ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် မြစ်မခချောင်းအတွင်း စီးပွားရေးသမားများက ဓာတုဆေးချမှုများကြောင့် ဒေသခံတံငါမိသားစုများမှာ ငါးရှားပါးမှုများဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ငါးရှားပါးမှုကြောင့် အခက်အခဲ ဖြစ်ပေါ်နေသည့် ကျေးရွာများမှာ တံငါလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသည့် အုတ်ဖိုမြို့နယ်အတွင်းရှိ တက်ဆွဲ၊ မှက္ကတန်၊ ဘိသ လွန်၊ အောက်ရွာလေး၊ ဂွေးကုန်း၊ ချောင်းနက်၊ ချောင်းရိုး၊ လက်ဖျော်ပင်၊ သရက်ကုန်းကျေးရွာအပါဝင် ကျေးရွာပေါင်း ၄၀ ခန့်မှ တံငါမိသားစုများ ခံစားနေရပြီး စီးပွားရေးလုပ်ငန်းရှင်များက အစိုးရ၏ ခွင့်ပြုချက်ထက် ကျော်လွန်ပြီး ငါးထောင်ခြင်း၊ ဆေးချခြင်း၊ ရှော့ခ်တိုက်ခြင်းတို့ကြောင့် ငါးရှားပါးမှုအပြင် ချောင်းရေညစ်ညမ်းကာ သောက်သုံးရေအဖြစ် အသုံးပြု၍ မရကြောင်းသိရသည်။“ကျွန်တော်တို့ မြစ်မခချောင်းထဲမှာ နှစ်ပေါင်းများစွာကတည်းက ဓာတုဆေးတွေနဲ့ သတ်ဖြတ်နေတယ်။ ဒါတွေကို တိုင်ကြားပေမယ့်လည်း ငါးလုပ်ငန်းဦးစီးဌာနက စီးပွားရေးသမားတွေကို ဦးစားပေးနေတယ်။ သူတို့ဘက် က မူမမှန်တဲ့ လုပ်ငန်းတွေလုပ်တယ်။ ကျားပိုက်နှစ်လုံးကို ဖမ်းမိတယ်။ ဒါကို ဦးစီးဌာနက ပိုင်ရှင်မဲ့လုပ်ပစ်တယ်။ ကျွန်တော်တို့ မရှိဆင်းရဲသားတွေက ဒီချောင်းကြီးကို မှီခိုအားထား စားသောက်နေရတော့ မြစ်မခချောင်းက ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဖြစ်နေတဲ့ အတွက် ကာကွယ်တော့လည်း ဘာမှထူးခြား မလာဘူး။ လက်ရှိမှာ ပိုက်တွေပါးလာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဓာတုဗေဒဆေးတွေနဲ့ သတ်ဖြတ်နေရုံတင်မကဘူး ငါးပိငါးခြောက်တွေမှာလည်း ဓာတုဆေးတွေကို သုံးနေတယ်” ဟု ဦးအောင်ကြီးက ဆိုသည်။ယင်းငါးလုပ်ငန်းရှင်များကို ဥပဒေနှင့်အညီ လုပ်ကိုင်ရန်နှင့် ကျူးလွန်သူများကို စစ်ဆေးအရေးယူပေးရန် ၂၀၁၁ ခုနှစ်မှစကာ အကြိမ်ပေါင်းငါးကြိမ်ခန့် ဒေသခံ လက်မှတ်များဖြင့် တိုင်ကြားခဲ့သော်လည်း စစ်ဆေးအရေးယူမှု လုပ်မပေးခြင်းကြောင့် ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။“လက်ရှိ မြစ်မခချောင်းနဲ့ ပတ်သက်လို့ကတော့ လုပ်ငန်းရှင်တွေက ချက်ပွားတွေ ရောင်းစားတယ်။ ဓာတုဆေးတွေ ချတယ်။ ဒါတွေကို ငါးလုပ်ငန်းဦးစီးဌာနကို တိုင်တယ်။ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး” ဟု တက်ဆွဲကျေးရွာမှ ကိုဖိုးစောင်းက ဆိုသည်။အဆိုပါချောင်းမှာ မိုးညိုမြို့နယ် မြစ်သာမှ စတင်စီးဆင်းပြီး ရန်ကုန်လှိုင်မြစ်အတွင်း စီးဝင်သွာကာ ယခုနှစ်များအတွင်း ဓာတုဆေးချမှုများကြောင့် ငါးပေါက်နှုန်းများ လျော့ကျခဲ့ပြီး အင်းသမားများ အရှုံးပေါ်နေကြောင်း၊ လေလံဆွဲထားသည့် လုပ်ငန်းရှင်အများစု လေလံကန့်သတ်ချက်များအတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ လက်ပွားများအဖြစ် ဆက်လက် ရောင်းချနေခြင်းများလည်းရှိကြောင်း၊ အနီးတစ်ဝိုက် ဖြတ်သန်းသွားသည့် ငါးဖမ်းလှေငယ်များအတွက် ကျားပိုက်များမှာ အသက်အန္တရာယ် အများဆုံးဖြစ်နိုင်သည့် နေရာဖြစ်ကြောင်း သဘာပတ်ဝန်းကျင် စိတ်ဝင်စားသူ ကိုနေမျိုး က ပြောကြားသည်။သာယာဝတီခရိုင်အတွင်း ကျားပိုက်ထာင်ခွင့် ပြုထားမှုမှာ ၅၄ ခုရှိနေပြီး ဆင့်ပွားလုပ်ကိုင်မှုများလည်း ရှိကြောင်းသိရသည်။
အုတ်ဖိုမြို့နယ် မြစ်မခချောင်းအတွင်း ဓာတုဆေးချပြီး ငါးဖမ်းမှုများကြောင့် ဒေသခံ တံငါမိသားစုများ ငါးရှားပါးမှုဖြင့် ရင်ဆိုင်နေရကာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်















