အနီရောင် ငြိမ်းချမ်းရေး

အနီရောင် ငြိမ်းချမ်းရေး
Published 19 November 2015
မောင်မင်း

အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ ဖြစ်တယ်။ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာနိုင်ငံတစ်ဝန်းမှာ အနီရောင် လွှမ်းသွားတယ်။ ဒါဟာ ငြိမ်းချမ်းခြင်းရဲ့အစလို့ ဆိုရမှာဖြစ်ပါတယ်။
ဘာဖြစ်လို့ အနီရောင်ဟာ ငြိမ်းချမ်းမှုရဲ့ သင်္ကေတ လို့ဆိုရတာလဲဆိုတော့ အကြောင်းမဲ့ ဆိုလိုက်ခြင်း မဟုတ်ပါဘူး။ ကျမ်းဂန် အထောက်အထားနဲ့ပဲ အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ ဖြစ်ကြောင်းကို ရှင်းပြ လိုပါတယ်။
အရှင်အနုရုဒ္ဓါ မထေရ်မြတ် စီရင်ထားခဲ့တဲ့ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။  ပရမတ္ထတရားတွေရဲ့ သဘောလက္ခဏာကို သူ့အခန်းနဲ့သူ စနစ်တကျ စီရင်ထားတဲ့ ကျမ်းဖြစ်ပါတယ်။ မြန်မာတွေကတော့ သင်္ဂြိုဟ်ကျမ်းလို့ ခေါ်ခဲ့ကြပါတယ်။ ဒီကျမ်းဟာ အမှန်တကယ်အားဖြင့် အရှင်အနုရုဒ္ဓါ့မထေရ်ရဲ့ အာဘော်များ မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာ(၇)ကျမ်းထဲကနေ ထုတ်နုတ်ပြီးတော့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားတွေကို သူ့နေရာသူ စနစ်တကျကို ကဏ္ဍအလိုက် တင်ပြထားတဲ့ကျမ်း ဖြစ်ပါတယ်။ ဒီကျမ်းမှာ အခန်း(၉)ခန်းနဲ့ တင်ပြထားပါတယ်။ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း၊ သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်းဆိုပြီး အပိုင်း(၉)ပိုင်းနဲ့ ကျစ်ကျစ်လျစ်လျစ် စီရင်ထားတဲ့ ကျမ်း ဖြစ်ပါတယ်။ ဒီထဲက နောက်ဆုံးအပိုင်းဖြစ်တဲ့ ကမ္မဋ္ဌာန်းပိုင်းကို ကိုးကားပြီးတော့ အနီရောင်ဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတ ဖြစ်တယ်ဆိုတာကို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းပိုင်းမှာလည်း ကဏ္ဍနှစ်ခု ခွဲပါတယ်။ သမထ ကမ္မဋ္ဌာန်းနည်းနဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းနည်း ဆိုပြီးတော့ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ ဒီထဲကမှ သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ ကမ္မဋ္ဌာန်း (၄၀)ရှိကြောင်း ထုတ်ပြထားပြီးတော့ ဒီကမ္မဋ္ဌာန်းတွေကို စရိုက်အားလျော်စွာ ဝေဖန်ထားတဲ့ ကဏ္ဍတစ်ခုလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ လူသားများအနေနဲ့ စရိုက်(၆)မျိုးရှိကြောင်း ပြောပါတယ်။ ဒါကတော့ ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊  သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက်ဆိုပြီး ခြောက်မျိုး ထုတ်ပြပါတယ်။
စရိုက်ဆိုတဲ့ စကားလုံးဟာ မြန်မာတွေရဲ့ နားနဲ့ ရင်းနှီးနေတဲ့စကားလုံးပါပဲ။ ဒီကောင်က စရိုက်မကောင်းဘူး၊ စရိုက်ကောင်းတယ် ဆိုပြီးတော့ သုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ ဉာဉ်ဆိုတဲ့ စကားအဖြစ်လည်း သုံးတတ်ကြ ပါတယ်။ ဆိုတော့ ဒီလိုစရိုက်(၆)မျိုးကို တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားခဲ့ကြတဲ့ လူသားတွေအနေနဲ့ တရားဘာဝနာ အားထုတ်လိုရင် သူ့စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပေးရပါတယ်။ ဒါမှသာ ပိုမိုပြီးတော့ ထိရောက်သောကြောင့် ဖြစ်ပါတယ်။ ဒီထဲကမှ ဒေါသစရိုက်ကြီးတဲ့ပုဂ္ဂိုလ် (ဒေါသကြီးတဲ့ ပုဂ္ဂိုလ်) အတွက် အထူးသဖြင့် သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို ထုတ်ပြတဲ့အခါမှာ အရောင်ကသိုဏ်းလို့ခေါ်တဲ့ ကသိုဏ်းလေးမျိုးနဲ့ သင့်လျော်ကြောင်း၊ ဒေါသကြီးတဲ့သူကို အရောင်ကသိုဏ်း လေးမျိုးထဲက တစ်ခုမဟုတ် တစ်ခုပေးပြီး ကမ္မဋ္ဌာန်း အာရုံယူပြီးတော့ အားထုတ်စေဖို့အတွက် ထုတ်ပြထားခြင်း ဖြစ်ပါတယ်။
ဒေါသဆိုတာ မေတ္တာရဲ့ ဆန့်ကျင်ဘက်ပါ။ မေတ္တာဆိုတာက ငြိမ်းချမ်းခြင်းရဲ့ အဓိကတရားပါ။ ဒါကြောင့် ဒေါသကြီးနေတဲ့သူကို ငြိမ်းချမ်းစေဖို့အတွက် နီလကသိုဏ်း(အညို)၊ ပီတကသိုဏ်း(ရွှေသောအဆင်း)၊ လောဟိတကသိုဏ်း(အနီ)၊ သြဒါတကသိုဏ်း(အဖြူ)ဆိုတဲ့ အရောင်ကသိုဏ်း လေးမျိုးထဲက လောဟိတလို့ခေါ်တဲ့ နီတဲ့အရောင်ကို ကမ္မဋ္ဌာန်းအာရုံအဖြစ် ယူပြီးတော့ ရှုမှတ်ပွားများဖို့၊ ဒေါသကြီးသူအတွက် အနီရောင်ဟာလည်း သင့်လျော်ကြောင်း ကမ္မဋ္ဌာန်းတွေကို စရိုက်နဲ့ ဝေဖန်တဲ့အခါ ဒေါသစရိုက်ဆိုတဲ့ မငြိမ်းချမ်းသူကို ငြိမ်းချမ်းစေဖို့အတွက် အနီရောင်ကို ပွားများစေဖို့ တိုက်တွန်းထားတာကြောင့် အနီရောင်ဟာ မေတ္တာဆိုတဲ့ ငြိမ်းချမ်းခြင်းရဲ့ ပုံရိပ်သင်္ကေတလို့ သုံးနှုန်းလိုက်ခြင်း ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ စစ်မက်တွေနဲ့ နေ့စဉ်နဲ့အမျှ မငြိမ်းချမ်းခဲ့ပါဘူး။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသဟာ တကယ့်ကို စစ်ဒဏ်သင့်နေတဲ့ နေရာ ဖြစ်နေခဲ့ပါတယ်။ အပြစ်မဲ့ ပြည်သူတွေဟာ ကိုယ့်နေရာအသီးသီးမှာ မနေရဲဘဲ အခြားနိုင်ငံတွေဆီကို အသက်နဲ့ ရင်းပြီးတော့ ထွက်ပြေးနေခဲ့ရပါတယ်။ ဟိုတစ်လောက ပြင်သစ်နိုင်ငံ ပါရီမှာဆို လောလောလတ်လတ် ပူပူနွေးနွေးအဖြစ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတွေရာချီပြီးတော့ အသက်စွန့် သွားခဲ့ကြရပါတယ်။ ဒါဟာ ကြောက်စရာကောင်းတဲ့ လူမဆန်တဲ့ လူတွေရဲ့ အကြမ်းဖက်မှုရဲ့ ဆိုးမွေပါပဲ။
ထိုနည်းတူစွာပါပဲ။ မြန်မာနိုင်ငံဟာလည်း ပြည်တွင်းစစ်အနေနဲ့ အရှည်ကြာဆုံး စံချိန်တင် နိုင်လောက်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေခဲ့ကြရပါတယ်။ ဒါဟာလည်း ငြိမ်းချမ်းမှုတွေနဲ့ ကင်းကွာနေခဲ့ရတဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် ကြီးမားတဲ့ လူသားဘ၀ ဆုံးရှုံးမှုပါပဲ။ အခု လောလောဆယ်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်မတော်နဲ့ အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေတို့အကြား တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပါတယ်။  ငြိမ်းချမ်းရေးအတွက် လက်မှတ်တွေ ထိုးထားကြပေမယ့် အခြားတပ်တွေနဲ့လည်း အထိမခံ ရွှေပန်းကန်လို ဖြစ်နေခဲ့ရတဲ့ နေရာတွေလည်း အများကြီးပါပဲ။ ကချင်ပြည်နယ်လို နေရာမှာလည်း စစ်ဘေးဒုက္ခသည်တွေ ထောင်ချီပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အရွေ့ကတော့ မကြာခင်က ပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် လက်ရှိ အာဏာရပါတီကို နေရာတိုင်းလိုလိုမှာ အတိုက်အခံပါတီက အနိုင်ရထားပါတယ်။ လွတ်လွတ်လပ်လပ်လည်း အစိုးရဖွဲ့နိုင်တဲ့ အခြေအနေကို ရရှိထားပါတယ်။ ဒါကြောင့် မကြာခင်အချိန်မှာ လက်ရှိအစိုးရအဖွဲ့ဟာ အနိုင်ရ အတိုက်အခံ ပါတီကို အာဏာ လွဲှပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်မှုအတိုင်း အပြောင်းအလဲကို အားလုံးက စောင့်စား နေခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အထက်ကပြောခဲ့တဲ့ အနီရောင်ကိစ္စကို ပြန်ပြောချင်ပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ပါတီအလံ၊ အမှတ်တံဆိပ်ဟာ အနီရောင် ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ် ပြောင်းလဲလိုကြတဲ့ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနေ့တုန်းက ၈၀ ရာခိုင်နှုန်း ၈၀ ကျော်ကျော် မိမိတို့ရဲ့ အပြောင်းအလဲအတွက် မဲပေးခဲ့ကြပါတယ်။ အခြားအခြားသော နိုင်ငံတွေကတောင် အတုယူစရာအဖြစ် အသိအမှတ် ပြုရတဲ့အထိ ပြည်သူတွေအနေနဲ့ အပြောင်းအလဲအား ဆာလောင်မှုကို ပြသနိုင်ခဲ့ပါတယ်။
၂၀၁၆ ကနေစပြီးတော့ မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စနစ်ဆိုးကြီးတွေရဲ့ ဒဏ်ရာဒဏ်ချက်ကို ကုစားပေးတဲ့အနေနဲ့ မငြိမ်းချမ်းခဲ့မှုတွေကို တွန်းလှန်ပြီးတော့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်လိမ့်လို့ အများက မျှော်လင့်ထားခဲ့ကြပါတယ်။ ထိုနည်းတူစွာပါပဲ။ လူနည်းစုကသာ ကြီးစိုး ခြယ်လှယ် လက်ဝါးကြီး အုပ်ထားခဲ့တဲ့ စီးပွားရေးတံခါးတွေလည်း တစ်ချပ်ပြီးတစ်ချပ် ပွင့်လာပြီးတော့ ဖွံ့ဖြိုးမှုဟာလည်း အရှိန်ကောင်းကောင်းနဲ့ ချီတက် လာခဲ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါကြောင့် အနီရောင် လွှမ်းခဲ့တဲ့ ရွေးကောက်ပွဲ ကာလအရောင်ဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ၊ ငြိမ်းချမ်းခြင်း၊ ဖွံဖြိုးခြင်းကို ဖော်ဆောင် ပေးနိုင်လိမ့်မယ်ထို့ ထင်မြင်မိပါတယ်။ ဒါကြောင့် ဒေါသစရိုက်ဆိုတဲ့ မငြိမ်းချမ်းသူအတွက် အထူးသင့်လျော်တဲ့ ကမ္မဋ္ဌာန်းအာရုံအဖြစ် အရောင်လေးမျိုးမှာ အနီရောင် ပါတဲ့အတွက် အနီရောင်ဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတလို့ ဆိုရခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာလေး အနည်းငယ်ကို ပြောပြလိုပါတယ်။အထက်က ပြောခဲ့သလို ကမ္မဋ္ဌာန်းဆရာတွေဟာ မိမိထံကို လာရောက်ပြီးတော့ ကမ္မဋ္ဌာန်း တောင်းလာခဲ့ကြတဲ့ ယောဂီတွေ၊ တပည့်တွေအတွက် သူ့စရိုက် အားလျော်စွာ ကမ္မဋ္ဌာန်းပေးရပါတယ်။ ဒီလိုမဟုတ်ရင် ခရီးမပေါက်ဘဲ ရှိတတ်ပါတယ်။
တစ်ခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မိမိရဲ့တပည့် ရဟန်းငယ်လေးတစ်ပါးကို ကမ္မဋ္ဌာန်း အပေးမှားခဲ့ဖူးပါတယ်။ ဒါကြောင့် ရဟန်းငယ်လေးဟာ လေးလပတ်လုံး တရားအားထုတ်ပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်း အပေးမှားကြောင်း ပြောပြီးတော့ ရဟန်းငယ်ဟာ အရှင်သာရိပုတ္တရာ ထင်သလို လူငယ်ပီပီ ရာဂစရိုက် ကြီးတဲ့သူ မဟုတ်ကြောင်း ဘဝငါးရာ ရွှေပန်းထိမ်သည် ဖြစ်ခဲ့ဖူးကြောင်း၊ နီမြန်းတဲ့ရွှေများကို ကြည့်ခဲ့ရတာများကြောင်း ပြောပြီးတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်လေးရဲ့ စရိုက်နဲ့ ကိုက်ညီအောင် ပဒုမ္မာကြာနီပန်းကို ဖန်ဆင်းပြီးတော့ ကမ္မဋ္ဌာန်းအာရုံအဖြစ် ပေးပြီး ရှုမှတ်ပွားများစေကာ ခဏအတွင်းမှာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာလည်း အနီရောင် ကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူးပါပဲ။ ဒီနေရာမှာ ကမ္မဋ္ဌာန်း ဆရာဆိုတာနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောပြချင်ပါသေးတယ်။
ကမ္မဋ္ဌာန်း ပွားများလိုတဲ့သူဟာ မိမိကိုယ်ကို ကမ္မဋ္ဌာန်းဆရာအား အပ်နှံရပါတယ်။ ဒါဟာ လေးစားမှု တစ်ခုပါပဲ။ ဒီလိုအပ်နှံလိုက်ခြင်းဟာ ဆရာ့ရဲ့စကားကို နားထောင်လိုခြင်း၊ အပြစ်ပြဆုံးမမှုကို နာခံလိုခြင်း၊ တစ်နေရာရာကို သွားလိုသော်လည်း ဆရာ့ကို ပန်ကြားပြီးမှသာ သွားလိုခြင်း၊ ဆရာ့ရဲ့ ချီးမြှောက်မှုကိုလည်း ရလိုခြင်းစတဲ့ မိမိကိုယ်ကို နှိမ့်ချပြီးတော့ ခန္ဓာကိုယ်ကို ဆရာ့အတွက်ဆိုရင် အသက်ပါ ပေးလှူတဲ့အထိ စွန့်လှူခြင်း၊ အပ်နှံ ခြင်းမျိုး ဖြစ်ပါတယ်။
ဒီလိုပါပဲ ပါတီအသီးသီးက လူတွေကလည်း မိမိတို့ရဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုကို အပ်နှံတဲ့သဘောနဲ့ မိတ်ဆက် ပြသခဲ့ကြပါတယ်။ ဒါဟာလည်း လွှတ်တော်ထဲရောက်ရင် ထင်ရာစိုင်းဝါဒနဲ့ မလုပ်ဘဲနဲ့ မိမိတို့ရဲ့ ကိုယ်စားပြု ဒေသအသီးသီး၊ တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း စသဖြင့် မိမိစွမ်းနိုင်သည့်အလျောက် ပင်ပန်းဆင်းရဲမှုကို ပဓာနမထားဘဲ အသက်ပါ စွန့်နိုင်တဲ့အထိ ပြုလုပ်ပါမယ်လို့ ဝန်ခံထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အနိုင်ရပါတီရဲ့ အနီရောင် ဟာ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဝပြောမှုတွေဆီကို ဦးတည်သွားနိုင်ပါစေကြောင်း အနီရောင်ဆိုတဲ့ ငြိမ်းချမ်းမှုရဲ့ အမှတ်သင်္ကေတကို အဓိပ္ပာယ်ရှိရှိ ပုံဖော် သွားနိုင်ကြပါစေကြောင်း တိုက် တွန်းစကား ဆိုလိုက်ရပါတယ်။

Most Read

Most Recent