မော်လမြိုင်တက္ကသိုလ် ဘော်ဒါဆောင်တွင် အစားအသောက် တာဝန်ယူထားသူထံ၌ လုပ်ကိုင်နေသည့် ၁၄ နှစ်အရွယ် မိန်းကလေးကို လိမ္မော်သီးခိုးသည်ဟု စွပ်စွဲပြီး ရေနွေးပူလောင်း၊ ရိုက်နှက်သည်ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့်

မော်လမြိုင်တက္ကသိုလ် ဘော်ဒါဆောင်တွင် အစားအသောက် တာဝန်ယူထားသူထံ၌ လုပ်ကိုင်နေသည့် ၁၄ နှစ်အရွယ် မိန်းကလေးကို လိမ္မော်သီးခိုးသည်ဟု စွပ်စွဲပြီး ရေနွေးပူလောင်း၊ ရိုက်နှက်သည်ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့်
နှိပ်စက်ခံရသည့် ၁၄ နှစ်အရွယ် မိန်းကလေးအား ဒဏ်ရာများနှင့် တွေ့ရစဉ်
နှိပ်စက်ခံရသည့် ၁၄ နှစ်အရွယ် မိန်းကလေးအား ဒဏ်ရာများနှင့် တွေ့ရစဉ်
Published 29 December 2016
မောင်မောင်ရွှေမြိုင်

မော်လမြိုင်တက္ကသိုလ်ရှိ ဘော်ဒါဆောင်တစ်ခုတွင် အစားအသောက် တာဝန်ယူထားသူထံ အလုပ်လုပ်ကိုင်နေသည့် ၁၄ နှစ်အရွယ် မိန်းကလေးကို လိမ္မော်သီးခိုးသည် ဟုစွပ်စွဲပြီး ရေနွေးပူဖြင့်လောင်း၍ ရိုက်နှက်ခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် မုပွန်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မော်လမြိုင်တက္ကသိုလ် မော်လမြိုင် အဆောင်နေသူများကို ချက်ပြုတ်ကျွေးမွေးမှု တာဝန်ခံ ဒေါ်အေးအေးစိုးထံတွင် လစာဖြင့် အလုပ်လုပ်ကိုင်နေသူ မခင်ခင်ထွန်း (၁၄ နှစ်) ကိုအခန်းတွင်း ထားရှိသော လိမ္မော်သီးပျောက်သည်ဟုဆိုကာ ဒေါ်အေးအေးစိုး (၄၀ နှစ်) ကရေနွေးပူဖြင့်လောင်းရာ၊ အော်သည့်အတွက် ထင်းခြမ်းဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။
ရရှိသည့် ဒဏ်ရာများကို မော်လမြိုင်တောင်ဝိုင်း အရေပြားဆေးရုံတွင် ကုသနေစဉ် သုံးရက်ခန့်အကြာတွင် ဆေးရုံသို့ ဝင်ထွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့ကတွေ့ရှိခဲ့ပြီး အုပ်ထိန်းသူ (အကြီး) ဒေါ်လှကြည် (ခ) ဒေါ်ပု၊ မြိုင်သာယာ ရပ်ကွက်နေသူထံ သွားရောက် အကြောင်းကြားကာ မုပွန်ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း၊ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံသို့ ဒီဇင်ဘာ ၂၇ ရက်တွင် လွဲှပြောင်းကုသလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုပွန်ရဲစခန်းက (ပ) ၅၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၃ အပြင်းအထန် နာကျင်စေမှုဖြင့်၊ အမှုဖွင့်၍ စွပ်စွဲခံရသူကို ဒီဇင်ဘာ ၂၈ ရက်တွင် ပထမ ရမန်ရယူကာ ဖမ်းဆီးထားသည်။
အဆိုပါ အလုပ်ရှင်တွင် နှိပ်စက်ခံရသည်ဟုဆိုသည့် မခင်ခင်ထွန်း၏ ညီမဖြစ်သူ မသဇင်အောင် (၁၂ နှစ်) လည်းလုပ်ကိုင်လျက်ရှိကြောင်း မေတ္တာဆုံဆည်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဒေါ်သီသီနွယ်က ပြောကြားသည်။
“ကျွန်မကလေး အခုလိုဖြစ်တာ ဒီဇင်ဘာ ၂၇ ရက်မှသိရတယ်။ ဖြစ်တာက ဒီဇင်ဘာ ၁၆ ရက်က ဖြစ်တာလို့သိရတယ်။ လိမ္မော်သီး ခိုးစားတယ်လို့ စွပ်စွဲခံရပြီး ဖြစ်တာလို့ သမီးကပြောပါတယ်။ ကလေး ကိုယ်ခန္ဓာကတော့ စုတ်ပြတ်သတ်နေတာပဲ။ ရဲစခန်းမှာတော့ အမှုဖွင့်ထားပြီးပြီ။ ကျွန်မတို့ကလည်း ငွေမရှိတော့ ကူညီလုပ်ဆောင်ပေးတဲ့ အဖွဲ့တွေကိုပဲ အကူအညီ တောင်းထားရပါတယ်” ဟု မခင်ခင်ထွန်း၏ မိခင်ဒေါ်တင်တင်နွယ်က ပြောကြားသည်။
မခင်ခင်ထွန်း၏ မိဘနှစ်ပါးသည် အိမ်ထောင်ကွဲကာ ဖခင်၏အမဖြစ်သူ ဒေါ်လှကြည် (ခ) ဒေါ်ပုနှင့်အတူ ညီအစ်မနှစ်ယောက် နေထိုင်စဉ် ဖခင်မကျန်းမာမှုကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘော်ဒါဆောင် ကျွေးမွေးမှုလုပ်ငန်းတွင် ညီမနှစ်ဦး ဝင်ရောက်အလုပ်လုပ်ကိုင်စဉ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။                                         

Most Read

Most Recent