လှိုင်သာယာမြို့နယ် အလယ်ကျေးရွာ အုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ မက္ခရာမင်းသားကြီးလမ်းနှင့် မောင်ပျိုးလမ်းဘေးတွင်ရှိသည့် ကျူးကျော်တဲ ၁၀ လုံးအား ယင်းရပ်ကွက်ရှိ အုပ်ချူပ်ရေးမှူး အပါအဝင် လူ ၃၀ခန့်က ဝင်ရောက်ဖျက်ဆီးမှု နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးရာတွင် အလယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ရွှေလင်ဗန်းရဲကင်းမှရဲများနှင့် မီးသတ်ဌာနမှတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြကြောင်း အဆိုပါဖျက်ဆီးခံရသည့် ကျူးကျော်တဲများတွင် နေထိုင်သူများထံမှ သိရသည်။
“အုပ်ချုပ်ရေးမှူးတွေ ရဲတွေ၊ မီးသတ်တွေနဲ့ စုစုပေါင်း လူ ၃၀ကျော်လောက် ပါတယ်။ သူတို့က နေ့လယ် ၂ နာရီလောက်မှာ ဓားတွေ၊ လွှတွေ ယူလာပြီးတော့ တဲတွေကို ဖျက်ဆီးပစ်တယ်။ ပြီးတော့ တဲမှာရှိတဲ့ အမိုးတွေနဲ့ ဝါးလုံးတချို့ကို သူတို့ ကားပေါ်ယူ သွားကြတယ်”ဟု ဖျက်ဆီးခံရသည့် ကျူးကျော်တဲမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ အလုပ်သွားနေတဲ့အချိန်မှာ လူအင်အားသုံးပြီး ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။ အိမ်မှာက မိန်းမနဲ့ကလေးတွေပဲ ကျန်ခဲတဲ့အချိန်မှာ အဲဒီလို ကြမ်းတမ်းစွာပြုမူသွားတာတော့ မကောင်းပါဘူး။ ကျွန်တော်တို့က ဒီမှာနေလာတာ ငါးလလောက်ရှိပါပြီ။ နယ်မှာ ဒုက္ခဖြစ်လို့ ရန်ကုန်တက်လာတာပါ။ ရန်ကုန်မှာကလည်း သိတဲ့အတိုင်းပဲ။ အိမ်ငှားခတွေက ဈေးအရမ်းကြီးတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်နေ့လုပ် တစ်နေ့စားလို့ရတဲ့ ငွေနဲ့ မငှားနိုင်တော့ ဒီလိုလမ်းဘေးမှာ တဲထိုးပြီးနေရတာပေါ့”ဟု ဖျက်ဆီးခံရသည့် ကျူးကျော်တဲတွင် နေထိုင်သည့်အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
ထိုသို့ဖျက်ဆီးခံလိုက်ရသည့် ကျူးကျော်တဲ ဆယ်လုံးတွင် လူဦးရေ ၄၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။
ကျူးကျော်တဲများအား ဝင်ရောက်မဖျက်ဆီးမီက ကြိုတင်သတိပေးစာ မပေးခဲ့ကြောင်းလည်း အဆိုပါကျူးကျော်တဲတွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။
“ကျွန်မတို့ကို ကြိုတင်သတိပေးစာပို့တာမျိုး၊ အသိပေးတာမျိုးမရှိဘဲ ခုလို အိမ်မှာ ယောကျ်ားဖြစ်သူ အလုပ်သွားနေတဲ့အချိန်မှာ လာရောက် ဖျက်ဆီးသွားတာပါ။ ကလေးတွေ နဲ့ အရမ်းကို ဒုက္ခရောက်နေပါတယ်”ဟု ကျူးကျော်တဲတွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ လမ်းဘေးကျူးကျော်တဲများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃၀ ခန့် ဝင်ရောက်ဖျက်ဆီးမှုဖြစ်ပွား















