မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ဝင်း၏ နာမည်၊ ဓာတ်ပုံတို့ဖြင့် မသမာသူမှ Facebook အကောင့်အတုဖွင့်ကာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ဘာသာရေး ပုတ်ခတ်မှုများ ရေးသားမှုများ ပြုလုပ်ခဲ့သဖြင့် ကာယကံရှင်မှ နိုဝင်ဘာ ၂၀ ရက်က မှော်ဘီမြို့မ ရဲစခန်းသို့ အသိပေး အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။
Aung Win အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဦးအောင်ဝင်း ကိုယ်တိုင် အသုံးပြုသည့် Facebook အကောင့်မှ ဓာတ်ပုံများအား ခိုးယူကာ မသမာသူမှ နာမည်တူအကောင့်အတု တစ်ခုကိုပြုလုပ်ကာ နိုဝင်ဘာ ၁၇ ရက်မှ စတင်ပြီး ဘာသာရေး ပုတ်ခတ်သည့်စာများ၊ တပ်မတော်အား အပုပ်ချသည့် စာများအား ပြန်လည်ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးအောင်ဝင်းမှ ထင်ယောင်ထင်မှား မဖြစ်စေရန်အတွက် မှော်ဘီမြို့မ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက ”အကောင့်အတုပေါ့။ ဒီအကောင့်က နိုဝင်ဘာ ၁၇ ရက် လောက်က ပေါ်တယ်။ အစ်ကို့ဓာတ်ပုံနဲ့ အကောင့်အတုကနေပြီးတော့ ဘာသာရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲရောက်ရင် မဘသ တွေကို ရှင်းပစ်မယ်တို့ဆိုတာတွေ ရေးတယ်။ နောက်တစ်ခုကလည်း ကာချုပ်ကို အပုပ်ချ တဲ့စာတွေကို တခြားအကောင့်က ရေးထားတာကို အစ်ကို့အကောင့်တုနဲ့ ပြန်ရှဲတာတို့ လုပ်တယ်။ အစ်ကို့ အကောင့်အစစ်ကိုကျအောင် ရီပို့လုပ်လို့ အိုင်ဒီလော့ကျသွားတော့ ပတ်စ်ပို့မိတ္တူတွေနဲ့ Facebook ကိုပို့တော့ အခုပြန်ရပါပြီ။ အကောင့်အတုကိုလည်း Facebook က ပိတ်လိုက်တယ်လို့ စာပြန်လာတယ်။ ဒါကြောင့် အကောင့်တုလုပ်ပြီး ဒါမျိုး ရေးသားထားတယ်ဆိုတာကို ဒီနေ့ပဲ ရဲစခန်းကိုသွားပြီး အကြောင်းကြား တိုင်ထားပါတယ်”ဟု နိုဝင်ဘာ ၂၀ ရက်က ပြောကြားသည်။
မှော်ဘီမြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်နိုင်ငြိမ်းက “ဟုတ်ပါတယ်။ အမှုဖွင့်တိုင်ကြားတာတော့ မဟုတ်ပါဘူး။ အကောင့်တုနဲ့ ဒါမျိုး ရေးသားနေတယ်ဆိုတာကို လာပြီးအသိပေး အကြောင်းကြားတာပါ”ဟု အတည်ပြု ဖြေကြားသည်။
ဦးအောင်ဝင်းကိုယ်တိုင် အသုံးပြုသည့် Aung Win အမည် အကောင့်အစစ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းနှင့် အကောင့်အတုဖြင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေရန် ဖန်တီးနေကြောင်း ဦးအောင်ဝင်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား အပုတ်ချ ရေးသားမှုကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ) ဖြင့် ဖမ်းဆီး အရေးယူမှုများ ရှိခဲ့သည်။
အနိုင်ရ မှော်ဘီမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်း၏ အမည်၊ ဓာတ်ပုံဖြင့် Facebook အကောင့်အတုဖွင့်ကာ ဘာသာရေး ပုတ်ခတ် ရေးသားမှုကြောင့် ကာယကံရှင်က ရဲစခန်းသို့ အသိပေး အကြောင်းကြားထား















