ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းသား ပြည်သူလူထု၏ လက်မှတ်များကို ရှမ်းပြည်လူငယ်ကွန်ရက်အဖွဲ့မှ ဦးစီး၍ နိုဝင်ဘာ ၁၁ ရက်ကစတင် ကောက်ခံနေပြီး နိုဝင်ဘာ လကုန်ရက်အထိ ရရှိသောလက်မှတ်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြသွားမည်ဟုSouthern Shan State, Youth Network မှ သိရသည်။“နိုင်ငံခြားမှာ နေတဲ့သူတွေကလည်း သူတို့လည်း လက်မှတ်ထိုးချင်ပါတယ်ဆိုလို့ ကောက်ခံနေတာ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပို့မယ်။ မိတ္တူတွေကို UNFC နဲ့ ဝန်ကြီးဌာနတွေကိုလည်း ပို့သွားမှာ ဖြစ်တယ်” ဟုSouthern Shan State, Youth Network မှ ကိုဝင့်ထည်ကောင်းမြတ်က ပြောကြားသည်။ရှမ်းပြည်နယ် အတွင်းနေထိုင်သော တိုင်းရင်းသား ပြည်သူလူထုကို အဓိကထား ကောက်ခံသွားမည်ဖြစ်ပြီး ရှမ်းအရှေ့ပိုင်းမှ နှစ်မြို့နယ်၊ ရှမ်းမြောက်ပိုင်းမှ နှစ်မြို့နယ်၊ ရှမ်းတောင်ပိုင်းတွင် ကိုးမြို့နယ်၊ စုစုပေါင်း ၁၃ မြို့နယ်နှင့် ရန်ကုန်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံမှ တိုင်းရင်းသားများထံမှလည်း လက်မှတ်များကောက်ခံ နေပြီဖြစ်ကြောင်း သိရသည်။ ကောက်ခံရရှိသော လက်မှတ်မူရင်းများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ တင်ပြသွားမည် ဖြစ်ပြီး၊ မိတ္တူကို တိုင်းစစ်ဌာနချုပ်လေးခု၊ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း Southern Shan State, Youth Network မှ မပန်းမြိုင်က ပြောကြားသည်။“ကျွန်မတို့အဖွဲ့အနေနဲ့ စစ်ပွဲတွေမရပ်မချင်း တောင်းဆိုသွားဖို့ ရှိပါတယ်။ အရင်ကလည်း တောင်းဆိုထားပါတယ်။ နောက်လည်း တောင်းဆိုသွားဖို့ ရှိပါတယ်။ ဒါပြီးရင် တိုက်ပွဲဖစ်တဲ့ နေရာတွေမှာ အဖွဲ့အနေနဲ့ သွားလှူ ဒါန်းဖို့ရှိတယ်။ ဒီရက်ပိုင်းသွားမယ့် သူတွေနဲ့ လူကြုံထည့်ပေးလိုက်မယ်။ ငွေခြောက်သိန်း လောက်ပဲရသေးတော့လေ။ လက်မှတ်က နှစ်သာင်းခွဲလောက်ပဲ ထုတ်ထားတယ်။ ဒါပေမဲ့ နိုင်ငံခြားတွေကိုတော့ အီးမေးလ်နဲ့ လှမ်းပို့ ထားတာရှိတယ်။ အဓိက က ရှမ်းပြည်နယ်အတွင်း နေထိုင်တဲ့သူတွေအတွက်ပဲ လက်မှတ်ထိုးမှာပေါ့။ ရန်ကုန်မှာ ရောက်နေတဲ့ ရှမ်းပြည်သူတွေကလည်း ထိုးမယ်ဆိုလို့ ပို့ပေးလိုက်သေးတယ်” ဟု မပန်းမြိုင်က ပြောကြားသည်။ှSouthern Shan State, Youth Network အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ လူငယ်ကွန်ရက်ကဲ့သို့သော အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့စုစည်းထားသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် အဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ လူငယ်အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များမှ ပါဝင် ပူးပေါင်း လှုပ်ရှားမှုများ ရှိခဲ့ကြောင်း သိရသည်။ရှမ်းပြည်နယ်အတွင်း လွိုင်လင်ခရိုင်တွင် တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် စစ်ပွဲများနှင့် ဝေးရာသို့ အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်လျက်ရှိပြီး၊ ယခုအခါတွင် ဒေသခံ တစ်သောင်းနီးပါး အထိ စစ်ဘေးရှောင်အရေအတွက် မြင့်တက်လျက်ရှိကာ အရေးပေါ် အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြာင်း ဒေသခံများထံမှ သတင်းရရှိသည်။
စစ်ပွဲများ ရပ်တန့်စေရေး ရှမ်းပြည်နယ်အတွင်း နေထိုင်သော ပြည်သူများ၏ လက်မှတ်များ ကောက်ခံနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြမည်















