ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် ကျူးလွန်သူ တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံး၌ ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး အမှုစစ် ဒုရဲမှူးအား စစ်ဆေး

ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် ကျူးလွန်သူ တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံး၌ ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး အမှုစစ် ဒုရဲမှူးအား စစ်ဆေး
Published 18 November 2015
အောင်ကျော်ထက်၊သီဟအောင်

သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံးတွင် နိုဝင်ဘာ ၁၈ ရက်က ခုနစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုစစ် ဒုရဲမှူး တင်ထွဋ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့မှာတော့ အမှုစစ် ရဲအရာရှိ တစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းကိုတော့ လာမယ့်နိုဝင်ဘာ ၂၅ ရက်ကို ပြန်ချိန်းထားပါတယ်” ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရုံးချိန်းအား နိုဝင်ဘာ ၂၅ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး လာမည့် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေ လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း သိရသည်။ကျူးုလွန်သူ တင်မြင့်အား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က အမျိုးသား တစ်ဦးကို ဓားဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်အတွက် သန်လျင်မြို့နယ် တရားရုံးမှ အောက်တိုဘာ ၂၉ ရက် ရုံးချိန်းတွင် ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်းလည်း သိရသည်။ပြစ်မှု ကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှုပေါင်းများစွာ ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။တင်မြင့်သည် ၁၉၉၀ ပြည့်နှစ်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၌ အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ၎င်း ထွက်ပြေး တိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။ယင်းနောက် သာကေတ မြို့နယ်ရှိ ၎င်းဇနီးနေအိမ်၌ ထပ်မံ တိမ်းရှောင်နေစဉ် သာကေတ မြို့မရဲစခန်းနှင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။ထိုသို့ အမိန့်ချမှတ်ခံခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ် စစ်ဆေးစဉ် သံခြေချင်းအား ဖြုတ်ကာ အစောင့်ရဲအား ရိုက်နှက် ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ် ကျခံစေကာ ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။ထိုသို့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းဇနီးနေအိမ်၌ ပြန်လည် နေထိုင်နေစဉ် မယားပါ သမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေး တိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် လုယက်မှုများ ထပ်မံ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံ မြို့နယ်၌ လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ထောင်ကျနေစဉ် အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက် စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစဉ်ခဲ့မှုဖြင့် ထောင်ဒဏ် လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent