ကျွနု်ပ်တို့၏ ပြိုင်ဘက်သည် ကျွနု်ပ်တို့အား ကူညီသူ ဖြစ်သည်

ကျွနု်ပ်တို့၏ ပြိုင်ဘက်သည် ကျွနု်ပ်တို့အား ကူညီသူ ဖြစ်သည်
Published 19 November 2015
တက္ကသိုလ်မိုးဝါ

တစ်နေ့က အိမ်ရှိစာအုပ်ဗီရိုထဲမှ Thomas Hardy’s Selected Poems ကဗျာစာအုပ်ကို ထုတ်ပြီး လှန်လှော ဖွင့်ဖတ်နေမိရင်း ကြားညှပ်ထားသည့် စာရွက်တစ်ရွက် ထွက်လာသည်။ ဝါထိန်နေပြီဖြစ်သော ယင်းစာရွက် အပိုင်းအစလေးပေါ်တွင် စာရေးသူ၏ လက်ရေးဖြင့် ရေးထားသည့် စာရေးဆရာ Edmund Burke ၏ အဆိုအမိန့်တစ်ခုအား အောက်ပါအတိုင်း တွေ့ရှိရသည်။
"He that wrestles with us strengthens
our nerves and sharpens our skill.
Our antagonist is our helper."

မြန်မာသို့ အကြမ်းအားဖြင့် ဘာသာ ပြန်ရပါက “ကျွန်ုပ်တို့နှင့် နပန်းလုံးသော အကြင်သူသည် ကျွနု်ပ်တို့၏ အာရုံကြောများကို သန်မာ အားကောင်းစေသည်။ ကျွမ်းကျင်မှု အရည်အသွေးကို ထက်မြက်စေသည်။  ကျွနု်ပ်တို့၏ ပြိုင်ဘက် (ရန်ငြိုးရန်ဘက်) သည် ကျွနု်ပ်တို့အား ကူညီသူဖြစ်သည်…”။
ယခု လတ်တလော ဖြစ်ပေါ်ခဲ့ပြီးသော ဤနိုင်ငံရှိ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံရေး အခင်းအကျင်းတို့မှာ အထက်ပါ စာရေးဆရာ၏ အဆိုအမိန့်နှင့် ထပ်တူထပ်မှ ျဖြစ်နေကြောင်း တွေ့ရ၏။
သိပ္ပံသဘောတရားနှင့် နီးနီးစပ်စပ် ခိုင်းနှိုင်းရမည်ဆိုလျှင် အဓိကပါတီနှစ်ခုဖြစ်သော အတိုက်အခံပါတီနှင့် အာဏာရ လက်ရှိပါတီတို့သည် သံလိုက်ဓာတ် သွင်းထားသည့် သံမဏိသံလိုက်ချောင်းနှစ်ချောင်းနှင့် တူသည်ဟု ပြောနိုင်သည်။ ပြီးတော့ အင်အားသာလွန်သော အာဏာရပါတီ သံလိုက်ချောင်း၌ သွင်းထားသည့် သံလိုက်ဓာတ်မှာ ပြင်းအားပိုကောင်းသည်ဟု ပြောနိုင်သည်။  ပိုအားကောင်းသည်ဟု ဆိုရခြင်းမှာ လူအင်အား၊ ငွေအင်အား၊ ကျောထောက်နောက်ခံ ယန္တရားတစ်ခုလုံးမှအစ စည်းမျဉ်းဥပဒေ အကာအကွယ် အင်အားအထိ အစစအရာရာ ကုံလုံပြည့်ဝသောကြောင့် ပို၍ အားကောင်းသည်ဟု ဆိုရခြင်း ဖြစ်သည်။
အဓိကပါတီ နှစ်ရပ်စလုံး၏ ရည်ရွယ်ချက် ပန်းတိုင်မှာ ရွေးကောက်ပွဲ အနိုင်ရရေး နှင့် အစိုးရဖွဲ့နိုင်ရေးဖြစ်ရာ ရည်မှန်းချက်ချင်း တူသောကြောင့် သံလိုက်ချောင်းထိပ်တွင် အပေါင်းလက္ခဏာ သံလိုက်ဓာတ် (Positive Charge) ချင်းလည်း တူညီနေသည်ဟု ဆိုရပါမည်။ သံလိုက်တို့၏ သဘောတရားအရ တူသောအပေါင်း သို့မဟုတ် အနုတ်လက္ခဏာ သံလိုက်ဓာတ်နှစ်ခု နီးနီးကပ်ကပ်ထားလျှင် တွန်းကန်မည်ကို သိပြီးဖြစ်မည်။ အပေါင်းနှင့် အနုတ်လက္ခဏာ သံလိုက်ဓာတ်ရှိ သံလိုက်ချောင်းနှစ်ခု နီးကပ်ပါက ဆွဲငင်မည်သာ ဖြစ်သည်။
ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ သောင်ပြိုကမ်းပြို အနိုင်ရမှုနှင့် ပတ်သက်၍ ပြောရလျှင် လူထုခေါင်းဆောင်၏ စိတ်ဓာတ်၊ ခံယူချက်၊ အနစ်နာခံမှု၊ ပါတီအပေါ် လျော်ကန်သော သြဇာသက်ရောက်မှု၊ ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားဘဲ စာနာသနားကြင်နာမှု စသည် စသည်တို့သည် အပြတ်အသတ် အောင်ပွဲခံခြင်း    ၏ အကြောင်းခြင်းရာများဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင်၊ အခြားတစ်ဖက်၌ ဆန့်ကျင်ဘက် အင်အားစုဖြစ်သည့် လက်ရှိ အာဏာရပါတီ၏ လွဲမှားချွတ်ချော်သည့် အပြောအဆိုနှင့် လုပ်ရပ်များကြောင့်လည်း ဆိုခဲ့သည့်အတိုင်း ၎င်းတို့၏ သံလိုက်ဓာတ်မှ ထွက်ပေါ်လာသော ဆွဲငင်အားမရှိသည့် တွန်းကန်အားသည် ပြည်သူအများပေါ်သို့ ပြင်းထန်စွာ သက်ရောက်ပြီး အခြားဆန့်ကျင်ဘက် လားရာတစ်ဖက်စွန်းသို့ တွန်းပို့ရွေ့လျား သွားစေသည်ကို သူတို့ပင်သူတို့ သတိထားမိမည်မထင်။
ဥပမာအချို့ကို ဖော်ပြရလျှင် ဆင်းရဲမွဲတေနေခဲ့သော ပြည်သူအများစုအတွက် စားရေးနေရေးကို အရေးကြီးဆုံး ကိစ္စတစ်ရပ်အဖြစ် မည်သို့ ဖြေရှင်း ဆောင်ရွက်ပေးမည်ဟု စည်းရုံးမဲဆွယ်သည့် လုပ်ဆောင်ချက်တွင် တစ်ခွန်းမျှပင် ပြောဆိုသွားမှု ရှိခြင်းသည်ပင် တစ်ဖက် အတိုက်အခံပါတီ၏ ရင်ခွင်ထဲသို့ အလိုအလျောက် တွန်းပို့လိုက်သည့် လုပ်ရပ်နှင့် တူနေပေသည်။ လက်လုပ် လက်စားများ အမျှော်လင့်ဆုံး၊ အားအထားဆုံးဖြစ်သော အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိစ္စကို ဖြေရှင်းပေးရန် နည်းလမ်းရှာခြင်း မပြုဘဲ လျစ်လျူရှုထားခြင်းသည် အာဏာရပါတီ၏ သံလိုက်ချောင်းဖြင့် ဝှေ့ယမ်းလိုက်တိုင်း အတိုက်အခံပါတီ၏ သံလိုက်ချောင်းကို ပို၍ဝေးရာသို့ ဖယ်ခွာရန် ပြုလုပ်လိုက်သည်နှင့် တူနေပေသည်။ ယင်းမှာ အတိုက်အခံပါတီအား ကူညီပေးနေခြင်း မဟုတ်ပါလား။ ထို့ပြင် ဘာသာရေး၊ လူမျိုး ရေးတို့ကို အသုံးချ၍ တိုက်ခိုက်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း စသည့် လုပ်ရပ်များမှာ အထက်ပါ စာရေးဆရာ Edmund Burke ၏ “ကျွနု်ပ်တို့၏ ပြိုင်ဘက် (ရန်ငြိုးရန်ဘက်) သည် ကျွန်ုပ်တို့အား ကူညီသူဖြစ် သည်”ဟူသည့် အဆိုအမိန့်အတိုင်း တစ်ဖက် ဒီချုပ်ပါတီအား မဲရရှိရေးအတွက် အလုံးအရင်း ကူညီဖြည့်ဆည်းပေးရာ ရောက်သွားစေသည်ကို တွေ့မြင်ရသည်။
အာဏာရပါတီ၏ အကြီးမားဆုံးဟု ပြောနိုင်မည့် အားနည်းချက်တစ်ရပ်မှာ မြေယာသိမ်းဆည်းမှု ပြဿနာအား ထိထိ ရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်းမရှိသည့် ကိစ္စဖြစ်သည်။  ဆင်းရဲနွမ်းပါးသော တောင်သူ အများပိုင်ဆိုင်သည့် မြေယာတို့အား ပြန်ရလိုမှု အမှုအခင်းများကို ရာဇဝတ်မှုခင်း အသွင်သို့ပြောင်း၍ အပြစ်ဒဏ် ချမှတ်ခြင်းသည် နဂိုရှိရင်းစွဲ ပြဿနာကို ပိုမို နက်ရှိုင်းသွားစေသောကြောင့် အာဏာရပါတီ၏ သံလိုက် မည်မျှပင် အားကောင်းသည်ဟု ပြောနေပါသော်လည်း ဆွဲငင်အား ကင်းမဲ့သည်မှာ အထင်အရှား ဖြစ်နေသည်။
နှစ်ကာလရှည်ကြာစွာ အမြစ်တွယ် လာခဲ့သည့် အထက်မှ အောက်ခြေထိ ဖြစ်သော အကျင့်ပျက် ခြစားမှုများ၊ တရားစီရင်ရေးစနစ် ယိမ်းယိုင်မှုများ၊ အဂတိလိုက်စားမှုကို အရေးယူ အပြစ်ပေးခြင်း အားနည်းမှုစသည့် ပြဿနာတို့ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မရှိ၍ အာဏာလက်ရှိသူတို့က ၎င်းတို့၏ သံလိုက်ချောင်းကို တစ်ချက်ရွေ့လျားစေရန် ကြံစည်လိုက်တိုင်း အခြားတစ်ဖက်ရှိ သံလိုက်ချောင်းအား ဆန့်ကျင်ဘက် အဝေးသို့ တွန်းပို့လိုက်သည့် ရလဒ်မျိုးကိုသာ ဖြစ်ပေါ်လာစေသည်။
ချုပ်ရလျှင် ဆယ်စုနှစ်များစွာ အာဏာရှင် အုပ်ချုပ်မှု ယန္တရားထဲတွင် မရွေ့လည်းရွေ့ရ၊ ရွေ့လည်းရွေ့ရ စသဖြင့် ပြားပြားဝပ် ကျပ်ကျပ်တည်းတည်း နေထိုင်ခဲ့ကြရာမှ မူလည်းပြောင်း၊ လူလည်းပြောင်းသော အပြောင်းအလဲ စနစ်တစ်ရပ်ကို ပြင်းပြစွာ တောင့်တလာခဲ့ကြခြင်းမှာ သဘာဝကျသည်ဟု ဆိုရပေမည်။ တစ်ပြိုင်နက်တည်းမှာပင် အထက်ပါစာရေးဆရာ၏ အဆိုအမိန့်ဖြစ်သည့် “Our antagonist is our helper”  အကြွင်းမဲ့ မှန်ကန်ကြောင်းကို လက်ရှိအာဏာရပါတီ၏ အမှားပေါင်းအထောင် အသောင်းက အတိုက်အခံပါတီအား အထိုက်အလျောက် ကူညီ ဖြည့်ဆည်း ပေးလိုက်ခြင်း ဖြစ်စဉ်နှင့်အတူ သောင်ပြိုကမ်းပြို အနိုင်ရစေသော ဤရွေးကောက်ပွဲရလဒ်က သက်သေထူနေပေတော့သည်။

Most Read

Most Recent