ဆီးရီးယားတွင် တိုက်ခိုက်မှုများ သီးခြားဖြစ်နေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်

ဆီးရီးယားတွင် တိုက်ခိုက်မှုများ သီးခြားဖြစ်နေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်
ဒီဇင်ဘာ ၅ ရက်က အလက်ပိုအရှေ့ပိုင်းတွင် သူပုန်များနှင့် တိုက်ခိုက်နေစဉ်အတွင်း ဆီးရီးယားအလံ လွှင့်ထူနေသာ ဆီးရီးယား စစ်သားတစ်ဦး (Photo : AFP)
ဒီဇင်ဘာ ၅ ရက်က အလက်ပိုအရှေ့ပိုင်းတွင် သူပုန်များနှင့် တိုက်ခိုက်နေစဉ်အတွင်း ဆီးရီးယားအလံ လွှင့်ထူနေသာ ဆီးရီးယား စစ်သားတစ်ဦး (Photo : AFP)
Published 30 December 2016
Ref: AFP

ဆီးရီးယားတွင် တိုက်ခိုက်မှုများ သီးခြားဖြစ်ပေါ်နေသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ရုရှားနှင့် တူရကီအကြား ညှိနှိုင်းပေးမှုဖြင့် ရရှိခဲ့သော ဆီးရီးယား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဒီဇင်ဘာ ၃၀ ရက်အစောပိုင်းတွင် အာဏာစတင် သက်ဝင်ခဲ့ကြောင်း သိရသည်။ ခြောက်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခအတွင်း အလားအလာရှိသော အဓိက တိုးတက်မှုတစ်ရပ်ဟု ရှုမြင်ကြသည့် ယင်းသဘောတူညီချက်တွင် IS အဖွဲ့ကဲ့သို့ အကြမ်းဖက် အဖွဲ့များဟု စာရင်းသွင်း ခံထားရသည့် အဖွဲ့များ မပါဝင်ကြောင်း သိရသည်။
ယင်းသဘောတူညီချက်သည် ဒီဇင်ဘာ ၃၀ ရက် အစောပိုင်းတွင် နိုင်ငံ၏ နေရာအများစု၌ သက်ဝင်ခဲ့သော်လည်း နိုင်ငံအလယ်ပိုင်း ဟာမားပြည်နယ်ရှိ ခရစ်ယာန်မြို့တစ်မြို့ အနီးတွင် အစ္စလာမ္မစ် အဖွဲ့ခွဲများက အစိုးရတပ်များအား တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ မာဟာဒါမြို့အနီး တောင်ကုန်းတစ်ခုမှ အစိုးရတပ်များ ဆုတ်ခွာသွားရန်အတွက် နှစ်ဘက်အကြား အပြင်းအထန် တိုက်ခိုက်ခဲ့ကြကြောင်း ယင်းစောင့်ကြည့်အဖွဲ့မှ ညွှန်ကြားရေးမှူး အဗ္ဗဒယ်ရာမန်က ဆိုခဲ့သည်။ သူပုန်အဖွဲ့ငယ်များနှင့် လက်နက်ကိုင် သစ္စာခံတပ်များသည် ၎င်းတို့၏ တည်ရှိမှုအား အဆုံးသတ် သွားစေနိုင်သောကြောင့် ယင်းသဘောတူညီချက် ပျက်ပြားစေရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယား အစိုးရတပ်များက နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ အလက်ပိုတစ်မြို့လုံးအား ထိန်းချုပ်နိုင်ခဲ့ပြီး တစ်ပတ်အကြာတွင် ရရှိခဲ့သော ယင်းသဘောတူညီချက်သည် ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံရေးအဖြေတစ်ခု ရှာဖွေနိုင်ရန် ဖြစ်နိုင်ခြေရှိသော အခွင့်အရေး တစ်ခုအဖြစ် ဆီးရီးယား အစိုးရက ဂုဏ်ပြုခဲ့သည်။ ယခုသဘောတူညီချက်အား ဆီးရီးယား ပြည်တွင်းစစ်တွင် ဆန့်ကျင်ဘက် ရပ်တည်ခဲ့ကြသော ရုရှားနှင့် တူရကီတို့အကြား ညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိရန် ရုရှားနှင့် ညှိနှိုင်းခဲ့သော အမေရိကန် မပါဝင်ခဲ့ပေ။ ယင်းသဘောတူညီချက်အား သြဇာကြီး သူပုန်အဖွဲ့ Ahrar al-Shan အပါအဝင် အတိုက်အခံ အဖွဲ့ခုနစ်ဖွဲ့က လက်မှတ်ထိုးခဲ့ပြီး လိုက်နာရန် ပျက်ကွက်ခဲ့သူများအား အကြမ်းဖက် သမားများအဖြစ် သတ်မှတ်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူက ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရဘက်မှ လေကြောင်းထောက်ကူမှု ပေးခဲ့သော ရုရှားက ဆီးရီးယား၌ ရုရှားစစ်ဘက် အဖွဲ့များအား လျှော့ချသွားမည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။ သို့သော် ဆီးရီးယားတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအား ရုရှားက ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆီးရီးယား အစိုးရအား ဆက်လက် ထောက်ခံသွားမည်ဟု ပူတင်က ပြောကြားခဲ့သည်။
ဆီးရီးယားစစ်ပွဲတွင် ပါဝင်မှု လေးလကြာမြင့်လာပြီဖြစ်သော တူရကီကလည်း ယင်းနိုင်ငံထဲရှိ IS ဂျီဟတ်များနှင့် ကာ့ဒ်ပြည်သူ့စစ်များအား တိုက်ခိုက်မှုအား ဆက်လက်လုပ်ဆောင် သွားမည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

Most Read

Most Recent