မြန်မာ့ကျန်းမာရေးစနစ် ပြု ပြင်းလဲရေးတွင် အကူအညီပေးရန် ယူကေ၊ ကာတာနိုင်ငံများနည်းတူ အမေရိကန်၊ ဆွီဒင်နိုင်ငံမှ ပညာရှင်များလည်း စိတ်ဝင်စား

မြန်မာ့ကျန်းမာရေးစနစ် ပြု ပြင်းလဲရေးတွင် အကူအညီပေးရန် ယူကေ၊ ကာတာနိုင်ငံများနည်းတူ အမေရိကန်၊ ဆွီဒင်နိုင်ငံမှ ပညာရှင်များလည်း စိတ်ဝင်စား
Published 21 November 2015
အိသဉ္ဖာကျော်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အကူအညီပေးရန် ယူကေ၊ ကာတာနိုင်ငံများနည်းတူ အမေရိကန်နှင့် ဆွီဒင်နိုင်ငံများမှ ပညာရှင်များကလည်း စိတ်ဝင်စားနေပြီး ယခုနှစ်အတွင်း လာရောက် ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ ရက်ကလည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် ယူကေနှင့် ကာတာနိုင်ငံများမှ ကျန်းမာရေးဆိုင်ရာ ဆရာဝန်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် တွေ့ဆုံမှုတွင် ယူကေနိုင်ငံ၊ တော်ဝင်ဂျီပီကောလိပ်မှ Dr.Eleanor Vogel၊ ကာတာနိုင်ငံ၏ ကျန်းမာရေးစနစ် ပြောင်းလဲမှုကို တာဝန်ယူ လုပ်ဆောင်နေသော ပြည်သူ့ကျန်းမာရေး ပညာရှင်  Dr.Joelle Bevington၊ မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ ဒေါက်တာမြင့်ဦး(ဂျီပီ)တို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကျန်းမာရေးကွန်ရက်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ကာတာနဲ့ ယူကေက ဆေးပညာရှင်တချို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးစနစ် ပြောင်းလဲဖို့အတွက် ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ အဓိကဆွေးနွေးခဲ့တာက မြန်မာနိုင်ငံရဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အဆင့်မြှင့်ဖို့၊ ကျန်းမာရေး ဘတ်ဂျက်နဲ့ ပေါ်လစီတွေကို ဒီထက်အဆင့်မြှင့်ဖို့ကို ဆွေးနွေးခဲ့တယ်။ နောက်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးပေါ်လစီကို ပြောင်းပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ  ကောင်းကောင်းလုပ်သွားဖို့ ရှိတယ်။ ပုဂ္ဂလိကကဏ္ဍကနေ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူနေကြတဲ့ ဘွဲ့ရအထွေထွေရောဂါကု ဆရာဝန်တွေကို အဆင့်မြင့် သင်တန်းတွေပေးဖို့ ကာတာနဲ့ ယူကေနိုင်ငံတွေကလည်း အကူအညီတွေပေးဖို့ ရှိတယ်။ ကျန်းမာရေးဘတ်ဂျက်တွေကို လူထုအကျိုး ထိရောက်မယ့် နေရာတွေမှာ အများဆုံးအသုံးပြုဖို့ လုပ်သွားမယ်။ အရင်အစိုးရလက်ထက်က ကျန်းမာရေး ဘတ်ဂျက်တွေကို မြှင့်လိုက်ပြီး ဆေးရုံတွေမှာ ပစ္စည်းတွေ၊ အခမဲ့ဆေးကုသခွင့်တွေ ပေးခဲ့တယ်ဆိုပေမယ့် ကျေးလက်နဲ့ မြို့နယ်တွေအဆင့်အထိ မရောက်ခဲ့ဘူး။ မြို့နယ်မှာ၊ ကျေးလက်မှာ သာမန်လူတွေကတော့ ဆေးရုံသွားရင် ဒီလိုပဲ အရင်လိုပဲ ဖြစ်နေတုန်းပဲ။ နောက်အစိုးရလက်ထက်မှာ ကျန်းမာရေး ဘတ်ဂျက်ပဲဖြစ်ဖြစ်၊ ပေါ်လစီပဲဖြစ်ဖြစ် အခြေခံကျန်းမာရေးမှာ ကောင်းကောင်းရင်းမြှုပ်နှံဖို့ ဆွေးနွေးခဲ့ကြတယ်။ လူထုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အခြေခံကျန်းမာရေးမှာ လုပ်နေရတဲ့ ဂျီပီဆရာဝန်တွေကို ဒီထက်အရည်အသွေးကောင်းအောင် လုပ်မယ်ဆိုတာမျိုးတွေကို ဆွေးနွေးခဲ့တာပါ။ နောက်ထပ်အမေရိကန်နဲ့ ဆွီဒင်နိုင်ငံတွေက ပညာရှင်တွေလည်း ထပ်လာဖို့ရှိပါတယ်”ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောပြခဲ့သည်။လက်ရှိ မြန်မာနိုင်ငံတွင် တစ်ဦးချင်း ကျန်းမာရေးအသုံးစရိတ်ပျမ်းမျှ ဒေါ်လာ ၃၀ အထိ ရှိလာပြီး လာမည့်ဆယ်စုနှစ်အတွင်း တစ်ဦးချင်း ကျန်းမာရေးအသုံးစရိတ် ဒေါ်လာ၂၀၀ အထိ မြင့်တက်လာနိုင်ကြောင်း နိုင်ငံတကာ မှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ခန့်မှန်းခဲ့ပြီး ဖြစ်သည်။  ယခု အစိုးရလက်ထက်မတိုင်မီက မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုရေးကဏ္ဍအတွက် အစိုးရအသုံးစရိတ်မှာ စုစုပေါင်းနိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀၀ အောက်သာရှိခဲ့ကြောင်း ယူနီဆက်(ဖ်)မှ ထုတ်ပြန်ချက်အရ သိရသည်။        

Most Read

Most Recent