နိုင်ငံကို သံဖနောင့်ဖြင့် နင်းခြေခဲ့သူ

နိုင်ငံကို သံဖနောင့်ဖြင့် နင်းခြေခဲ့သူ
Published 20 November 2015
မြတ်သစ်

အာဏာရှင် ဖရန်ကို သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပြီ။ သမိုင်းပညာရှင်များသည် အာဏာရှင်ဖရန်ကို၏ နှစ်ပေါင်းများစွာ အာဏာရယူခဲ့မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူလူထုအပေါ် ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ပတ်သက်၍ လည်းကောင်း သုတေသန ပြုလျက်ရှိသည်။
၁၈၉၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၇၅ နိုဝင်ဘာ ၂၀ ရက်တွင် ကွယ်လွန်ခဲ့သော ဖရန်စစ္စကို ပေါ်လီနိုဟာမီနီဂျီဒို ဖရန်ကိုဘဟာမွန်ဒီမှာ နာမည်ရင်းဖြစ်ပြီး ၎င်းကို ဖရန်စစ္စကိုဖရန်ကိုဟု လူသိများခဲ့သည်။ ဖရန်ကိုမှာ စပိန်လူမျိုး ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ၁၉၃၆-၃၉ နှစ် များတွင်လည်းကောင်း၊ ၁၉၇၅ ခုနှစ် သေဆုံးချိန်ထိ လည်းကောင်း စပိန်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။
၁၉၃၁ ခုနှစ်တွင် စည်းမျဉ်းခံ ဘုရင်စနစ်မှနေ၍ ရီပတ်ဘလစ်စနစ်သို့ ကူးပြောင်းခဲ့သော စပိန်နိုင်ငံတွင် ကွန်ဆာဗေးတစ်ပါတီသည် ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲများတွင် လက်ဝဲ ပေါ်ပြူလာတပ်ဦးကို ရှုံးနိမ့်သွားခဲ့ သည်။ ဤအခါတွင် ကွန်ဆာဗေးတစ်ဝါဒကို လက်ခံယုံကြည်ထားသည့် ဖရန်ကိုနှင့် အခြား စစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် စပိန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ပြည်တွင်းစစ်တွင် အခြားစစ်ဗိုလ်ချုပ်များ သေဆုံးသွားသည့်အချိန်တွင် ဖရန်ကိုသည် ခေါင်းဆောင်ရာထူးကို ရရှိခဲ့သည်။
အစွန်းရောက် မျိုးချစ်ဝါဒကို ချုပ်ကိုင်ထားသော ဖရန်ကိုမှာ စစ်တပ်၏ ကျောထောက်နောက်ခံ ပြုမှုကိုလည်း ရရှိရုံသာမကဘဲ နာဇီဂျာမနီနှင့် အီတလီနိုင်ငံမှ ဖက်ဆစ်များ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ လက်ဝဲအယူအဆ ကိုင်စွဲထားသည့် ရီပတ်ဘလစ်ကန်များကို စပိန်ကွန်မြူနစ်များနှင့် မင်းမဲ့ဝါဒီများက ထောက်ခံခဲ့သလို ဆိုဗီယက်ပြည်ထောင်စုနှင့် မက္ကဆီကိုတို့ကလည်း ထောက်ခံခဲ့သည်။ ပြည်တွင်းစစ်တွင် ပြည်သူငါးသိန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးတွင် ဖရန်ကို အနိုင်ရရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဖရန်ကိုသည် အာဏာရှင်စနစ်ဖြင့် စပိန်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ မိမိကိုယ်မိမိလည်း တိုင်းပြည် ခေါင်းဆောင်အဖြစ် ကြေညာခဲ့သည်။ ဖရန်ကို လက်ထဲတွင် ပါတီများ တည်ထောင်ခွင့် ပိတ်ပင်ထားပြီး တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့သည်။ ဖရန်ကိုလက်ထက်တွင် နိုင်ငံရေးသမားများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံရေး အယူအဆ ကွဲပြားနေသူများနှင့် သဘောတရား မတူသူများကို သတ်ဖြတ်ခြင်းများနှင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ချမှတ်မှုများကို ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံရေးသမား နှစ်သိန်းမှနေ၍ လေးသိန်းထိ သေဆုံးခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးသည့်နောက် ၁၉၅၀ ပြည့်နှစ်များမှစ၍ ဖရန်ကိုသည် အာဏာရှင်စနစ်မှနေ၍ ဗဟုဝါဒကို အတန်အသင့်မျှ ကျင့်သုံးသည့် အာဏာရှင်စနစ်ကို ပြောင်းလဲခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလတွင် ဖရန်ကိုသည် ကွန်မြူနစ်ဆန့်ကျင်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ဖရန်ကို သေဆုံးပြီးနောက် သက်ဦးဆံပိုင် စနစ်ကို ပြန်လည် ကျင့်သုံးရန်အတွက် ဘုရင်ဂျူအမ်ကာလို့စ်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ကာလို့စ်သည် သက်ဦးဆံပိုင် စနစ်မှနေ၍ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အခြေခံဥပဒေသစ်ကိုလည်း ရေးဆွဲခဲ့သည်။ ဤသို့ဖြင့် စပိန်နိုင်ငံသည် ဒီမိုကရက်တစ် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဖရန်ကိုလက်ထက်တွင် ပြည်သူလူထုများမှာ ဆင်းရဲဒုက္ခများ ရောက်ရှိခဲ့ကြသော်လည်း အာဏာရှင် ဖရန်ကို၏ မိသားစု၏ ချမ်းသာကြွယ်ဝမှုမှာ ယူရို သန်း၃၅၀ မှနေ၍ ၆၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားခဲ့သည်။
ဗြိတိန် သမိုင်းပညာရှင် ပေါလ်ပရက်စတန်သည် အာဏာရှင်ဖရန်ကို၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည်။ သူက ဖရန်ကိုသည် အလုံးစုံ မုသား ပြောဆိုခဲ့သူဖြစ်ကြောင်း၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် မိမိအနေဖြင့် စပိန်နိုင်ငံကို ကာကွယ်သူဖြစ်ကြောင်း ပြောကြားခဲ့ခြင်းမှာ အကြီးမားဆုံး မုသား ဖြစ်သည်ဟု ပရက်စတန်က ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဖရန်ကိုသည် ကြားနေရန် ကြိုးစားမှုမှာ မဟုတ်ဘဲ ဖက်ဆစ်တွေဘက်မှ ရပ်တည်ရန် ကြိုးစားခဲ့သူတစ်ဦး ဖြစ်သည်ဟု လန်ဒန် စီးပွားရေးတက္ကသိုလ်မှ စပိန်နိုင်ငံနှင့်ပတ်သက်၍ သုတေသနပြုနေသူ ပါမောက္ခ ပရက်စတန်က ရေးသားထားခဲ့သည်။ ဖရန်ကိုနှင့် ၎င်း၏အဖွဲ့ အာဏာရစေရန် ဂျာမနီ နာဇီ ခေါင်းဆောင် ဟစ်တလာနှင့် အီတလီမှ ဖက်ဆစ်ခေါင်းဆောင် ဘင်နီတိုမူဆိုလိုနီက ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ဖက်ဆစ်အာဏာရှင် တစ်ဦးဟုဆိုရမည့် ဖရန်ကိုသည် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့အထိ တိုင်းပြည်ကို သံမဏိ လက်သီးဆုပ်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည်။
စပိန်နိုင်ငံသည် အင်အား ချည့်နဲ့နေပြီး ထို့အတွက် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရန် အင်အားမရှိသဖြင့် အင်အား ပြည့်ဝလာစေရန် နာဇီဂျာမနီထံမှ ထောက်ပံ့မှုကို ရယူခဲ့သည်။ စပိန်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်တွင် ပါဝင်ခဲ့ခြင်းမရှိသည်မှာ မှန်သော်လည်း ဖရန်ကိုသည် ဆိုဗီယက်တို့ကို တိုက်ခိုက်ရန် အတွက် အပြာရောင်တပ်ဖွဲ့များ အမည်ဖြင့် အပျော်တမ်း တပ်ဖွဲ့များကို ဂျာမနီနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဖရန်ကိုနှင့် ပတ်သက်၍ စပိန်သမိုင်း ပညာရှင် တစ်ဦးကလည်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “အပျော်တမ်း တပ်ဖွဲ့ဝင် ၄၇၀၀၀ ဟာ ဆိုဗီယက်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို အပျော်တမ်း တပ်ဖွဲ့ဝင်တွေ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စပိန်နိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်မှာ မပါဝင်ခဲ့ဘူးလို့ မဆိုနိုင်ပါဘူး”ဟု မှတ်ချက်ချခဲ့သည်။
သမိုင်းပညာရှင် ပရက်စတန်က ဖရန်ကိုသည် အတ္တအင်မတန် ကြီးမားသူ၊ ရက်စက် ကြမ်းကြုတ်သူ၊ ကွန်မြူနစ်ဝါဒကို ရွံ့မုန်းသူ တစ်ဦးဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် ဖရန်ကိုသည် ကောက်ကျစ် စဉ်းလဲသူ တစ်ဦးဖြစ်ကြောင်းနှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အချိန်အခါနှင့် လျော်ညီစွာ ပြောင်းလဲ လုပ်ဆောင်ရာ၌လည်း ထူးချွန်သူတစ်ဦး ဖြစ်ကြောင်း ရေးသားထားသည်။ ဖရန်ကိုသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျူးလူမျိုးများကို ကယ်တင်ခဲ့သည်ဟု ရေးသားထားမှုများနှင့်ပတ်သက်၍ ပရက်စတန်က ဟစ်တလာကဲ့သို့ ဂျူးများကို အမြစ်ဖြုတ်ရန် ဖရန်ကိုသည် စိတ်ကူးမရှိသော်လည်း ဂျူးများနှင့်ပတ်သက်၍ ဆီးမိုက်ဆန့်ကျင်ရေး အယူအဆများ ရှိနေသူတစ်ဦး ဖြစ်သည်။ ၁၉၄၇ ခုနှစ်က စပိန်အစိုးရသည် စပိန်နိုင်ငံ သို့ ဂျူးများ လာရောက်နိုင်ကြောင်း လက်ကမ်းလွှာများ ဖြန့်ချိခဲ့ဖူးသည်။ ဤအချက်နှင့် ပတ်သက်၍ “ဒါလိမ်လည်မှု သက်သက်မျှသာဖြစ်ကြောင်း၊ စပိန်နိုင်ငံကို ဂျူးများ လာရောက်ခွင့်ဆိုသည်မှာ လက်တစ်ဆုပ်စာမျှသာ ဖြစ်ကြောင်း”ပရက်စတန်က ရေးသားထားသည်။
၁၉၄၆ ခုနှစ်တွင် ဖရန်ကိုက မိမိသည် အလုပ်ကိုသာ မက်မက်မောမော လုပ်ဆောင်လိုသူ တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းမှာ ပကတိဖြစ်ရပ်မှန်နှင့် ကွဲလွဲပြီး ဖော်ပြထားခြင်းမျှသာ ဖြစ်သည်။ ဖရန်ကိုသည် ဂေါက်သီးရိုက်ခြင်း၊ ငါးမျှားခြင်းနှင့် အမဲလိုက်ခြင်းကို ခုံမင်နှစ်သက်သူဖြစ်သည်။ ပြည်တွင်း စစ်ကာလတွင် တပ်မတော်သားများသည် ရှေ့တန်းတိုက်ပွဲတွင် အငတ်ငတ်အပြတ်ပြတ်နှင့် တိုက်ပွဲဝင်နေရချိန်တွင် ဖရန်ကိုသည် ဇိမ်ခံနေခဲ့သည်။ ထို့အပြင် မီလျံနာတစ်ဦး ဖြစ်အောင် ကြိုးစားနေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်ကာလတွင် ဖရန်ကိုသည် ယခင် စပိန်သုံးငွေ ပတ်ဆီတာ ၃၄ သန်းခန့် ပိုင်ဆိုင်နေ သည်။ ယနေ့ခေတ်နှင့်တွက်လျှင် ယူ ရို ၃၈၈ သန်း (ဒေါ်လာ ၄၁၆ သန်း) ပိုင်ဆိုင်နေသည်။ စပိန်နိုင်ငံသမိုင်းတွင် ဖရန်ကိုလက်ထက်သည် အကျင့်ပျက် ခြစားမှုအများဆုံး ဖြစ်ခဲ့သည်။ ဖရန်ကိုသည် အကျင့်ပျက်ခြစားမှုများကို ဖုံးကွယ်ရန်အတွက် တရားဥပဒေ၏ အကာအကွယ်ကို ရယူပြီး လုပ်ဆောင်မှုများကြောင့် ၎င်းကို အရေးယူရန် မဖြစ်နိုင်ခဲ့ပေ။
အာဏာရှင် ဖရန်ကိုက အာဏာရှင် စနစ် တည်မြဲစေရန်အတွက် ဘုရင် ဂျူအမ်ကာလို့စ်ကို ခန့်အပ်ခဲ့သော်လည်း ကာလို့စ်က ဖရန်ကို၏ ခိုင်းစေချက်များကို မလိုက်နာဘဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သဖြင့် စပိန်နိုင်ငံသည် အာဏာရှင် စနစ်အောက်မှ လွတ်မြောက် ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent