ရာသီဥတု ပြောင်းလဲမှု စိန်ခေါ်သံကို ထိတ်လန့်နေရတဲ့ကမ္ဘာ

ရာသီဥတု ပြောင်းလဲမှု စိန်ခေါ်သံကို ထိတ်လန့်နေရတဲ့ကမ္ဘာ
Published 18 November 2015
မင်းချစ်နိုင်

ကမ္ဘာ့ဘဏ်ရဲ့ လေ့လာမှု မှတ်တမ်းတွေအရ ၂၀၃၀ ပြည့်နှစ်ရောက်ရင် ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အလွန်အမင်း ဆင်းရဲတဲ့ အခြေအနေနဲ့ အသက်ရှင်သန် နေထိုင်ရမယ့် ကမ္ဘာ့လူဦးရေဟာ သန်း ၁၀၀ ကျော် ရှိလာမယ်လို့ သိရပါတယ်။ ဒီ့ပြင် ၂၀၀၉ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စာရင်းတွေအရ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာအနှံ့မှာ အဟာရဓာတ် ပြတ်လပ်နေသူဦးရေ တစ်ဘီလျံကျော်ရှိပြီး ကလေးငယ် သန်း ၂၀၀ ခန့်က ဖွံ့ဖြိုးမှု ချို့တဲ့မှုနဲ့ ကျန်းမာရေး ပဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေတွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်၊ လူသားတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ အနေအထားပါ။ ဒါကြောင့် တစ်နေ့တခြား ပြင်းထန်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ ပူးပေါင်းတွေ့ဆုံညှိနှိုင်း အဖြေရှာပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုပါတယ်။ရာသီဥတုပြောင်းလဲမှုအစသိပ္ပံပညာရှင်တွေက ကမ္ဘာ့ရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲနေတာကို နှစ်ပေါင်းတော်တော်ကြာကြာကတည်းက လေ့လာခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာ ကမ္ဘာ့အပူချိန်တွေ တိုးတက်နေပြီး ရာသီဥတုတွေ ဖောက်ပြန် ပြောင်းလဲနေပါတယ်လို့ ကမ္ဘာတစ်ဝန်းကို  ကြေညာခဲ့တယ်။ ဘာကြောင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲရတာလဲဆိုရင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပါတယ်။ ဘာကြောင့် ကမ္ဘာကြီး ပူနွေးလာရတာလဲဆိုရင် အဓိကကတော့ ဖန်လုံအိမ် ဓာတ်ငွေ့တွေလေထုထဲမှာ သိသိသာသာ တိုးလာလို့ပဲ ဖြစ်ပါတယ်။ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ဘာကြောင့် သိသိသာသာ တိုးလာရတာလဲဆိုရင် အဓိက အကြောင်းရင်းက ကျောက်မီးသွေးလောင်စာ သုံးစွဲမှုနဲ့ သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်ခြင်း၊ စက်သုံးဆီနဲ့ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ လေကြောင်း သယ်ယူပို့ဆောင်ခြင်း၊ သံနဲ့ သံမဏိ လုပ်ငန်းများ လည်ပတ်ခြင်း၊စွန့်ပစ် အမှိုက်များ မသိမ်းဆည်းခြင်းတို့ကလည်း လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်ကြပါတယ်။၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက စက်မှုတော်လှန်ရေး အမည်နဲ့ စက်ရုံ အလုပ်ရုံတွေ တည်ထောင်ခဲ့ကြတယ်။ အဲဒီ စက်ရုံ၊ အလုပ်ရုံတွေကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့တွေ တစ်နေ့တခြား ပိုမို တိုးတက်လာခဲ့တယ်။ အပူချိန်တွေတိုးတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေလည်း ပိုဖြစ်လာတာပေါ့။ အဲဒီလို ဖန်လုံအိမ် ဓာတ်ငွေ့တွေ တိုးပြီး ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်မှုတွေ ဖြစ်ပေါ်အောင် လူတွေကပဲ လောဘအလျောက် လုပ်ဆောင်ခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် IPCC လို့ခေါ်တဲ့ နိုင်ငံတကာ အစိုးရ အဖွဲ့တွေရဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးရေးအဖွဲ့ အစီရင်ခံစာမှာ လေထုထဲမှာရှိတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ရာခိုင်နှုန်း ၃၀ ဟာ လူတွေရဲ့ လောဘနဲ့ လုပ်ဆောင်ချက်တွေကြောင့် ထွက်ပေါ်ခဲ့ရတာလို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီနောက်ပိုင်း ကမ္ဘာ့လူသားတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အလူးအလဲ ခံစားလာကြရပါတယ်။ မုန်တိုင်းတွေတိုက်၊ ရေတွေကြီး၊ ငလျင်တွေလှုပ်၊ မြေတွေပြို၊ အပူချိန် ပြင်းထန် အစရှိတဲ့ သဘာဝဖြစ်စဉ်တွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် လွန်လွန်ကဲကဲ ဖြစ်လာပြီး လူတွေ သိန်းနဲ့ သောင်းနဲ့ချီပြီး သေဆုံးကြရတဲ့ သတင်းတွေ မျက်စိနဲ့မဆံ့၊ နားနဲ့မဆံ့အောင် မြင်ခဲ့ ကြားခဲ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံ အသီသီးမှာကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကို ရင်ဆိုင်ဟန့်တားဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့အပူချိန်တွေ တိုးဆဲ၊ ရာသီဥတုတွေ ပြောင်းလဲဆဲ၊ လူသားတွေလည်း အသက်အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံး နေကြရဆဲပါပဲ။မြန်မာပြည်ရဲ့ ရာသီဥတုပြောင်းလဲမှုကျွန်တော်တို့ မြန်မာပြည်မှာတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ ၁၉၇၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်ဟာ မြန်မာနိုင်ငံ သမိုင်းမှာ အပူပြင်းဆုံး အခြောက်သွေ့ဆုံး နှစ်အဖြစ် စံချိန်တင်ခဲ့တယ်။ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၈ ခုနှစ် ကာလတွေဟာ အလွန်ဆိုးရွားတဲ့ ရာသီဥတု ပြောင်းလဲမှု ကာလတွေပါပဲ။ အဲဒီကာလတွေမှာ မြန်မာပြည်က လူတွေကတော့ ရာသီဥတု ပြောင်းလဲတယ် ဘာရယ် သတိမထားမိကြပါဘူး။ အဲဒီ ကာလတွေမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။ နောက်၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဟာ မြန်မာပြည်ရဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲနေတာကို မီးမောင်းထိုးပြလိုက်တဲ့ အကြီးမားဆုံး သက်သေတစ်ခုပါပဲ။ နာဂစ်ကြောင့် မြန်မာပြည်သူ တစ်သိန်းကျော် သေဆုံးပြီး ဘဝပေါင်းများစွာ အိုးမဲ့၊ အိမ်မဲ့၊ အနာဂတ်မဲ့ခဲ့ရတယ်။အဲဒီတော့မှ ကိုယ့်ကိုယ်ထိမှ နာတတ်တဲ့ ကိုရွှေမြန်မာတချို့က ရာသီဥတုကြီး ဖောက်ပြန်ပြောင်းလဲနေပါပြီဆိုပြီး ပြောဆို လာကြပါတော့တယ်။ ဒါတောင် အခြေခံ လူတန်းစားတွေက မသိနားမလည် ဖြစ်နေတုန်း။ ကိုယ့်တစ်ဖို့တည်း ကြည့်တတ်တဲ့ ခရိုနီကြီးတွေ၊ ပညာတတ်ကြီးတွေ၊ နိုင်ငံတော်အဆင့် လူကြီးတွေက ရာသီဥတု ပြောင်းလဲတာကို မသိချင်ယောင် ဆောင်နေကြတုန်း။ ရာသီဥတု ပြောင်းလဲမှုကြောင့် နာဂစ်လို၊ ဂီရိလိုမုန်တိုင်းတွေက ပြောစမှတ်တွင်အောင် ဖြစ်ပွားခဲ့သလို ဒီနှစ်ပိုင်းမှာလည်း ရေကြီးရေလျှံမှု ဖြစ်စဉ်တွေ စံချိန်တင် ဖြစ်ပေါ်ခဲ့တာ အားလုံးအသိပါ။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရတဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ ဘဝဟာ ခုထိ နာလန်မထူနိုင်ကြသေးပါဘူး။ဒီလိုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အဆိုးဆုံး ထိခိုက်ခံစားနေရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာပြည်က ဒုတိယ နေရာမှာ ရပ်တည်နေပြီး ရာသီဥတု ပြောင်းလဲလို့ ဆုံးရှုံးရတဲ့ ငွေကြေးပမာဏကလည်း မြန်မာပြည် အသားတင်ရငွေရဲ့ ၂ ဒသမ ၅၅ ရာခိုင်နှုန်း ဆုံးရှုံးနေရတယ်။ နောက်ပြီး ရာသီဥတု ပြောင်းလဲမှု နောက်ဆက်တွဲ သဘာဝဘေးကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၀၇ မီလီယံ ဆုံးရှုံးနစ်နာ နေရတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် တစ်နှစ်ကို ပျှမ်းမျှ လူ ၄၅၀၀ လောက် သေဆုံးနေတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲနေတာကို ခုနောက်ပိုင်းဆိုရင် အမြင်နဲ့တင် သိနိုင်ပါတယ်။ အခု မြန်မာပြည်မှာ ရာသီဥတုတွေ ဘယ်လောက် ဖောက်ပြန်ပြောင်းလဲနေသလဲဆိုရင် နွေ၊ မိုး၊ ဆောင်း ရာသီဥတု သုံးမျိုးတောင် သိပ်မကွဲပြားတော့ပါဘူး။မြန်မာပြည်မှာ ရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲလာပြီး နောက်ပိုင်း မုတ်သုံလေ ဝင်တာထွက်တာ နောက်ကျလို့  မုတ်သုံကာလ တိုတောင်းလာတယ်။ မုတ်သုံလေ အားပြတ်တာ ပျောက်ကွယ်တာတွေ ဖြစ်လာတယ်။ မိုးတွင်းကာလမှာ မုန်တိုင်းဖြစ်ပေါ်တာ နည်းသွားပြီး မိုးဦးနဲ့မိုးနှောင်းတွေမှာ မုန်တိုင်းပို ဖြစ်လာခဲ့တယ်။ မိုးတိမ်တောင် ဖြစ်ပေါ်မှုတွေ များလာပြီး မိုးကြိုးပစ်တာ၊ နေရာကွက် မိုးကြီးတာ၊ မိုးသက်လေပြင်း တိုက်တာ၊ လေဆင်နှာမာင်းနဲ့ စိုက်ဆင်းလေပြင်း တိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက် ရေကြီးတာ၊ မြေပြိုတာတွေ ပိုဖြစ်ပေါ်လာခဲ့တယ်။ နောက်ပြီး လယ်သမားတွေ ပျိုးထောင်ချိန်၊ မိုးရေလိုချိန်တွေမှာ မိုးကမရွာဘဲ ၊ လယ်သမားတွေ ရေမလိုတော့တဲ့အချိန် စပါးတွေ စိုက်ပျိုးပြီးချိန်နဲ့ ရိတ်သိမ်းတော့မယ့် အချိန်တွေမှာ မိုးက ပြင်းပြင်းထန်ထန် ရွာတဲ့အတွက် လယ်သမားတွေ အတိဒုက္ခရောက်ခဲ့ကြရတယ်။ မြန်မာပြည်မှာ ရာသီဥတု ပြောင်းလဲမှုကို တစ်နှစ်ထက်တစ်နှစ် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပေမယ့် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားတာ မတွေ့ရပါဘူး။ အစိုးရကလည်း နိုင်ငံတကာ ညီလာခံတွေ သွားတက်လိုက်၊ ဆွေးနွေးပွဲတွေ လုပ်လိုက်၊ ဟောပြောပွဲတွေ လုပ်လိုက်နဲ့ပဲ အချိန်ကုန်နေပါတော့တယ်။ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ညီလာခံရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကြီး အပေါ်ကို သက်ရောက်မှု ပိုမိုပြင်းထန်လာတဲ့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဟာ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပြီး ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ ၁၉၉၅ ခုနှစ်ကစပြီး တစ်နှစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလို နှစ်စဉ်တွေ့ဆုံ ဆွေးနွေး1ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပေမယ့် ကမ္ဘာ့အပူချိန်တွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဟာ စာချုပ်တွေမှာသာ လက်မှတ်ထိုးခဲ့ကြပြီး အမှန်တကယ် လက်တွေ့ မလုပ်ဆောင်ခဲ့ကြလို့ပါဘဲ။ ဒီနှစ်လည်း ၂၁ ကြိမ်မြောက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ပါရီဆွေးနွေးပွဲဟာ ကာဗွန် ထုတ်လုပ်မှုကို လျှော့ချပြီး ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်နိုင်မယ့် သမိုင်းဝင် အခွင့်အလမ်း တစ်ရပ်ဖြစ်သလို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြည်သူလူထုတွေက သူတို့ရဲ့ခေါင်းဆောင်တွေကို ရာသီဥတု ပြောင်းလဲမှု ဖြေရှင်းဖို့ အသင့် အနေအထားမှာရှိပြီး ပြတ်သားတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း အချက်ပြဖို့ မျှော်လင့်နေကြပါတယ်။ ဥရောပ သမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ပါရီဆွေးနွေးပွဲ ဖြစ်စေဖို့ မြန်မာနိုင်ငံ အပါအဝင် အခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ပါရီဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ သံတမန်တွေ စုပေါင်း ရေးဆွဲထားတဲ့ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်မယ့် သဘောတူညီချက်ကို လက်မှတ် ထိုးကြမယ်လို့ သိရပါတယ်။ အဲဒီစာချုပ်ကြီးကို လက်မှတ်ရေးထိုးပြီး စာချုပ်ပါ အချက်အလက်တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပါက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ အချိန်မှာတော့ ကမ္ဘာကြီးဟာ ရာသီဥတု ပြောင်းလဲမှု စိန်ခေါ်သံတွေကြားမှာ စိုးရိမ်ထိတ်လန့်နေရပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးက နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ လူကြားကောင်းအောင် ပြောနေတာတွေ၊ လူမြင်ကောင်းအောင် လုပ်နေတာတွေရပ်ပြီး လက်တွေ့ ဆောင်ရွက်မှုတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ကြပါလို့ ရေးသားလိုက် ရပါတယ်။

Most Read

Most Recent