အာဆီယံ သမိုင်းသစ်နှင့် မြန်မာ အရွေ့

အာဆီယံ သမိုင်းသစ်နှင့် မြန်မာ အရွေ့
Published 24 November 2015
နေထွန်းနိုင်

၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို နိုဝင်ဘာ ၁၈ ရက်ကနေ ၂၂ ရက်အထိ မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပြီးပါပြီ။အစည်းအဝေး အပြီးမှာ အာဆီယံ သမိုင်းသစ် တစ်ခုကို ရေးထိုးလိုက်ပါတယ်။အာဆီယံ အသိုက်အမြုံ (ASEAN Community) ကို ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ဖို့ ကွာလာလမ်ပူ ကြေညာချက်မှာ အာဆီယံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။အာဆီယံ အသိုက်အမြုံ ထူထောင်ဖို့အတွက် ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ကြတယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ အသက်ဝင်စေဖို့ မျှော်မှန်းချက် ထားခဲ့ပေမယ့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကိုကူးလို့ မဖြစ်နိုင်တာကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ မဖြစ်မနေ စတင်ဖို့ လုပ်ခဲ့ကြတာပါ။အထူးသဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက် အဆင်သင့် မဖြစ်မှုက အာဆီယံ အသိုက်အမြုံ စတင်ဖို့ နှောင့်နှေးစေခဲ့တဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ အခုလည်း AEC အတွက် လုပ်ငန်းစီမံချက်တွေ ပြီးစီးမှု မရှိသေးပါဘူး။ လုပ်ငန်း စီမံချက် ၉၂ ဒသမ ၇ ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ ၃၇ ချက်ကို အပြီးသတ်လုပ်ဖို့ ကျန်နေပါတယ်။ ဒါပေမဲ့ ကျန်နေတာတွေကို ဒီနှစ်ကုန်မှာ အပြီးသတ်ဖို့ ကြိုးစားမယ်။ မပြီးပြတ်ခဲ့ဘူး ဆိုရင် ၂၀၁၆ ခုနှစ်မှာ ဆက်လက်မယ်လို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြပါတယ်။အာဆီယံ အသိုက်အမြုံလို့ ခြုံငုံပြီး ခေါ်ဝေါ်ထားတဲ့ ခေါင်းစဉ်အောက်မှာ မဏ္ဍိုင်သုံးခု ရှိပါတယ်။ ပထမ တစ်ခုက အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း (APSC) ဖြစ်ပါတယ်။ ဒုတိယ တစ်ခုက အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပြီး တတိယ တစ်ခုက အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း (ASCC) ဖြစ်ပါတယ်။ ဒီမဏ္ဍိုင် သုံးခုမှာ APSC နဲ့ AEC က အရေးကြီးဆုံးဖြစ်ပြီး APSC ရဲ့ လုပ်ငန်း စီမံချက်ကတော့ ရာနှုန်းပြည့် ပြီးစီးသွားပါပြီ။ဘာပဲဖြစ်ဖြစ် အာဆီယံရဲ့ သမိုင်းသစ် အာဆီယံ အသိုက်အမြုံ ထူထောင်ဖို့ ကွာလာလမ်ပူ ကြေညာချက်ကို လက်မှတ်ထိုးလိုက် ကြပါတယ်။ ကွာလာလမ်ပူ ကြေညာချက်မှာ နှစ်ပိုင်း ရှိပါတယ်။ ပထမ တစ်ခုက ဒီဇင်ဘာ ၃၁ ရက်မှာ အာဆီယံ အသိုက်အမြုံ စတင်ဖို့ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုက ၂၀၂၅ ခုနှစ် အာဆီယံ မျှော်မှန်းချက် လုပ်ငန်းစီမံချက်တွေ ဖြစ်ပါတယ်။အာဆီယံ ခေါင်းဆောင်တွေကတော့ ကွာလာလမ်ပူ ကြေညာချက်ကို ၁၉၆၇ ခုနှစ် ဘန်ကောက်ကြေညာချက်နဲ့ နှိုင်းယှဉ် ပြောဆိုကြပါတယ်။ ၁၉၆၇ ခုနှစ် ဘန်ကောက် ကြေညာချက်ကြောင့် အာဆီယံ စတင်ဖြစ်လာခဲ့သလို ၂၀၁၅ ခုနှစ် ကွာလာလမ်ပူ ကြေညာချက်ကြောင့် အာဆီယံ သမိုင်းသစ် စတင်ပြီလို့ ဆိုတာပါ။ 
■ မြန်မာ အရွေ့  ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ ထူးထူးခြားခြား ဖြစ်ခဲ့တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပါတယ်။နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေက မြန်မာကို ချီးကျူးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲ ရလဒ်အတိုင်း တာဝန်လွှဲပြောင်းရေးကို လုပ်သွားမယ်လို့ အာဆီယံကို ကတိပေးခဲ့ပါတယ်။အာဆီယံ နိုင်ငံတွေထဲမှာ ဒီကရက်တစ်နိုင်ငံ ပီသတဲ့ နိုင်ငံမျိုး မရှိသေးပါဘူး။ အိမ်ရှင် မလေးရှားနိုင်ငံ ကိုယ်တိုင်က အတိုက်အခံကို ဖမ်းဆီးထားပြီး ဒီမိုကရေစီ အာဏာရှင် စနစ်ကို ကျင့်သုံးပါတယ်။ လက်ရှိအချိန်မှာတင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ဟာ ခြစားမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရပြီး ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးခံ ထားရပါတယ်။ထိုင်းနိုင်ငံက စစ်အာဏာသိမ်းနိုင်ငံ ဖြစ်ပြီး ဒီမိုကရေစီစနစ် ပျက်သုဉ်းနေပါတယ်။ ကမ္ဘောဒီးယားကို အာဏာရှင် ဟွန်ဆန် အုပ်ချုပ်ထားသလို လာအိုနဲ့ ဗီယက်နမ်ကိုလည်း အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ထားဆဲ ဖြစ်ပါတယ်။ ဘရူနိုင်းလည်း ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။စင်ကာပူ နိုင်ငံကလည်း ဒီမိုကရေစီ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒီမိုကရေစီ စနစ်ကို သွားနေတယ် ဆိုပေမယ့် ပြဿနာ တွေ ရှိနေပါသေးတယ်။အာဆီယံဟာ နိုင်ငံရေးအရ ကွဲပြား ခြားနားမှုတွေ ရှိနေတာကြောင့် နိုင်ငံ တစ်ခုရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံ တစ်ခုက ဝင်မစွက်ဖက်ဘူးဆိုတဲ့ မူကို ချထားပါတယ်။ ဒါရဲ့ အကျိုးဆက်က အာဆီယံ ပေါင်းစည်းမှုလို့ ကြွေးကြော်နေပေမယ့် ဒေသတွင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေမှာ မညီမျှမှုနဲ့ ချိုးနှိမ်ခံရမှုတွေ ဖြစ်ခဲ့ပြီး ဒါကပဲ အာဆီယံကို နာမည်ပျက်စေပါတယ်။မြန်မာရဲ့ နိုင်ငံရေး အပြောင်းအလဲက အာဆီယံ ခေါင်းဆောင်တွေကို လှုပ်နှိုးခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာလည်း အာဆီယံ ပြည်သူတွေပဲ ဖြစ်တာကြောင့် မြန်မာ အပြောင်းအလဲက အာဆီယံ အပြောင်းအလဲကို ရိုက်ခတ်စေပါတယ်။ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာနဲ့ ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာလွှဲပေးမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ကို အာဆီယံ ခေါင်းဆောင်တွေ ချီးကျူးကြပါတယ်။ အာဆီယံ ခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီ အစည်းအဝေး အဖွင့်မှာ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို စပြောပြီး အစည်းအဝေးကို စတင်ခဲ့ပါတယ်။ဒီလို ချီးကျူးမှုတွေ ရှိခဲ့ပေမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ရဲ့ ဟန်ပန်က သက်သောင့်သက်သာ ရှိတဲ့ပုံ မပေါ်ပါဘူး။အစည်းအဝေးကာလ အတွင်းမှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သူ့နေရာကနေ သမ္မတ ဦးသိန်းစိန်ဆီ ထသွားပြီး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားလည်း ဒီအတိုင်းပဲ လုပ်ခဲ့ပါသေးတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ရုရှားဝန်ကြီးချုပ် မက်ဗီဒက်တို့ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြား တွေ့ဆုံခဲ့ပါတယ်။ရုရှားနဲ့ တွေ့ဆုံမှုမှာတော့ ရုရှားရဲ့ ကူညီမှုတွေကို ကျေးဇူးတင်ကြောင်း ပြောပြီး အစိုးရသက်တမ်း မကုန်ခင်မှာ ရုရှားကို လာလည်လိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ အမေရိကန်တို့နဲ့ တွေ့ဆုံမှုမှာတော့ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်လို့ ဖိအားတချို့ ရှိနိုင်တယ်လို့ ယူဆရပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဒါကို ထုတ်ဖော်ပြောခဲ့တာ မရှိပါဘူး။ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး အခန်းထဲက ပြန်ထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်က “ဒီထက်ပိုပြီး ရှင်းမပြတတ်တော့ဘူး” ဆိုတဲ့ မှတ်ချက်စကား တစ်ခုကို သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေဆီ ပြန်ပြောခဲ့ပါတယ်။ 
■ အမေရိကန်-တရုတ် စီးပွားရေး အားပြိုင်မှုမလေးရှား အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လွှမ်းမိုးမှု ရှိခဲ့တာက IS အဖွဲ့နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတာပါ။အမေရိကန် သမ္မတ အိုဘားမားက IS အဖွဲ့ကို အပြီးတိုင် ဖြိုခွင်းသွားမယ်လို့ ပြောခဲ့သလို မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကလည်း အစည်းအဝေး အဖွင့်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆန့်ကျင်ဖို့အတွက် မလေးရှားနိုင်ငံနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး လက်တွဲကြဖို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။ အလယ်အလတ်လမ်းစဉ် ကျင့်သုံးခြင်းကပဲ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါသေးတယ်။နိုဝင်ဘာ ၂၂ ရက်မှာလုပ်တဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေး အပြီးမှာ ဒါနဲ့ ပတ်သက်လို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။နောက်တစ်ပိုင်းက စီးပွားရေးဆိုင်ရာ ကိစ္စတွေ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက ပစိဖိတ်ဒေသ ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှု (TPP) ကို ရှေ့တန်းတင်ခဲ့ပါတယ်။ပစိဖိတ်ဒေသ ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှု (TPP) မှာ ၁၂ နိုင်ငံ ပါဝင်ပါတယ်။ ဘရူနိုင်း၊ ချီလီ၊ နယူးဇီလန်၊ စင်ကာပူ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ ပီရူး၊ အမေရိကန်နဲ့ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။သမ္မတ အိုဘားမားက နိုဝင်ဘာ ၂၁ ရက်မှာ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီးဆွေးနွေးမှုကို တက်ရောက်ခဲ့ပြီး TPP နဲ့ ပတ်သက်လို့ အကျယ်တဝင့် ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။“အခုချိန်မှာ ကမ္ဘာ့ကုန်ထုတ်လုပ်တဲ့ နိုင်ငံတွေဟာ သူတို့ အကျိုးစီးပွားကို ခြံခတ်ပြီး ကာကွယ်နေလို့ မဖြစ်နိုင်တော့ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပေါင်းစည်းပြီး ကုန်ပစ္စည်း ထောက်ပံ့ရေး လမ်းကြောင်းထဲ ဝင်နေရပါပြီ။ ကုန်သွယ်မှုကို နည်းမှန်လမ်းမှန် လုပ်ဖို့ အဓိကပါပဲ။ အဲဒီ အတွက်ပဲ TPP ကို စီစဉ်ခဲ့ကြတာပါ” လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။TPP သဘောတူညီချက်ဟာ ကုန်သွယ်မှု တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ပထဝီ နိုင်ငံရေး မဟာဗျူဟာကိုပါ အခြေခံခဲ့တယ်။ဒီအချက်ကိုလည်း သမ္မတ အိုဘားမားကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။“TPP ဟာ နိုင်ငံ အချင်းချင်း နားလည်မှု၊ ညှိနှိုင်းမှုတွေကို အားပေးနိုင်ပါတယ်။ ကုန်သွယ်မှုဟာ နိုင်ငံ အချင်းချင်း၊ ဒေသ အချင်းချင်း ရင်းနှီးမှု ပိုစေကြောင်း သိရှိခဲ့ပြီးပါပြီ။ TPP ကြောင့် အမေရိကန်နဲ့ အာဆီယံကြားမှာ ပိုပြီး နီးကပ်စွာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ အတူ နိုင်ငံရေး လုံခြုံမှုကို ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ကြွယ်၀ ချမ်းသာမှုကို ခံစားနိုင်တာပါ။ ဂျပန်၊ သြစတြးလျ၊ နယူးဇီလန်တို့လို အမေရိကန် မဟာမိတ်တွေ ပါဝင်တဲ့ TPP ကြောင့် ဒေသတွင်း လုံခြုံရေးကိုပါ ဆောင်ရွက်နိုင်ပါလိမ့်မယ်” လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။အမေရိကန်ရဲ့ TPP သဘောတူညီချက်ဟာ အာဆီယံ ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုကို လျှော့ချဖို့ လက်နက်တစ်ခု ဖြစ်ပါတယ်။အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် APEC အစည်းအဝေးမှာတင် အာဆီယံ ကမ်းရိုးတန်း နိုင်ငံတွေရဲ့ ရေကြောင်း လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီနိုင်ငံတွေထဲမှာ TPP အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မလေးရှားတို့ အများဆုံး ရကြပါတယ်။တရုတ်နဲ့ တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှု ဖြစ်နေချိန်မှာ ဒီအငြင်းပွားမှုမှာ ပါဝင်နေတဲ့ သူ့ရဲ့ မိတ်ဖက် နိုင်ငံတွေကို အမေရိကန်က ထောက်ပံ့မှု ပေးခဲ့တာပါ။ ဒါဟာ အာဆီယံ ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှု ဖြစ်သလို TPP ဟာလည်း အာဆီယံဒေသတွင်း ကုန်သွယ်မှုအတွက် ထောက်ပံ့မှုတစ်ခု ဖြစ်ပါတယ်။“မလေးရှား၊ ဗီယက်နမ်တို့ဟာ အခုဆိုရင် ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု အရမ်း ကောင်းလာပါပြီ။ အမေရိကန်ဟာ အဲဒီ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရေကြောင်းသွားလာ လုံခြုံမှုနဲ့ လွတ်လပ်မှုအတွက် ကူညီနေပါတယ်။ သူတို့ရဲ့ စီးပွားရေး ပိုမို ကောင်းမွန်လာရင် ဒေသတွင်း လုံခြုံရေးကို ပိုမို အာရုံစိုက်နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံတွေဟာ စည်းမျဉ်း တစ်ခုတည်းကို လိုက်နာရင် ပိုမို စည်းလုံးပါတယ်။ စီးပွားရေး ဆက်ဆံမှုဆိုတာ တစ်နိုင်ငံတည်းက အခြားနိုင်ငံတွေရဲ့ သယံဇာတတွေကို စုပ်ယူနေမယ်ဆိုရင် အလုပ် မဖြစ်နိုင်ပါဘူး။ TPP က နိုင်ငံအသီးသီး အပြန်အလှန် အကျိုးပြုနိုင်မှုကို အခြေခံပါတယ်” လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ဒီပြောစကားက တရုတ်ကို ရည်ညွှန်းတဲ့ ပြောစကား ဖြစ်ပါတယ်။ အမေရိကန်က TPP ကို ရှေ့တန်းတင်ချိန်မှာ တရုတ်က သူ့ရဲ့ မူလ ရည်မှန်းချက် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့်ဖို့ ကြိုးပမ်းပါတယ်။အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်းမှာပဲ အာဆီယံနဲ့ တရုတ်ကြား စီးပွားရေးအရ လက်တွဲဆောင်ရွက်ခြင်း မူဘောင်ကို ပြင်ဆင်တဲ့ မူကြမ်းတစ်စောင် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါဟာ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (ACFTA) ကို အဆင့်မြှင့်တင်တာနဲ့ ဆက်စပ်ပြီး ၂၀၂၀ ပြည့်နှစ် မတိုင်ခင်မှာ အာဆီယံ-တရုတ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ထရီလျံ ရရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅၀ ဘီလျံရောက်အောင် ခြေလှမ်းပြင်လိုက်တာ ဖြစ်ပါတယ်။  အာဆီယံနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ အိန္ဒိယအစရှိတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အစည်းအဝေးတွေအပြင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲတွေမှာလည်း အစွန်းရောက် အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်းနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတွေသာ လွှမ်းမိုးခဲ့ပါတယ်။“အာဆီယံ အသိုက်အမြုံ ထောင်ထူရေးနဲ့ ပတ်သက်လို့ ၂၀၀၉-၂၀၁၅ အထိ လမ်းပြမြေပုံ ရေးဆွဲနိုင်ခဲ့တဲ့အပေါ် အာဆီယံ ခေါင်းဆောင်တွေ အားရ ကျေနပ်ခဲ့ပါတယ်။ အာဆီယံ အသိုက်အမြုံကို ဒီနှစ်ကုန်မှာ တည်ထောင်မယ့်အပြင် နောက်ဆယ်စုနှစ် တစ်ခုအထိ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်သူ အခြေပြု အာဆီယံဖြစ်ဖို့ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှု၊ လူနေမှု အဆင့်အတန်း ပိုမို အဆင့်မြင့်လာရေး၊ ခိုင်မာတဲ့ ဖွံ့ဖြိုးမှု၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဘ၀ တိုးတက်ရေးနဲ့ ပြည်သူအားလုံးကို ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာတော့ မလေးရှား ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုဝန်ကြီးချုပ်ဆီ လွှဲပြောင်းပေးခဲ့ပြီး နောင်နှစ် အာဆီယံ အစည်းအဝေးတွေမှာ မြင်ရတော့မှာ မဟုတ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို နှုတ်ဆက်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ အာဆီယံရဲ့ သမိုင်းသစ် စတင်ခြင်းနဲ့ အတူ ၂၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာအစိုးရသစ်ရဲ့ အာဆီယံစင်မြင့် ဖြတ်သန်းမှုတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ၄၈ နှစ်အကြာမှာ ရောက်လာတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခု ဖြစ်သလို မြန်မာအတွက်လည်း နှစ်ပေါင်း ၅၃ နှစ်ကျော် အကြာမှာ ပြန်ရောက်လာတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခု ဖြစ်ပါတယ်။

Most Read

Most Recent