မြန်မာနိုင်ငံတွင် လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး အာဏာလွှဲပြောင်းပေးပါက အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့မှုအချို့ကို လျှော့ချပေးရန် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် Mitch McConnell နှင့် John McCain တို့က နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။
ဆီးနိတ်လွှတ်တော်လူများစု ခေါင်းဆောင် Mitch McConnell နှင့် John McCain တို့က မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရမှုအပေါ်လည်း Mitch McConnell က ကြိုဆိုခဲ့သည်။
အဆိုပါ ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ်များက မြန်မာ့ရွေးကောက်ပွဲတွင် အခြေခံအရ စိုးရိမ်ဖွယ်ရာများ ရှိခဲ့သော်လည်း များသောအားဖြင့် လွတ်လပ်တရားမျှတသည်ဟု နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် အာဏာလွှဲပြောင်းမှုကို စနစ်ကျစွာဖြင့် အလျင်မြန်ဆုံး လုပ်ဆောင်ပါက မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ရှေ့ဆက်လုပ်ဆောင်စေရန် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီက မဲအများစု အနိုင်ရရှိထားပြီး အစိုးရသစ် ဖွဲ့စည်းနိုင်သည့် အနေအထားတွင် ရှိနေသည်။ ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံတစ်ခုအတွက် ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းခြင်းသည် အရေးကြီးသည့် စမ်းသပ်ချက်ဖြစ်ကြောင်း Mitch McConnell က ပြောကြားထားပြီးနောက် ယခုကဲ့သို့ ပိတ်ဆို့မှုများ လျှော့ချပေးရန် တိုက်တွန်းလာခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ၁၉၈၈ ခုနှစ်ကစ၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အသိအမှတ်ပြုသည့် အနေဖြင့် ပိတ်ဆို့မှုအချို့ကို ခေတ္တရပ်ဆိုင်းပေးခဲ့သည်။ သို့သော် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် ကန့်သတ်တားဆီးမှုများရှိနေပြီး ယခင်အစိုးရလက်ထက်က ခရိုနီများနှင့် စီးပွားရေးလုပ်ဆောင်မှုများကိုလည်း ဆက်လက် တားမြစ်ထားသည်။
ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ လျှော့ချရန် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် နှစ်ဦး တိုက်တွန်း















