ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ ကောင်းကင်ရထားပြေးဆွဲရေး စီမံကိန်းများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထား

ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ ကောင်းကင်ရထားပြေးဆွဲရေး စီမံကိန်းများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထား
Published 18 November 2015
ကျော်ဇင်ဝင်း၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရန်ကုန်-မန္တလေးမြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းနှင့် ရန်ကုန်မြို့ပတ် မြေအောက်ရထားစီမံကိန်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ ကောင်းကင်ရထားပြေးဆွဲရေးစီမံကိန်းများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ကမ်းလှမ်းဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
 
နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးခွန်းအား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟံစိန်က အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ ရထားပို့ဆောင်ရေးများနှင့် ပတ်သက်၍ လာမည့်အနာဂတ်တွင် သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုဖြစ်စေရန် မည်သို့စီမံထားရှိသည်နှင့် ယခု ငါးနှစ်တာကာလအတွင်း သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှု မရှိခြင်းအပေါ် မည်သို့ သုံးသပ်သည် သိလိုခြင်း” နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်းဖြစ်သည်။
 
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟံစိန်က ရထားပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ ODA ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃ သန်းဖြင့် ၂၀၁၅ မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီး လက်ရှိတွင် ချေးငွေစာချုပ် ချုပ်ဆိုရေးအတွက် ဆောင်ရွက်ဆဲဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကိုယ်စားလွှတ်တော်သို့ ရှင်းလင်းဖြေကြားသည်။ ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို ဆက်သွယ်မည့် LRT ရထာလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ “ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် လျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်း၊ ရန်ကုန်မြို့ပတ် မြေအောက်ရထားစီမံကိန်း၊ ရန်ကုန်-မင်္ဂလာဒုံ- ဟံသာဝတီ ကောင်းကင်ရထားပြေးဆွဲရေးစီမံကိန်းများအတွက် အနာဂတ်မျှော်မှန်းချက်အဖြစ် စိတ်ပါဝင်စားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ကမ်းလှမ်းဖိတ်ခေါ်နေဆဲ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။
 
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ပထမဦးဆုံး ပြေးဆွဲမည့် လျှပ်စစ်ရထားစနစ်အတွက် လင်းစဒေါင်း- ထော်လီကွေ့လမ်း ပိုင်း ၃ ဒသမ ၆ မိုင် ကို Dual Gauge လျှပ်စစ်ရထားလမ်းသစ်အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဦးစားပေးလမ်းပိုင်းဖြစ်သည့် ဂျိုးထောင်-နမ့်ခမ်း-ဘုံချောင်း-မဲဇာ လမ်းပိုင်းအား ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေအမေရိကန် ဒေါ်လာသန်း ၁၀၀ ဖြင့် ၂၀၁၆-၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရေး ကိုရီးယားသမ္မတနိုင်ငံ သွင်းကုန်/ထုတ်ကုန် ဘဏ်သို့ စီမံကိန်းအဆိုပြုလွှာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
 
ထို့ပြင် တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၈၇ သန်းဖြင့် ဆောင်ရွက်မည့် စက်ခေါင်းနှင့် တွဲတည်ဆောက်ရေးစက်ရုံများ တည်ဆောက်မည့်စီမံကိန်းကို  ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦဟံစိန်၏ပြောကြားချက်အရ သိရသည်။
 
အဆိုပါချေးငွေ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၈၇သန်းဖြင့် နှစ်စဉ် စက်ခေါင်းသစ် ၂၂ လုံးနှင့် လူစီးတွဲသစ် ၁၂၀ ထုတ်လုပ်မည့် စက်ခေါင်းသစ်စက်ရုံကို နေပြည်တော်တွင်လည်းကောင်း၊ လူစီးတွဲသစ်စက်ရုံကို မြစ်ငယ်တွင် လည်းကောင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 
ကိုရီးယား EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် အကောင်အထည်ဖော်မည့် လူစီးတွဲ ၁၀၀ ဝယ်ယူရေး စီမံကိန်းချေးငွေ စာချုပ်ချုပ်ဆိုနိုင်ရေး ပြင်ဆင်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အိန္ဒိယချေးငွေ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၃၁ သန်း ဖြင့် စက်ခေါင်း၊ တွဲများနှင့် စက်ကိရိယာပစ္စည်းများ ဝယ်ယူမည့်စီမံကိန်း စာချုပ်ချုပ်ဆိုရေးနှင့် တင်ဒါခေါ်ယူရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
ဆက်လက်ပြီး တရုတ်အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ဖြင့် စက်ခေါင်းသစ် ခြောက်ခေါင်း ဝယ်ယူရန်ရှိကြောင်း ဒုဝန်ကြီး ဦးဟံစိန်က ရှင်းလင်းပြောကြားသည်။
 
ရထားပို့ဆောင်ရေးကဏ္ဍတွင် ရထားများ၏ အဆင့်အတန်းနှင့် လုံခြုံစိတ်ချမှု အခြေအနေ၊ ရထားလမ်းများ၊ ဘူတာများ၊ စက်ခေါင်းတွဲများ၏ အခြေအနေသည် မျှော်မှန်းထားသလောက် သိသာထင်ရှားသည့် တိုးတက်မှုမရှိကြောင်း တွေ့ရှိရသည်ဟု   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆွေးနွေးပြောကြားသည်။
 

Most Read

Most Recent