ပြည်သူ့ဆန္ဒ အလေးထားသူသာ

ပြည်သူ့ဆန္ဒ အလေးထားသူသာ
Published 21 November 2015
မောင်တင်ဦး (မြောင်းမြ)

■နိုဝင်ဘာ ၈ ရက်အလွန်
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီမှာ မဲရုံပေါင်း လေးသောင်းကျော်ကို ပိတ်လိုက်ပြီ။ မဲဆန္ဒရှင်တစ်ဦးချင်းစီရဲ့ လျှို့ဝှက်ဆန္ဒကို ဖွင့်လှစ်ပြသရတော့မယ်။ ရင်ခုန်စရာ ကောင်းလိုက်တာ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲစာရင်းနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်လောင်းများ စာရင်းဆိုတဲ့ မဲပုံးလေးခုကို တစ်ခုချင်းစီ ရေတွက်ပါတယ်။ ကြိုတင်မဲစာရင်းလည်း ပါသေးတယ်။ ဒီမဲရုံက မဲရုံမှူးက ဥပဒေကို တိတိကျကျ လိုက်နာဟန်တူတယ်။ မဲပုံးထဲက မဲကို အများမြင်သာအောင် ထောင်ပြပြီး မဲကိုအသံကျယ်ကျယ်နဲ့ ရေတွက်တယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတစ်မဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တစ်မဲ၊ ရခိုင်အမျိုးသား ပါတီတစ်မဲ၊ စတဲ့ အော်ဟစ်ရေတွက်သံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကိုစိုးမိုးထားတယ်။ တစ်မဲ နှစ်မဲ သုံးမဲနဲ့ စောင့်ရတာ စိတ်မရှည်ချင်စရာ ဘာပဲဖြစ်ဖြစ် နှစ်ငါးဆယ်ကျော် စောင့်ခဲ့ရတာနဲ့စာရင် စိတ်ရှည်ရမယ်၊ သည်းခံရမယ်။
ဒီလိုနဲ့ နိုဝင်ဘာ ၁၅ ရက် ရောက်လာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၃၅ ဦး အောင်ပွဲ ခံနိုင်ခဲ့တယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၉၁ ဦး၊ စုစုပေါင်း ၈၈၁ ဦး အနိုင်ရရှိလိုက်တယ်။ NLD အစိုးရအဖွဲ့နိုင်ပြီး။ အစိုးရဖွဲ့နိုင်ပြီဆိုတာ သမ္မတ၊ ပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်လို့ရပြီ။ နိုင်ငံတော်ကို စီမံခန့်ခွဲလို့ရပြီ။ ပြည်သူနှင့်ပါတီ သွေးစည်းညီညွတ်ကြမယ် ဆိုရင် ဒီမိုကရေစီ နိုင်ငံတော်ကို အမှန်တကယ် တည်ဆောက်လို့ ရပြီပေါ့။ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝန်ကြီး၊ ဒုဝန်ကြီးဆိုတဲ့ အိပ်မက်ထက် လက်တွေ့ကျတဲ့ မည်သည့်နေရာမှမဆို ပါဝင်တာဝန်ယူကာ ပြည်သူ့အကျိုးကို သယ်ပိုးရမှာဖြစ်တယ်။
■သမ္မတ
ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ သမ္မတ အဆက်ဆက် ပြောင်းလဲခဲ့တယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အထိ ပြောင်းလဲခဲ့ပြီ။ ၁၉၆၂ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေက သမ္မတလား၊ ဝန်ကြီးချုပ်လား၊ တိတိကျကျ ခွဲမရခဲ့ဘ ူး။ နိုင်ငံတကာကို ပေးပို့တဲ့ သဝဏ်လွှာတွေမှာ သမ္မတလည်း ဖြစ်တယ်။ ဝန်ကြီးချုပ်ဆိုလည်း ဟုတ်နေပြန်ရော။ ကောင်စီတစ်ခုခုရဲ့ ဥက္ကဋ္ဌအနေနဲ့လည်း နာမည်ခံပြန်တယ်။ နိုင်ငံတော် အကြီးအကဲ ဆိုလား ဆိုသေးတယ်။ ရှိစေတော့။ ဘယ်ရာထူးနဲ့ဖြစ်ဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ နှစ် ၅၀ ကျော်ကြာခဲ့ပြီ။        
နိုဝင်ဘာ ၈ ရက် မတိုင်မီ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်စည်းရုံးပွဲမှာ အချို့ကိုယ်စားလှယ်လောင်းတွေက ပြောကြတယ်။ သူတို့ ပါတီနိုင်ခဲ့လျှင် လက်ရှိသမ္မတဦးသိန်းစိန်ကိုပဲ သမ္မတအဖြစ် ထပ်မံရွေးကောက်တင်                        မြှောက်မယ်လို့ ပြောကြတယ်။ ဒါဟာ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း မျိုးရိုးစဉ်ဆက် လက်
ဆင့်ကမ်း အာဏာရှင်တို့ရဲ့ အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။ မြောက်ကိုရီးယား အုပ်ချုပ်ပုံဟာ အဖေပြီးသား၊ သားပြီးမြေး အစဉ်အဆက်  အုပ်ချုပ်တဲ့ စနစ်ဖြစ်တယ်။ ပြည်သူ့ဆန္ဒဟာ သူတို့နိုင်ငံမှာ ဘာမျှ အရေးမကြီးသလိုပဲ။
ဒီလိုပြည်သူဆန္ဒမပါဘဲ၊ ပြည်သူဟာ ရွေးချယ်ခွင့်မရဘဲ ပေါ်ပေါက်လာတဲ့ သမ္မတတွေဟာ မြန်မာနိုင်ငံမှာ အတော်များခဲ့ပြီ။ အချို့သမ္မတက ကိုယ့်ကိုယ်ကိုယ် ပြန်ရွေးတယ်။ ၁၉၇၄ ခုနှစ်က ဖြစ်တယ်။ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့သမ္မတအဖြစ် ဦးနေဝင်းကို ရွေးချယ်ခဲ့တာ သာဓကပဲ။ နောက်ထပ်သမ္မတများကိုလည်း ဦးနေဝင်း လျာထားပေးသူတွေကိုပဲ သမ္မတ ခန့်အပ်ခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဝင်တွေကရော ပြည်သူတွေကပါ ထိထိရောက်ရောက် ဆန္ဒပြုနိုင်ခွင့် မရခဲ့ကြဘူး။ တစ်ပါတီနိုင်ငံရေးခေတ်မှာ ခန့်အပ်ခံသမ္မတနဲ့ ၁၉၈၈ ခုနှစ်ထိ ရပ်တည်လာခဲ့တယ်။ ရွေးချယ်ခံ သမ္မတဆိုတာ ပီပီပြင်ပြင်မရှိခဲ့ဘူး။ သမ္မတလို အရေးကြီးတဲ့ကိစ္စများသာ မဟုတ်ဘူး။ ရပ်ကွက်ထဲ ပါတီစိတ် အတွင်းရေးမှူး ရွေးတာ၊ ရပ်ကွက်ကောင်စီရွေးတာ၊ သမဝါယမ အမှုဆောင်ရွေးတာကအစ အထက်က လျာထားပေးတဲ့သူကိုပဲ ရွေးပေးခဲ့ရတာ။ အစဉ်အလာ ဖြစ်ခဲ့တယ်။ လူတွေ အပိုးကျိုးကုန်တယ်။ ကိုယ့်ဆန္ဒကို ကိုယ်ပြန်ဖော်ထုတ်တတ်တဲ့ အသိတွေ၊ သတ္တိတွေ ပျောက်ကုန်တယ်။ အထက်က အမိန့်မပါရင် ဘာမှ မလုပ်တတ်တော့ဘူး။
၂၀၁၅ ခုနှစ်ဟာ ၂၀၁၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လျှောက်တဲ့ နှစ်ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံနေ ပြည်သူတွေဟာ မိမိကိုယ်ကိုယ်မိမိ တာဝန်ယူရတယ်။ နိုင်ငံရဲ့ အဆိုးအကောင်းဟာ မိမိရဲ့ ရွေးချယ်မှု ဖြစ်တယ်။ ပါတီကို ရွေးချယ်ခဲ့ပြီး ပြီ။ ခု သမ္မတကိုလည်း မိမိတို့ ရွေးချယ်ရမယ်။ 
ဒါပေမဲ့ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေမှ ပုဒ်မ ၆၀ (က) အရ နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမယ်။ . . . . လို့ဆိုထားတယ်။ အလွန်အရေးကြီးတဲ့ သမ္မတကို ရွေးချယ်ဖို့ အရေးကိစ္စကျတော့ နိုင်ငံသားတွေက တိုက်ရိုက် ရွေးချယ်ခွင့် မရဘူးဆိုတာကို သိသာစေလိုက်တာပဲ ဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီနည်းကျသလား။ ဒီမိုကရေစီကို ကျင့်သုံး မယ့် ဖွဲ့စည်းပုံဥပဒေလား၊ ဒါကိုလတ်တလော မပြုပြင်နိုင်သေးပေမယ့် နည်းလမ်းတော့ ရှာရမယ်။
စင်စစ် ပြည်သူ တင်မြှောက်လိုတဲ့ သမ္မတက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် ဖြစ်တယ်ဆိုတာ အထူးတလည် ပြောစရာမလိုဘူး။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) အရ သမ္မတဖြစ်ခွင့် မရှိလို့ ဥပဒေကို လိုက်နာတဲ့ ယဉ်ကျေးမှုရှိတဲ့ ပြည်သူက ခံနေလိုက်ရတာ။ ခုတော့ရှိစေဦး။ တစ်နေ့တော့ ဖြစ်လာမှာပါ။ လက်ရှိဖွဲ့စည်း ပုံအရ ပြည်သူ့လွှတ်တော်မှ ဒုသမ္မတတစ်ယောက်၊ အမျိုးသားလွှတ်တော်မှ ဒုသမ္မတ တစ်ယောက်ကို NLD ပါတီမှ မဲအများစု  ရထားတာကြောင့် ရွေးချယ်နိုင်ပြီ ဖြစ်တယ်။ ဒါကြောင့် ပြည်သူအများစု ထောက်ခံတဲ့ ဒုသမ္မတနှစ်ယောက်ကို တစ်ပြိုင်နက် လျာထား ရွေးချယ်ထားဖို့ လိုမှာဖြစ်တယ်။
သမ္မတဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၇ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်. . လို့ ရေးသားထားတယ်။ ဒါဟာ သမ္မတ တစ်ယောက်ရဲ့အရေးပါပုံကို ထင်ဟပ် ပြနေတာ ဖြစ်တယ်။ လူသာမန်မဟုတ်တော့ဘဲ နိုင်ငံတော်ကဲ့သို့ အရေးကြီးတဲ့ လူပုဂ္ဂိုလ်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ရေးသားထားတာ ဖြစ်တယ်။ နိုင်ငံတော်ကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို တောက်ပြောင်စေနိုင်တဲ့ လူပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဆိုလိုထားတာ ဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ သမ္မတ ဖြစ်ခွင့်ရှိပေမယ့် သမ္မတ ဖြစ်လာတဲ့ နိုင်ငံသားဟာ သာမန်နိုင်ငံသားထက် များစွာ သာလွန်မြင့် မြတ်နေရမယ်။ ဒါမှ ထိုပုဂ္ဂိုလ်က နိုင်ငံတော်ကို ကိုယ်စားပြုနိုင်မှာ ဖြစ်တယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံးအတွက် အထွတ်အထိပ် နေရာရရှိသည်။ . . . . လို့ဆိုထားတယ်။ နိုင်ငံသား အားလုံးရဲ့ အထွက်အထိပ် နေရာဆိုတာ ပြည်သူတစ်ဦးချင်းစီထက် သာလွန်တဲ့ သဘောကို ဆောင်နေတယ်။ ကိုယ့်အထက်ကနေရာမှာ ရောက်လာဖို့ ကိုယ်ကလိုလိုလားလား ရှိဖို့လိုတယ်။ ကိုယ့်အထက်ကို ကိုယ့်ဆန္ဒမပါဘဲ နေရာယူလာသူကိုတော့ မလိုလားတာ အမှန်ပဲ။ ဆိုတော့ ကိုယ့်အထက်က အထွတ်အထိပ် နေရာကို ကြည်ကြည်ဖြူဖြူ ပေးချင်တယ်။ ကိုယ့်ဆန္ဒ (ပြည်သူ့ဆန္ဒ)ကို ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ခွင့်ပြုဖို့လိုပါတယ်။
မတရားတဲ့ တစ်ဖက်သတ် အနိုင်ကျင့် ဥပဒေကြောင့် ပြည်သူ့ဆန္ဒအတိုင်း သမ္မတ ဖြစ်စေချင်သူကို သမ္မတ မဖြစ်စေတာဟာ တကယ်တော့ ဝမ်းနည်းဖို့ ကောင်းလွန်းပါတယ်။ ဒီတော့ ပြည်သူလိုလားသူ သမ္မတချက်ချင်း ဖြစ်မလာသေးတဲ့တိုင် ပြည်သူ့ဆန္ဒနဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်ကိုတော့ ရွေးချယ်ခွင့်ရဖို့ လိုအပ်တယ်။ 
ထိုပုဂ္ဂိုလ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူကို ချစ်မြတ်နိုးရုံသာမက သေတစ်ပန် သက်တစ်ဆုံး သစ္စာရှိရမယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံနဲ့အတူ ပေါက်ဖွားလာတဲ့ နိုင်ငံတော်ကို ပြုပြင် ပြောင်းလဲဖို့ ဦးလည်မသုန် တာဝန် ထမ်းဆောင်လာတဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်ရေးအတွက် အခက်အခဲပေါင်းစုံ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို သစ္စာရှိရမယ်။ ထိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ယနေ့အထိ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပဲ့ကိုင်ပေးလာမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံ သစ္စာရှိသူ ဖြစ်ရမယ်။
ထို့ပြင် အမြင်ကျယ်သူ၊ ပြုပြင်ပြောင်းလဲလိုစိတ် ရှိသူ၊ နိုင်ငံရေးအသိကြွယ်ဝသူ၊ ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူ့ဘဝကို မမေ့သူ ဖြစ်ရမယ်။
အတိတ်မှာ ဒဏ်ရာများကြောင့် သမ္မတဆိုတာဟာ လူတန်းစားတစ်ရပ်ရဲ့ လူထူးလူဆန်း အဖြစ် သိမြင်ခံစားခဲ့ရပါတယ်။ အဲဒီ ဒဏ်ရာများမှ ကင်းဝေစေတဲ့ ပြည်သူရွေးတဲ့သူသာ သမ္မတအဖြစ် မြင်ရပါစေကြောင်း ဆုတောင်းနေရပါတယ်။

Most Read

Most Recent