မုတ္တမပင်လယ်ကွေ့ရှိ ရတနာကမ်းလွန် ပလက်ဖောင်း (Offshore)၏ Booster Compressor တစ်လုံးမှာ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
မုတ္တမပင်လယ်ကွေ့ရှိ ရတနာကမ်းလွန်ပလက်ဖောင်း၏ Booster Compressor တစ်လုံးမှာ နိုဝင်ဘာ ၁၅ ရက်က ချွတ်ယွင်းရပ်တန့်သွားသောကြောင့် ဓာတ်ငွေ့ရရှိမှု ကျဆင်းသွားခဲ့ရသဖြင့် ဓာတ်အားထုတ်လုပ်မှုမှာလည်း လျော့နည်းသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Booster Compressor ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေချိန်အတွင်း ဓာတ်အားအများဆုံး သုံးစွဲသည့် နံနက်ပိုင်း ၉ နာရီမှ ၁၀ နာရီခွဲအတွင်းနှင့် ညနေပိုင်း ၅ နာရီမှ ည ၈နာရီခန့်အတွင်း မလုံလောက်သည့် ဓာတ်အားမဂ္ဂါဝပ် ၆၀ ခန့်အား အလှည့်ကျထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“ပြုပြင်ရေးကာလ ကြာမြင့်ချိန်အတွင်းပဲ အလှည့်ကျဓာတ်အား ဖြန့်ဖြူးမှာဖြစ်ပြီးတော့ ပြီးသွားရင်တော့ ပုံမှန်ပြန်လည် ဖြန့်ဖြူးပေးမှာပါ”ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့ကမ်းလွန်တွင် လက်ရှိ သဘာဝဓာတ်ငွေ့ထုတ်ယူနေသော လုပ်ကွက်စီမံကိန်း လေးခုအထိ ရှိကြောင်း၊ ယင်းတို့အနက် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းအား TOTAL ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး စုစုပေါင်း ထွက်ရှိမှုပမာဏ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၉၁၀ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေသန်းပေါင်း ၁၁၉ သန်းကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း ယင်းလုပ်ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။
ထို့အတူ တနင်္သာရီကမ်းလွန်တွင်ရှိသော ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းအား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စတင်ထုတ်ယူခဲ့ကြောင်း ယင်း သဘာဝဓာတ်ငွေ့သိုက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၃၀ တင်ပို့နေကြောင်း၊ ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထားခြင်း မတွေ့ရကြောင်း၊ အလားတူ ဇောတိကသဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်တင်ပို့ခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်မှု ကုဗပေသန်းပေါင်း ၃၅၃ သန်း ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်း တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း သိရသည်။
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအား ၂၀၀၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်ထုတ်လုပ် ရောင်းချခဲ့ကြောင်း သိရသည်။
ပြည်တွင်းလုပ်ကွက်များကိုမူ MOGE မှ လုပ်ဆောင်နေပြီး စုစုပေါင်းပမာဏ ကုဗပေ သန်းပေါင်း ၆၃ သန်း ထွက်ရှိကာ ယင်းပမာဏအားလုံးအား ပြည်တွင်းသုံးစွဲမှုအတွက် အသုံးပြုနေကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် သုံးစွဲမှုအနေအထားကိုကြည့်ပါက ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်များမှ စုစုပေါင်းထွက်ရှိသည့် ပမာဏကုဗပေသန်းပေါင်း ၂၀၅၈ သန်းရှိပြီး ပြည်ပသို့ တင်ပို့မှု ၁၆၉၉ သန်းနှင့် ပြည်တွင်းသုံးစွဲမှု ကုဗပေ သန်း ၃၃၉ သန်းရှိကြောင်း သိရသည်။
မုတ္တမကမ်းလွန် ရတနာကမ်းလွန် ပလက်ဖောင်းရှိ Booster Compressor တစ်လုံး ချွတ်ယွင်းမှုဖြစ်ပေါ်သဖြင့် ဓာတ်အားပြတ်တောက်မှု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်မည်ဟုဆို















