ထိုအရပ်

ထိုအရပ်
Published 19 November 2015
မောင်ကြည်

"အုပ်ချုပ်လို့ အုပ်ချုပ်မှန်း မသိရသော အုပ်ချုပ်ရေးသည် အကောင်းဆုံး အုပ်ချုပ်ရေး”ဟူသော အဆိုအမိန့်တစ်ခုကို ဖတ်ဖူးသည်။ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သော နိုင်ငံသူ နိုင်ငံသားတို့သည် လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိ၏။ အဆိုပါနိုင်ငံတွင် နေထိုင်သူများသည် တစ်ခါတစ်ရံ သူတို့ကို ဘယ်သူ အုပ်ချုပ်နေမှန်းပင်မသိ။ တစ်နည်းပြောရရင် သူတို့အထက်မှာ အစိုးရရှိလို့ ရှိမှန်းပင်မသိ။ သူတို့စိတ်ထဲမှာ တစ်စုံတစ်ယောက် (ဝါ) တစ်စုတစ်ဖွဲ့၏ အုပ်ချုပ်ရေးမျိုးကို အကောင်းဆုံး အုပ်ချုပ်ရေးဟု ဆိုလိုချင်ပုံ ရပါသည်။
ဤနေရာတွင် အချို့က စောဒက တက်ချင်ကြပေလိမ့်ဦးမည်။ “လွတ်လပ်စွာ”ဆိုသည့် စကားစုကို အထအနကောက်ကာ ပရမ်းပတာ၊ စည်းလွတ်ဝါးလွတ် ပြုမူပြီး ထင်ရာစိုင်းနေမည်ဆိုလျှင် ဘယ်လိုလုပ်မည် နည်း။ မင်းမဲ့တိုင်းပြည် ဖြစ်မသွားပေဘူးလားဟု ပြောချင်ကြမှာ သေချာပါသည်။ ဆိုလိုချင်သည်မှာ ထိုကဲ့သို့ စည်းပျက်ကမ်းပျက် မင်းမဲ့စရိုက် ဆန်ဆန် အပြုအမူများကို “လွတ်လပ် ခြင်း”ဟု မသတ်မှတ်ချင်ပါ။ လွတ်လပ်ခြင်းမှာ စည်းမရှိကမ်းမရှိ သဘောမဟုတ်။ သူ့မှာလည်း ဘောင်အကန့်အသတ်ရှိသည်။ မိမိ၏ လွတ်လပ်ခွင့်က အများအကျိုးကို မထိခိုက်စေရ။ အနှောင့်အယှက် မဖြစ်စေရ။ ထို့အပြင် မိမိ၏ လွတ်လပ်မှုအပေါ်မှာ ပြန်လှန်၍တာဝန်ယူမှု၊ တာဝန်ခံမှု ရှိနေပါသေးသည်။ ကိုယ့် တာဝန် ကိုယ်ယူသည့် ကိုယ့်အပြစ် ကိုယ်ခံရဲသည့် လွတ်လပ်မှုမျိုးကို ဆိုလိုရင်း ဖြစ်ပါသည်။
မြန်မာပြည်၏ အခြေအနေကို ပြန်ကြည့်လျှင် ပြည်သူအများစု၏ ရင်ထဲဝယ် အကြောက်တရားတွေ လုံးဝကင်းစင် မသွားသေးတာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်သူများ ကိုယ်တိုင်က ပြည်သူတွေ ငြိမ်ဝပ်ပိပြားပြီး ပြန်မလှန်ရဲအောင်၊ မော့မကြည့်ရဲအောင်၊ အမြဲခေါင်းင့ုံ ကြောက်ဒူးတုန်နေအောင် အကြောက်တရားနှင့် ခြောက်လှန့် ထားသောကြောင့် ဖြစ်ပါသည်။ အမှန်အတိုင်း ပြောရလျှင် ယခုမျက်မှောက် ပစ္စက္ခအချိန်ထိ ပြည်သူတွေစိတ်ထဲမှာ အကြောက်တရားနှင့်အတူ သံသယတို့၊ မဝံ့မရဲဖြစ်မှုတို့၊ စိုးရိမ်ပူပန်မှုတို့ စိုးမိုးမင်းမူ လွှမ်းမိုးနေဆဲဖြစ်သည်။ နှစ်ရှည်လများ အမြစ်တွယ်စွဲမြဲခဲ့သည့် အကြောက်တရား အလေ့အကျင့်ကို ပြန်လှည်ခွာချဖို့ရာအတွက် အချိန်ကာလ အတိုင်းအတာ တစ်ခုအထိတော့ ကြာမြင့်ဦးမည်ဟု ထင်သည်။
ထိုကဲ့သို့သော အာဏာပါဝါဖြင့် ခြောက်လှန့်ထားသည့်အတွက် ပြည်သူတွေ ရင်ထဲဝယ် အမြစ်တွယ် စွဲမြဲခဲ့သည့် အကြောက်တရား ရှိနေသေးသရွေ့ အကောင်းဆုံး အုပ်ချုပ်ရေးကို ပြည်သူတွေ ဘယ်သောအခါမှ ရရှိလိမ့်မည် မဟုတ်ပါ။ ပြည်သူတွေမျက်လုံးထဲမှာ မိမိတို့ကို စိုးမိုးထားသည့် အရိပ်မည်းတွေကို မြင်နေရသည်။ ပြည်သူတွေ စိတ်ထဲမှာ နွေးထွေးလုံခြုံမှုမရှိ။ “ငါတို့ကို သူတို့တွေက အချိန်တိုင်း အနောက်ကနေ တကောက် ကောက်လိုက်ပြီး စောင့်ကြည့်တာကို ခံနေရ ပါလား”ဟု အမြဲတွေးနေမှာ သေချာသည်။ “အုပ်ချုပ်”ဆိုသည့် စကားအတိုင်း မိမိတို့ကို လူတစ်စု(သို့) အဖွဲ့အစည်း တစ်ခုက အပေါ်ကနေအုပ်ပြီး လွှမ်းမိုး ချုပ်ကိုင်ထားပါလား ဟူသော အသိရှိနေသရွေ့ အဘယ်မှာလျှင် လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ အနှစ်သာရကို ရရှိခံစားနိုင်ပါအံ့နည်း။
ထိုကဲ့သို့ ဆိုးရွားလှသည့် အုပ်ချုပ်ရေးကို ကောင်းမွန်သည့် အုပ်ချုပ်ရေးသို့ ပြောင်းလဲရန် သွေးချွေး၊ အချိန်ကာလ၊ မျိုးဆက် ပေါင်းများစွာ ပေးဆပ်ခဲ့ရသည့် သာဓကတွေ နိုင်ငံတိုင်း၏ သမိုင်းစာမျက်နှာတွေပေါ်မှာ အထင်အရှားတွေ့နိုင်ပါသည်။ ခေတ်အဆက်ဆက် ပေါ်ထွက်လာသည့် သူရဲကောင်းတွေက ပြည်သူတွေအပေါ် အုပ်မိုးထားသည့် အရိပ်မည်းကြီးများကို တတ်နိုင်သမျှ ဖယ်ရှား ပေးခဲ့ကြပါသည်။ ထိုအရိပ်မည်းကြီးတွေ ကင်းစင်လာသည်နှင့်အမျှ ပြည်သူတွေ၏ ဦးခေါင်းပေါ်က မိုးကောင်းကင်သည် ပိုမို ကျယ်ပြန့်ကာ လွတ်လပ်ပြီး ငြိမ်းချမ်းခြင်းအတိ ပြည့်လျှမ်းသွားရစမြဲ။ ထိုကဲ့သို့သော အချိန်ကာလမျိုးမှာ ထိုကဲ့သို့သော နိုင်ငံ၌ နေထိုင်ရသော ထိုကဲ့သို့သော ပြည်သူတို့၏ အသည်းနှလုံးဝယ် အဘယ်မျှလောက် ကြည်နူး  ကျေနပ်ပျော်ရွှင်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြမလဲဆိုတာကို တွေးကြည့်ရုံနှင့်ပင် ပီတိ ဖြစ်စရာ ကောင်းလှပါသည်။
ကျွန်တော့်မှာ ထိုကဲ့သို့ ငြိမ်းချမ်းသာယာပြီး လွတ်လပ် ပွင့်လင်းသည့် လူ့အဖွဲ့အစည်း တစ်ခုကို စိတ်ကူးမြင်ယောင် ကြည့်မိတိုင်း အိန္ဒိယစာဆိုကြီး ရာဘင်ဒြာနတ်တဂိုး၏ ကဗျာတစ်ပုဒ်ကို သွားသတိရမိတတ်ပါသည်။ အဆိုပါကဗျာတွင် စာဆိုကြီးတဂိုးက သူမြင်ချင်လှသော တိုင်းပြည်တစ်ခုကို ကဗျာ ဖြင့် အနုပညာမြောက်စွာ ပုံဖော်ခဲ့ပါသည်။
အကြင်အရပ်၌ စိတ်သည် ကြောက်ရွံခြင်း ကင်း၏။
ဦးခေါင်းကိုမော့၍ မော်ထားနိုင်၏။
အကြင်အရပ်၌ အသိပညာရှာရာတွင်
အတားအဆီးမရှိ
လွတ်လပ်၏။
မကြင်မနာ ကျဉ်းမြောင်းသော တံတိုင်း
အကာအရံတို့ဖြင့်
အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ခွဲခြား
ထားခြင်းလည်းမရှိ
အကြင်အရပ်၌ မှန်သောစကားကိုသာ
ဆိုကြ၏။
အကြင်အရပ်၌ မလျော့တက်ကြွ ဇွဲလုံ့လသည် အပြီးအမြောက်
အကောင်းအမွန်သို့ ရောက်အောင်
တက်လှမ်းချီတက်လျက်ရှိ၏။
သတိသမ္ပဇဉ် စမ်းရေကြည်သည် ဓလေ့ကောင်း ညှိုးမှိန်စွာ
ခြောက်သွေ့နေသော သဲကန္တာရ၌
လမ်းစမပျောက်ဘဲ နေသေး၏။
အကြင်အရပ်၌ အမြဲသဖြင့် တွေးခေါ်ကျယ်ပြန့် မျှတ ယူဆ ပြုမူကြအောင်
အဖသခင် ကျေးဇူးရှင်သည် သူခပ်သိမ်းကို
ဦးဆောင်လျက်ရှိ၏။
အဖသခင် ကျေးဇူးရှင် ထိုအရပ်၌
ကျွနု်ပ်၏ နိုင်ငံတော်သည်
နိုးထပွင့်လန်းပါစေသတည်း။        ။

(မြန်မာဘာသာပြန်သူမှာ ဆရာဇော်ဂျီ ဖြစ်ပါသည်။)
ဆရာကြီးတဂိုး၏ ကဗျာထဲက နိုင်ငံတော်တွင် နေထိုင်သည့် ပြည်သူတွေမှာ အုပ်ချုပ်လို့ အုပ်ချုပ်နေမှန်းပင် မသိရသည့် အုပ်ချုပ်ခြင်းမျိုး ရရှိပိုင်ဆိုင်ထားပါသည်။ ထို့အပြင် သူတို့ရင်ထဲမှာ အကြောက်တရားမရှိ။ ပကတိ ပျော်ရွှင်နေကြသည်။ စိုးရိမ်ပူပန်မှု မရှိ။ ငြိမ်းချမ်းခြင်းကို အပြည့်အ၀ ခံစားနေကြသည်။ သစ္စာတရားသာ ထွန်းကားသောကြောင့် မတည်နိုင်သည့် ကတိစကားတွေဖြင့် အထပ်ထပ် တုပ်နှောင်ခြင်း အလျှင်းမရှိ။ သတိတရားလည်း အားကောင်းလှသောကြောင့် အတွေးအခေါ် အယူအဆ မျှတညီညွတ်၍ ဉာဏ်ပညာကလည်း အစွမ်းကုန် ထွန်းလင်း တောက်ပလျက်ရှိပါသည်။ ထိုကဲ့သို့သော အရပ်ဒေသမျိုးမှ မငြိမ်းချမ်းလျှင် အဘယ်အရပ်ဒေသမျိုးကို ငြိမ်းချမ်းသည်ဟု ခေါ်ဆိုနိုင်ပါတော့မည်နည်း။
ဆရာကြီးတဂိုး၏ ကဗျာကို ပြည်လည် ဖတ်ရှုကြည့်ပြီးနောက် ကျွန်တော့်ရင်ထဲကနေ ဆုတောင်းတစ်ခုကို လေးလေးနက်နက် တောင်းဆိုလိုက်မိပါသည်။ အိုအဖသခင် ကျေးဇူးရှင် အနာဂတ် မြန်မာနိုင်ငံတော်သည် ထိုအရပ်မျိုး၌ နိုထ ပွင့်လန်း ပါစေသတည်း။

Most Read

Most Recent