လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြရာတွင် အလုပ်သမားများဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သဖြင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရသော ကိုသူဇော်ကြည်ဝင်း နှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား နိုဝင် ဘာ၂၀ ရက်က ရန်ကင်းမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေရုံးချိန်းတွင် တရားလိုဘက်မှ အမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်ကို မြို့နယ်တရားရုံးသို့လျှောက်တင်ခဲ့ပြီး စွပ်စွဲခံရသူတို့ဘက်မှာ ပြီးခဲ့သည့်အောက်တိုဘာ ၃၀ ရက်ကတည်းက အပြီးသတ်လျှောက်တင်ချက်ကို တရားရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။“စွပ်စွဲခံရသူနှစ်ဦးက ထောင်ကျခံဖို့ အဆင့်သင့်ဖြစ်နေတဲ့အချိန်မှာတောင် ကျန့်ကြာမှုတွေ ရှိနေတယ်။အမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြီးတော့ တရားလိုဘက်က လျှောက်လဲချက်တင်တာ နောက်ကျတာကို တရားရုံးက မှတ်တမ်းတင်ထားစေလိုပါတယ်”ဟု တရားစွဲဆိုခံထားရသော ကိုသူဇော်ကြည်ဝင်းက တရားခွင်အတွင်းပြောကြားခဲ့သည်။တရားသူကြီး အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ တစ်ဦး၏ ထွက်ဆိုချက်တွင် မရှင်းလင်းသည့် အကြောင်းအရာအချို့ရှိမှုကြောင့် ၎င်းအား ပြန်ခေါ်စစ်ဆေးမည်ဖြစ်ပြီး အမှုအား မြန်ဆန်မှုထက် မှန်ကန်မှုကိုလည်း အလေးပေးဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။“တရားလိုဘက်က လျှောက်လဲချက် ဒီနေ့မှလာပေးတယ်။ ပေးတဲ့အခါကျတော့ တရားသူကြီးက အမိန့်ချဖို့အတွက်ကို တရားလိုပြသက်သေထဲက ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ထွက်ဆိုထဲမှာ တရားသူကြီးက မရှင်လင်းတဲ့အချက် နှစ်ချက်ရှိတယ် ပြောတယ်။ သူ မရှင်းတဲ့အချက် နှစ်ချက်ကို သမ္ဗာန်စာထုတ်ပြီးတော့ ခေါ်မေးမယ်။ အဲ့တာခေါ် မေးပြီးမှ အမိန့်ချမှာ။ အဲ့တာကြောင့် ရုံးချိန်းကို ၃ ရက်နေ့ပြန်ချိန်းလိုက်ပါတယ်”ဟု တရားစွဲခံထားရသူ နှစ်ဦး၏ ရှေ့နေ ဦးနေလင်းအောင် က ပြောကြားခဲ့သည်။ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ရက် ညနေပိုင်းက ရွှေပြည်သာမြို့နယ်ရှိ စက်ရုံသုံးရုံ၏ အလုပ်သမားတစ်ထောင်ကျော်က အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုရာ၌ကို သူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့က ဦးဆောင် ကူညီဆောင်ပေးခဲ့သည် ဟုဆိုကာ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရပြီးပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် ရန်ကင်းမြို့နယ် တရားသူကြီးက အဆိုပါပုဒ်မဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားရင်ဆိုင်နေရသော အလုပ်သမားအရေး ဆောင်ရွက်ပေးသူ နှစ်ဦး၏အမှု တရားလိုပြသက်သေတစ်ဦးအား ပြန်ခေါ်စစ်ဆေးမည်ဖြစ်၍ အမိန့်မချဖြစ်သေး















