အကဲဆတ်သောနေရာ (Sensitive Area)ဖြစ်သည်။ အရှေ့မြောက်ဘက်နယ်စပ်က တရုတ်နှင့် အနောက်ဘက် နယ်စပ်က အိန္ဒိယ၊ ဘင်္ဂလား ဒေ့ချ်နှင့် နယ်နိမိတ် ထိစပ်နေသည်။ ထိုနိုင်ငံများ၏ စုစုပေါင်းလူဦးရေသည် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံရှိနေသည်။ ယနေ့ဆိုလျှင် ထိုနိုင်ငံများသည် စီးပွားရေး အင်အားကြီး နိုင်ငံတွေလည်း ဖြစ်နေသည်။
၁၈၈၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ် (ဗြိတိသျှ)တို့ ကိုလိုနီပြုခဲ့သည်။(ကိုလိုနီပြုတာ ကျွန်ပြုတာပါပဲ။ သက်သက်သာသာ ပြောခြင်းသာဖြစ်သည်) အင်္ဂလိပ်တို့သည် မြန်မာတွေကို အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်သည်။ ရေနံကျွန်းသစ်များကို ထုတ်ယူသည်။ သူတို့ကို ဘုရားထူး ခိုင်းစေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မျိုးချစ်ပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုကြောင့် လွတ်လပ်ရေးပေးခဲ့ရသည်။
“ရရင်ရ၊မရရင်ချ”ဟူ၍ ကြွေးကြော်သံကြောင့် ဗြိတိသျှတို့သည် အောင်မြင်စွာ ဆုတ်ခွာသွားကြသည်။သူတို့ ကြောင်ကျ ကျပါသည်။
(၃)
ဒုတိယ ကမ္ဘာစစ်သည် ဥရောပတွင်သာ ဖြစ်၍ အမေရိကန်တို့ အနေသာကြီး ဖြစ်သည်။ သို့သော် ဂျပန်တို့သည် ပုလဲဆိပ်ကမ်းကို ဗုံးကြဲကာ အမေရိကန်တို့ကို ရန်စကာ စစ်ကြီးထဲကို ဆွဲခေါ်ခဲ့သသည်။ ထိုဒုတိယကမ္ဘာစစ်တွင် ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့ကို  တစ်ဖက်ထား၍ ကျန်သောနိုင်ငံများကတစ် ဖက်တွင်ရှိသည်။(သူတို့ သုံးနိုင်ငံကို ဝင်ရိုးတန်းနိုင်ငံများဟုခေါ်ပြီး ကျန်နိုင်ငံများကို မဟာမိတ်နိုင်ငံများဟု ခေါ်သည်။)
ဒုတိယကမ္ဘာစစ်တွင် ဂျပန်သည် အာရှတိုက်တွင် အတော်လေး အောင်နိုင်ခဲ့ပြီး ပင်လယ်ပြင်တွင်လည်း အစွမ်းထက်သည်။ အမေရိကန်တို့ အလူးအလဲခံရသည်။
မြန်မာပြည် စစ်မြေပြင်တွင်လည်း ဂျပန်တို့သည် အင်္ဂလိပ်တို့ကို အိန္ဒိယရောက်အောင် မောင်းထုတ်နိုင်ခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာတွင် ဂျပန်ရေတပ် အလံများ အောင်လံထူခဲ့သည်။
သို့သော် အမေရိကန်နှင့် ဂျပန်တို့လက်နက်အင်အား မမျှပေ။ ဂျာမနီကို သိမ်းပိုက် အောင်နိုင်ပြီးနောက် အမေရိကန်တို့က ဂျပန်တို့ကို လက်နက်ချရန် အမိန့်ပေးခဲ့သည်။
ဂျပန်တို့သည် လုံးဝဂရုမစိုက်ပေ။ ခါမိခါဆေဆိုသည့် အသေခံ တိုက်ပွဲဝင်သူများ ဂျပန်တွင် များစွာရှိသည်။ ဂျပန်တစ်ယောက်သည်  အမေရိကန်စစ်သား ပျမ်းမျှသုံးယောက်လောက်ကို အသေခံ ဗုံးခွဲတိုက်ခိုက်အနိုင်ယူခဲ့သည်။ ဂျပန်လက်နက်မချသောကြောင့် ဒုတိယကမ္ဘာစစ်ကို အဆုံးမသတ်နိုင်ပါ။ ထို့ကြောင့် ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် ဗုံးတစ်လုံးချသည်။ ပထမဗုံးချအပြီး ဂျပန်တို့ လက်နက်မချသေးပါ။ ဒါကြောင့် နောက်ထပ်တစ်လုံး နာဂါစကီးတွင် ချသည်။
ထိုဗုံးနှစ်လုံးသည် လူသုံးသိန်းကျော် သေသည်။ အမြောက်အမြား ဒဏ်ရာရသည်။ ဂျပန်တို့ လက်နက်ချလိုက်ရသည်။ အဆိုပါ ဆုံးရှုံးမှုသည် သိက္ခာမရှိ ဖြစ်ခဲ့ရသည်။ ဂျပန်ဘုရင်သည် နေမျိုးနွယ်၊ နတ်ဘုရားမဟုတ်ကြောင်း ပြည်သူကို ကြေညာစေသည်။
နောက်ဆုံးတွင် သူတို့သည် အရှိကိုအရှိအတိုင်း လက်ခံလာသည်။ ထိုအခါ ဂျပန်၏နိုင်ငံရေး ဂုဏ်သိက္ခာအပြင် စီးပွားရေး၊ လူမှုရေးတို့မှာပါ တိုးတက်မြင့်မားလာသည်။ ယနေ့ ဂျပန်သည် ကမ္ဘာတွင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် လူရိုသေရှင်ရိုသေ ဘဝကို ရောက်နေပါသည်။
(၄)
အင်္ဂလိပ်ကို တိုက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော  မြန်မာပြည်မှ ရဲဘော်သုံးကျိပ်သည် ဂျပန်ပြည်မှာ စစ်ပညာ သင်ခဲ့သည်။ ပြီးတော့ ဂျပန်ကို ခေါ်လာသည်။ ဂျပန်က သူ့ အကြံနှင့်သူ ရောက်လာခြင်း ဖြစ်သည်။ မြန်မာပြည်ကို လွတ်လပ်ရေး အစစ်အမှန်ကိုမပေးပါ။ ပြည်သူလူထုကို နှိပ်စက်သည်။ ဗိုလ်ချုပ်တို့ ဂျပန်နှင့်ပူပေါင်းခြင်းမှာ မြန်မာပြည်လွတ်လပ်ရေးရဖို့ဖြစ်သည်။ ပြည်သူကို ဒုက္ခပေးသော ဂျပန်တို့ကို လက်မခံပါ။ တော်လှန်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အင်္ဂလိပ်နှင့်ပူးပေါင်းကာ ဂျပန်ကို တိုက်ထုတ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ရပ်သည် အတော်လေးကို ခက်ခဲမည်ကို သဘောပေါက်ကြပေလိမ့်မည်။ သို့သော် သူလုပ်နိုင်ခဲ့သည်။သူသည် အောင်မြင်သိက္ခာရှိသော ဗိုလ်ချုပ်ဖြစ်သည်။ အောင်မြင်သော နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရအပြီး ၁၄ နှစ်အကြာတွင် စစ်ဗိုလ်ချုပ်ကြီး ဦးနေဝင်း အာဏာသိမ်းသည်။ တက်သောအရာများ ပြန်ကျသည်ဆိုသည့်အတိုင်း သူ့အကျကို ကျွန်တော်တို့ မြင်ခဲ့ပါသည်။ ဦးနေဝင်းအကျ ကြမ်းခဲ့ပါသည်။ ကြောင်ကျ မကျခဲ့ပါ။
 သူ၏ ၂၆ နှစ်တာ အုပ်ချုပ်ရေးတွင် အဓိကကျသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလပါတီ)ကို တည်ထောင်ခဲ့သည်။
၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို စောင့်ရှောက်သော အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ (ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရာ ၉၂ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ အာဏာရှင်များ၏ အခြေခံဥပဒေကို ဤမျှပင်ထောက်ခံကြောင်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်လည်း တွေ့နိုင်သည်။ တော်လှပေစွ) ဦးနေဝင်းသည် ၁၉၈၈ ခုနှစ်ကိုရောက်တော့ သူ၏မဆလပါတီကို သူဖျက်ရန်ကြိုးစားသည်။ သူ၏ အခြေခံဥပဒေကိုသူဖျက်ရန် ကြိုးစားသည်။
“ပါတီစုံစနစ်ကို လိုချင်လား၊ တစ်ပါတီစနစ်ကို လိုချင်လား”ထိုမေးခွန်းကို ပြည်သူတွေကို မေးကာ သူပါတီမှ နုတ်ထွက်သည်။ အနားယူသည်။ သို့သော် သူ၏ ဆုတ်ခွာခြင်းသည် အောင်မြင်သော ဆုတ်ခွာခြင်း မဖြစ်ခဲ့ ပါ။ သူဖျက်ဆီးခဲ့သော နိုင်ငံကို နောက်လူတွေက အဆပေါင်းများစွာ ပို၍ဖျက်ဆီး ကုန်ကြတော့သည်။
မြန်မာပြည်သည် အာရှတွင် အချမ်းသာဆုံးနိုင်ငံမှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံသို့ ခွေးကျကျသွားလေတော့၏။
(၅)
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဦးသန်းရွှေ ဆုတ်ခွာပါသည်။ ယနေ့ထိတော့ သူ၏ဆုတ်ခွာမှုသည် အောင်မြင်စွာ ဆုတ်ခွာသည်ဟု မြင်နေရသည်။သူ၏ဆုတ်ခွာမှုသည် ၂၀၁၀မှာ ထင်ရှားသည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည်။
ပထမ သူတည်ထောင်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ကြံ့ခိုင်ဖွံ့ရေးနှင့် ဖြိုးရေးပါတီအဖြစ် ပြောင်းသည်။ ထိုပါတီမှ အမတ်အများစု မဲနိုင်ကြသည်။ စစ်တပ်မှ ရွေးကောက်ပွဲ မဝင်ဘဲ ခန့်ထားသော လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည် အခြေအနေအရ ဗီတိုအာဏာ ကိုင်ထားသလို ရှိသည်။
ဥပမာလွှတ်တော်တွင် အခြေခံဥပဒေတစ်ခုကို ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်း အထက် သဘောတူညီဖို့ လိုသည်။ အရပ်သား လွှတ်တော် ကိုယ်စားလှယ်အားလုံး သဘောတူညီပါက ၇၅ ရာခိုင်နှုန်းသာ ရှိသည်။စစ်တပ်က အနည်းဆုံး ၁ ရာခိုင်နှုန်း သဘောတူညီမှသာ လိုအပ်ချက်ပြည့်ပါမည်။ စစ်သား ၂၅ ရာခိုင်နှုန်းသည် ဗီတိုအာဏာကို ကိုင်ထားပါသည်။
၂၀၁၀ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အများစု အနိုင်ရသူဖြစ်၍ အာဏာကြီးသုံးရပ်ကို သူ့အဖွဲ့ဝင်များကသာ ချုပ်ကိုင်ထားသည်။ အစိုးရဖွဲ့သည်။ အုပ်ချုပ်သည်။ သူတို့သာ လွှတ်တော်တွင် အများစုနေရာရသည်။ သူတို့သာ တရားရေးတွင် နေရာရသည်။ ထိုငါးနှစ်တွင် တိုးတက်မှုကိုမမြင်ဟု အများစု ယူဆကြသည်။ အထူးသဖြင့် ဆင်းရဲတွင်း ပို၍နက်လာပါသည်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူများ အပြောင်းအလဲကို မျှော်လင့်ကြသည်။ NLD က သောင်ပြိုကမ်းပြိုနိုင်သည်။ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး)အမတ်များမဲ ရှုံးနိမ့်ကြသည်။ NLD က ရာခိုင်နှုန်း ၈၀ နီး ပါးနိုင်သည်။ အမတ်အရေ အတွက် ၃၈၀ ကျော် အနိုင်ရသည်။ ကြံ့ခိုင်ရေးက အမတ်ဦးရေ ၄၂ ဦးသာ အနိုင်ရသည်။
(၆)
သူတို့ ဒီလိုရှုံးနိမ့်တာကို မြင်ရတော့ ဆရာ့စကား သတိရနေသည်။ တစ်ချိန်က သူတို့လည်း အရှိန်နဲ့ တက်ခဲ့ကြသည်မဟုတ်ပါလော။ အပေါ်သို့တက်သော အရာအားလုံး နောက်ဆုံးမှာ အောက်သို့ ပြန်ကျပါသည်။ ကျသောအခါ အားလုံးအတူတူ ဖြစ်ပေမယ့် ကြောင်ကျကျတာကိုတော့ မြင်လိုကြသည်။ ကြောင်ကျကျပါက သိက္ခာလည်း ရှိပါသည်။
အမေရိကန်သမ္မတအိုဘားမားက သမ္မတကြီး ဦးသိန်းစိန်ကို ချီးမွမ်းသည်။ ဦးသိန်းစိန်ကလည်း အနိုင်ရပါတီ အစိုးရအဖွဲ့သစ်ထံ စနစ်တကျ တာဝန်လွှဲပြောင်းပေးမည်ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မစိုးရိမ်ကြဖို့ ပြောကြားသွားပါသည်။
ကျေးဇူးတင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုရက်တွင်ပင် ပြည်ထောင်စု လွှတ်တော်နာယကနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအပါအဝင် အခြားပါတီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကိုလည်း ချီးမွမ်းကြသည်။ အလင်းရောင်ကို မြင်နေရပါသည်။ အမှားတွေကိုမလုပ်ဘဲ သိက္ခာရှိစွာ ဆုတ်ခွာခြင်းသည်သာ မြန်မာပြည်၏ သမိုင်းတစ်ခေတ်တွင် စာတင်နိုင်မည်သာ ဖြစ်သည်။

Most Read

Most Recent