နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း
Published 19 November 2015

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး သို့ တင်သွင်းခဲ့သည်။အဆိုပါဥပဒေများတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးနိုင်သည့် အခွင့်အာဏာနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ရင်းနှီးမြှုပ်နံှမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်တစ်ခုဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ပြင် ဆင်တင်သွင်းခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစားအရ လည်းကောင်း၊ သဘာဝအရင်းအမြစ် အနေအထားအရလည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ပေါ်ပေါက်ရေးအတွက် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း”ဟု အစားထိုးပြင်ဆင်ခဲ့ပြီး ပုဒ်မ ၁၃ ၏ နောက်တွင် “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွဲဝေသတ်မှတ်ပေးနိုင်သည်”ဟု ပုဒ်မ ၁၃-က အဖြစ် ဖြည့်စွက်ပြင်ဆင်ပြီး ဥပဒေကြမ်း တင်သွင်းခဲ့သည်။မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဇ) ကို “တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းအမျိုးအစားအရလည်းကောင်း၊ သဘာ၀ အရင်းအမြစ်အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးအတွက်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း”ဟု အစားထိုးပြင်ဆင်ခဲ့ပြီး ပုဒ်မ ၁၂ ၏ နောက်တွင် ပုဒ်မ ၁၂-က အဖြစ် “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွဲဝေသတ်မှတ်ပေးနိုင်သည်”ဟု ဖြည့်စွက်ပြင်ဆင်ရန် ဥပဒေကြမ်း တင်သွင်းခဲ့သည်။အဆိုပါဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆို ဆွေးနွေးတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။“ဒီဥပဒေနှစ်ခုလုံးဟာ အရင်တုန်းက ဗဟိုချုပ်ကိုင်မှုနဲ့ လုပ်တာ။ အခု အခြေခံဥပဒေအတိုင်း ပြင်လိုက်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ လုပ်ပိုင်ခွင့် ခွဲဝေပေးလိုက်တယ်။ အဲဒီလိုပြင်ပေးလိုက်တဲ့အတွက် လုပ်ငန်းတွေ မြန်လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေများလာမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်လာနိုင်မယ်။ ဗဟိုချုပ်ကိုင်မှုဆိုတာက စကားအဖြစ်ပြောလိုက်တာ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အရင်တုန်းကလုပ်ရတာ။ အခုတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့လောက်နဲ့တင် လုပ်ရမယ့်ကိစ္စတွေဆိုရင် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့နဲ့ လုပ်လို့ရအောင် ပြင်ဆင်ပေးလိုက်တာ”ဟု ဥပဒေကြမ်းကော်မတီမှ ဦးသိန်းထွန်းဦးက ပြောကြားသည်။

Most Read

Most Recent