ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုဇုန် (၂) အတွင်း မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းပေါ်ရှိ ရွှေပဲဆီသန့်စက်ရုံတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၄ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်ကျွမ်းမှုမှာ စက်ရုံအတွင်းရှိ ပေ ၈၀ × ၅၀၀၊ ပေ ၆၀ × ၆၀၀ အကျယ်ရှိသော ဂိုဒေါင်နှစ်ခုအား အရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့ပြီး ဂိုဒေါင်အတွင်းရှိ ဆီကြိတ်စက်ခုနစ်လုံး၊ ဆီစစ်စက်လေးလုံး၊ ဆီဆန်ခါ စက်နှစ်လုံး၊ ပဲအိတ်များနှင့် မော်တော်ယာဉ်တစ်စီးတို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။“အခုမီးလောင်တဲ့နေရာက ဆီပုံးတွေ ဆီကြိတ်စက်တွေ ထားတဲ့နေရာလို့ သိရတယ်။ မီးစလောင်တော့ ဆီပုံးတွေထပေါက်တာမျိုး ရှိတယ်။ မီးတောက်ကြီးတယ်။ အရင်ကလည်း ဒီနေရာက တစ်ကြိမ်မီးလောင် ခဲ့ဖူးတယ်”ဟု အဆိုပါလမ်းအတွင်း နေထိုင်သည့် ဦးလှဦးက ပြောကြားသည်။ဂိုဒေါင်အတွင်းရှိ ဆီများမှာ များပြားစွာ လောင်ကျွမ်းမှုကြောင့် ရေအပြင် FOAM အမြှုပ်ဆေးရေများနှင့် အနီးကပ် ငြှိမ်းသတ်ခဲ့ရပြီး မြို့နယ်အသီးသီးမှ မီးသတ်ကားများ လာရောက်ငြှိမ်းသတ်ခဲ့ကာ မီးလောင်မှုအဆင့်မှာ Level 3 ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင် အရာရှိများက ပြောကြားသည်။“စက်ရုံမှာ ကျွန်တော်အပါအဝင် ညစောင့်လုံခြုံရေးနှစ်ဦး ရှိပါတယ်။ မီးစလောင်ကို တွေ့တာကတော့ မီးပလတ်ခုံကနေစပြီး မီးပွားကျတာကို တွေ့မြင်ခဲ့ပါတယ်”ဟု ရွှေပဲဆီသန့်စက်ရုံ ညစောင့်လုံခြုံရေးဖြစ်သော အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးက မီးသတ်တပ်ဖွဲ့ဝင်များ၏ မေးမြန်းမှုများအား ဖြေကြားခဲ့သည်။ထို့ကြောင့် ရွှေပဲဆီသန့်စက်ရုံ မီးလောင်ရခြင်းမှာ လျှပ်စစ်ပလတ်ခုံမှ အပူလွန်ကဲ၍ မီးစများထွက်ကာ ဆီစစ်အဝတ်များနှင့် ပလတ်စတစ်ပုံးများ ပေါ်ကျသည့်အတွက် ယင်းမှတစ်ဆင့် မီးလောင်ရခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်းနှင့် ၆ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။လှိုင်သာယာမြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးသန်းမြင့်ဦးက “ဒီရွှေပဲဆီသန့်စက်ရုံ မီးလောင်ကျွမ်းမှုကိုတော့ စက်ရုံမန်နေဂျာအား အမှုဖွင့်ထားပါတယ်။ ပုဒ်မ ၂၈၅ နဲ့ပါ” ဟု ပြောကြားသည်။အဆိုပါမီးလောင်မှုဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၁၈၄၅/၂၀၁၅၊ ပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ဝန်းကျင်က မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းခြံလမ်းရှိ ဆောက်လုပ်ဆဲတိုက် ၂၁ ထပ်နှင့် ၂၂ ထပ်အကြားတွင် ဆလိုက်မီး သစ်သားငြိမ်းပေါ်သို့ ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။















