ဝမ်ဟိုင်းဒေသတွင် တပ်မတော်နှင့် SSPP/SSA အကြား တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးနေကြရ

ဝမ်ဟိုင်းဒေသတွင် တပ်မတော်နှင့် SSPP/SSA အကြား တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးနေကြရ
Published 11 November 2015

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ်တွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ပြီး  လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲကာ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးနေရကြောင်း ဝမ်ဟိုင်းဒေသခံများက ပြောကြားသည်။အောက်တိုဘာ ၉ ရက် ညဘက်အချိန်  ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲဘက်တွင် SSPP ဘက်မှ ပစ်ခတ်သဖြင့် တပ်မတော်အရာရှိတစ်ယောက် ကျဆုံးသည်ဟုဆိုကာ အောက်တိုဘာ ၁၀ ရက် နံနက်တွင် တပ်မတော်ဘက်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း  SSPP/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလ က ပြောကြားသည်။အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီ တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဝမ်ဟိုင်းဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ကို ထိမှန်ခဲ့ပြီး ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးသွားကြောင်း၊ စစ်ဘေးရှောင်များနှင့်  သံဃာတော်များမှာ နံနက်အစောပိုင်း လက်နက်ကြီးများ ပစ်နေစဉ်ကတည်းက ရှောင်ရှားထွက်ပြေးခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောကြားသည်။“မနေ့ညက မိုင်းနောင်ဘက်မှာ ဒီဖက်က သွားတိုက်တယ်လို့ဆိုပြီး ဒီနေ့ နံနက် လက်နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်နှစ်စင်းနဲ့ ဗုံးလာကြဲတယ်။ ညက ပစ်ခတ်ပြီးတော့ မနက်ရောက်တော့ လေယာဉ်နဲ့လည်း ဗုံးကြဲတာရှိတယ်။ သူတို့အရာရှိတစ်ယောက် ကျတယ်ဆိုပြီး ဒီမနက် ၆ နာရီက ကျူမခေါင်စခန်းကို လက်နက်ကြီးနဲ့ပစ်တာ။ စခန်းကနေ ဝမ်ဟိုင်းထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ အားလုံး ၁၀ လုံးကျော်ပစ်တယ်။ ၁၀ နာရီ ၁၅ မိနစ်မှာ တိုက်လေယာဉ်ရော၊ ရဟတ်ယာဉ်နှစ်စီးရော လာပြီး ဗုံးကြဲတယ်။ စစ်ဘေးရှောင်တွေနဲ့ သံဃာတော်တွေက မနက်ထဲက ရှောင်နေတယ်လေ” ဟု SSPP တပ်ဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။“မနေ့ညတုန်းက လက်နက်ကြီးတွေနဲ့ လာပစ်လို့ ဆိုင်ကယ်တစ်စီး ပျက်စီးသွားတယ်။ လူတွေလည်း မနေရဲတော့ဘူး။ ထွက်ပြေးကုန်ကြပြီလေ။ ခု ဘယ်သူမှမရှိတော့ဘူး။ ဒေသခံတွေ ဝမ်ဟိုင်းအရပ်သားတွေ မရှိတော့ဘူး။ နံနက် ၆ နာရီကနေ စပြီးတော့ လက်နက်ကြီးတွေ အလုံး ၂၀ လောက် ရှိမယ်ထင်တယ်။ ထု နေတာ။ မနက်အစောကြီးတည်းက ထုထဲက လူတွေ ထွက်ပြေးနေကြပြီ။ ခုတော့ ဘယ်သူမှ မရှိတော့ဘူး။ အဲဒီမှာက ဝမ်ဟိုင်းမှာ ဒုက္ခသည်တွေပဲ နေတာလေ။ နေ့လယ် ၁၀ နာရီ ကျော်ကျော်မှာ လေယာဉ်ပျံတွေနဲ့လာပြီး ဗုံးကြဲသေးတယ်။ ကျွန်မတို့ ထွက်ပြေးနေချိန်မှာပေါ့” ဟု ဝမ်ဟိုင်းဒေသခံစစ်ဘေးရှောင် ထွက်ပြေးနေသော နန်းကြာဖူးက ပြောကြားသည်။

ဝမ်ဟိုင်းဘုန်းကြီးကျောင်းသို့ ထိမှန်ထားသော လက်နက်ကြီးကျဉ် အပိုင်းအစများကို တွေ့ရစဉ်“အသံအကျယ်ကြီးတွေ မြည်နေတာ သမီးကြောက်တယ်။ ထွက်ပြေးစရာ မြေလည်းမရှိတော့ဘူး။ သမီးတို့ဘ၀ မလုံခြုံတော့ဘူး။ သမီးတို့ကို ဘာလို့ လိုက်တိုက်ခိုက်နေရတာလဲ မသိဘူး။ ကြောက်တယ်။ လန့်တယ်။ ကြောက်စရာကြီးတွေ” ဟု ဝမ်ဟိုင်းမှ စစ်ဘေးရှောင် ကလေးငယ်တစ်ဦးဖြစ်သူ နန်းဖြူနုက ငိုရင်း ပြောသည်။ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် မပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက်မှ တစ်ဖွဲ့ဖြစ်သည်။ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့မှ အင်အား ၁၂၀ ခန့်သည် နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အရှေ့ဘက်နှင့် အနောက်တောင်ဘက်တို့မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ည ၈ နာရီခွဲခန့် တွင် မိုင်းနောင်နယ်မြေ ရဲစခန်းကိုလည်း ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်း သောင်းကျန်းသူများသည် ယနေ့ နံ နက် ၄ နာရီခွဲခန့်တွင် တစ်ကြိမ် ၅ နာရီခွဲခန့် တွင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်ဌာနချုပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တပ်မတော်ရဟတ်ယာဉ်များဖြင့် တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နံနက် ၈ နာရီခွဲတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ မိုင်းနောင်တပ်ဌာနချုပ်တွင် လုံခြုံရေးအရ လိုအပ်သည့် အတားအဆီးများ ပြုလုပ်ထားခြင်းကြောင့် အက်စ်အက်စ်အေ(ဝမ်ဟိုင်း) အဖွဲ့သည် အများပြည်သူနေထိုင်ရာ ရပ်ကွက်များအတွင်းမှ ပြည်သူလူထုအား အကာအကွယ်ယူ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက် မှ ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံတချို့လည်း ပျက်စီးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent