ပန်းချီဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းရာ

ပန်းချီဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 5 November 2015
ပြည့်စုံနေဝင်း

အသက်အရွယ် ကြီးရင့်တဲ့ လူကြီးများဟာ လူငယ်များအတွက် လေ့လာစရာ၊အတုယူဖွယ်ရာ သက်ရှိ သမိုင်းစာအုပ်များ ဖြစ်ပါတယ်။ ကောင်းတဲ့ ဖြစ်ရပ်များ သာမက ရှောင်ကြဉ်ရမယ့် အတွေ့အကြုံ ဖြစ်ရပ်များကိုလည်း အသက်ကြီး ဝါကြီးသူတွေရဲ့အတွေ့အကြုံများမှ တစ်ဆင့် ကျွန်မတို့သင်ယူရမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် အနုပညာရှင်များရဲ့ ငယ်ဘဝကဏ္ဍမှာ ငယ်ဘ၀ အမှတ်တရတွေ၊ ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံများ အကြောင်းကို ဖော်ပြပေးမယ့် သူကတော့ စွယ်စုံရအနုပညာရှင်လို့ ခေါ်ရမယ့် ပန်းချီဆရာ၊ စာရေးဆရာ၊ အကယ်ဒမီရ ဒါရိုက်တာ ဖြစ်တဲ့အပြင် ကာတွန်းလည်း ရေးဆွဲတဲ့ ဆရာကြီး ဦးဝင်းဖေရဲ့အကြောင်း ဖြစ်ပါတယ်။
■ငယ်ဘဝနဲ့ အနုပညာ လမ်းကြောင်းအစ
ဆရာကြီးဦးဝင်းဖေရဲ့ မွေးရပ်ဇာတိကတော့ နာမည်ကျော် ဂန္ထဝင်စာပေ၊ ဂီတ အနုပညာရှင် အများစု ထွက်ပေါ်ရာ မန္တလေးမြို့ဖြစ်ပါတယ်။ ၁၉၃၅ခုနှစ်မှာ ဖခင်ရွှေပြည်ဦးဘတင်နဲ့ မိခင်ဒေါ်အုန်းတင်တို့က မွေးဖွား ခဲ့တဲ့ ဦးဝင်းဖေဟာ ညီအစ်ကို ငါးယောက်ထဲမှာ တတိယမြောက်သား ဖြစ်ပါတယ်။        
“ကျွန်တော့်အဖေက မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့ရိုးရာကိုလည်း အင်မတန် ချစ်မြတ်နိုးတဲ့ အခါကျတော့ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး အနုပညာကို တတ်ကျွမ်းရမယ်လို့ သူကယုံကြည်တယ်။ ကျွန်တော်တို့ အကုန်လုံး စသင်ရတာက သီချင်းကြီး မဟာဂီတပဲ။ပတ္တလားကို အခြေခံပြီး အဆိုပညာကို စသင်ခဲ့ရတယ်။ နောက်ပိုင်း အဖေ့အကျင့်က ကျွန်တော့်ဆီအထိ ရောက်လာပြီး ကျွန်တော့် သားသမီးတွေ အလှည့်မှာလည်း သီချင်းကြီး မသင်မနေရ ဆိုပြီးကို သင်ပေးခဲ့တယ်”လို့  ဦးဝင်းဖေက ပြောပြခဲ့တယ်။

ပန်းချီနဲ့ ကာတွန်းဆီ စီးဝင် ဖြတ်သန်းမှု
“ပန်းချီနဲ့ ပတ်သက်လို့ ပြောရရင်တော့ အသက် ခုနစ်နှစ်လောက်မှာ ဒုတိယကမ္ဘာစစ် ဖြစ်တော့ ကျွန်တော်တို့မိသားစု စစ်ပြေးရတယ်။ စစ်ပြေးတော့ မင်းကွန်းက ဂူကလေးချောင် ဆိုတာကို ပြေးကြတယ်။  စစ်အတွင်း စစ်ရှောင်ကြချိန်ဆိုတော့ ကလေးဆိုတော့ ပူပန်ရကောင်းမှန်းလည်းမသိ ဆော့လိုက် အလုပ်ကူပေးလိုက် တွေ့ရာနေရာမှာ တောင်ခြစ် မြောက်ခြစ်လုပ်လိုက်နဲ့ ပန်းချီပိုး စဝင်တယ်လို့ဆိုရမလားပဲ။  စနစ်တကျ စတက်တာက စစ်ပြီးလို့ မန္တလေး ပြန်ရောက်ချိန် ကျောင်းတက်တော့ ဆရာဦးထွန်းညွန့်ဆီမှာ စသင်ခဲ့ရတယ်”လို့ ဆရာကြီးက သူရဲ့ ပန်းချီပညာ သင်ယူမှု ခရီးအစကို ပြောပြခဲ့ ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆရာကြီး ဦးဝင်းဖေရဲ့ ပန်းချီလမ်းကြောင်းမှာ အဓိကကျတဲ့ အစိတ်အပိုင်း အဖြစ် ပန်းချီ ဆရာကြီး ဦးဘကြည်ဆီမှာ ပညာသင်ယူခွင့် ရရှိခဲ့ပါတယ်။ အဲဒီမှာပဲ နောင်တစ်ချိန်မှာ ဆရာကြီးဦးဝင်းဖေရဲ့ အချစ်ဆုံး၊ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာမယ့် ပန်းချီပေါ်ဦးသက်နဲ့ တွေ့ဆုံပြီး ပန်းချီပညာကို အတူတူ သင်ယူ ခွင့်ရခဲ့ပါတယ်။ ‘အဲဒီခေတ်တုန်းက မန္တလေးမှာ နာမည်ကြီး ပန်းချီဆရာတွေ ပါဝင်တဲ့ Upper Burma Club မှာ ကျွန်တော်နဲ့ ပေါ်ဦးသက်က အငယ်ဆုံး အသင်းဝင်လေးတွေပေါ့။ အပတ်စဉ် ဆရာကြီးတွေနဲ့ တွေ့ဆုံပြီး ပန်းချီပညာ လေ့လာခွင့် ရခဲ့တယ်။ နောက် ဆရာဦးခင်မောင်(ဘဏ်)ဆီမှာ ပန်းချီ ပညာ ဆက်သင်ရတယ်။ ကံကောင်းတာက ဆရာကြီးတွေက ပန်းချီဆွဲတဲ့နေရာမှာ သူတို့ရဲ့ လောင်းရိပ်၊သူတို့ရေးဟန်တွေ ဖြစ်မှာစိုးလို့  ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် တွေးခေါ်၊ လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း ဖန်တီးနိုင်အောင် လမ်းဖွင့်ပေးခဲ့တယ်”လို့ ပန်းချီပညာနဲ့ပတ်သက်ပြီး အမှတ်တရကို ဦးဝင်းဖေက ပြောပြခဲ့ပါတယ်။ ဆရာကြီးဦးဝင်းဖေရဲ့ ကာတွန်းဆရာ ဘဝအကြောင်းကို ပြောရမယ်ဆိုရင်တော့ ချန်ထားလို့ မရတာကတော့ မန္တလေးက လူထုသတင်းစာတိုက်ပဲ ဖြစ်ပါတယ်။ လူငယ် တွေကို မြေတောင်မြှောက်ပေးလေ့ရှိတဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့လူထုသတင်းစာတိုက်မှာ ဆရာကြီးဦးဝင်းဖေနဲ့ ပန်းချီပေါ်ဦးသက်တို့ဟာ ကာတွန်းဆရာအဖြစ် လုပ်ခဲ့ပါတယ်။
“ကျွန်တော် လူထုသတင်းစာမှာ ၅၉ ခုနှစ်ကနေ ၆၂ခုနှစ်အတွင်း ကာတွန်းတွေ အများကြီး ရေးခဲ့တယ်။ အဲဒီခေတ်က ကျွန်တော်ဆိုရင် ဦးနုတို့အပါအဝင် နိုင်ငံ့အကြီးအကဲတွေကို နာမည်တပ်ပြီး ကာတွန်းမှာ သရော်ခဲ့၊ လှောင်ခဲ့တယ်။  ဦးနုဟာ ကျွန်တော့်အဖေနဲ့ အင်မတန် ရင်းနှီးတယ်။ မင်းရဲ့သားက ငါ့ကိုဘယ်လို ဝေဖန်နေတယ်လို့ တစ်ချက် ပြန်မပြောဘူး။ ကျွန်တော်ကလည်း ဦးနုရဲ့ သားအကြီးဆုံးနဲ့ ရင်းနှီးတယ်။ သူ့အိမ် ဝင်ထွက်နေပေမယ့် ဦးနုဟာ မင်းငါ့ကို ဘယ်လိုဆော်ထားတယ်။ ဘယ်လို ဝေဖန်တာလဲ တစ်ခွန်း အပြစ်မပြောဘူး။ အဲဒါကိုကြည့်ခြင်းအားဖြင့် ဘာအရေးကြီးသလဲဆိုတော့ ဒါဟာ စိတ်ရင့်တယ်လို့ ခေါ်တယ်။ စိတ်နုတာမကောင်းဘူး။ တိုင်းပြည်ခေါင်းဆောင်၊နိုင်ငံ့ အကြီးအကဲလုပ်ရင် ဝေဖန်ခံနိုင်ရမယ်လေ။ အဲဒီခေတ်က ကာတွန်းဖော်ပြမှုဟာ လွတ်လပ်မှုက ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လူထုဒေါ်အမာက နိုင်ငံရေးအခြေအနေက ဘာမှန်းမသိသေးတော့ ငါတို့နိုင်ငံရေးနဲ့ပတ် သက်တဲ့ကာတွန်းတွေ ခဏနားမယ်ဆိုတော့ ကျွန်တော်က တစ်လလုံး ရေသူမနဲ့ ပတ်သက်တာ ဆွဲတယ်။ တစ်လလုံးဗုံနဲ့ ပတ်သက်တဲ့ ကာတွန်းတွေ ရေးခဲ့တယ်။ အဲဒီလို ရေးတာတောင် အာဏာပိုင်တွေ ငြိုငြင်တာ ကမလွတ်လို့ လူထုသတင်းစာတိုက်က ကာတွန်းဆရာဘ၀ နားလိုက်ရတယ်ပေါ့”လို့ ဦးဝင်းဖေက ပြောပြခဲ့ပါတယ်။

ရုပ်ရှင်ဒါရိုက်တာ ဘဝနဲ့ စာပေခရီး
ဆရာကြီးဟာ ဒါရိုက်တာ တစ်ယောက် ဘဝနဲ့ ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၁ ခုနှစ်မှာတော့ ‘နှင်းဆီနီအိပ်မက်’ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ ဆရာကြီး  ဦးဝင်းဖေဟာ စာပေနဲ့ပတ်သက်လို့လည်း နာမည်ကျော် ကြားခဲ့ပါတယ်။ ဆရာကြီးရဲ့ ဝတ္ထုတိုများဟာ စာဖတ်သူကို အသိအမြင် အလင်းဖွင့်ပေးစေခဲ့တဲ့ စာပေများ ဖြစ်ခဲ့သလို အာဏာပိုင်များ ရဲ့စောင့်ကြည့်စရာ စာတချို့လည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါတက္ကသိုလ်မှာ ပြုလုပ်တဲ့ International Writing Program ကိုသွားရောက်ခဲ့တဲ့ ဆရာကြီးကို မြန်မာနိုင်ငံမှာ  Blacklist လုပ်ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဆရာကြီးဟာ ပြည်ပမှာ နေထိုင်ခဲ့ရပြီး ၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခွင့် ရရှိခဲ့ပါတယ်။
ပြည်တော်ပြန်ခွင့် မရခဲ့တဲ့ ကာလများနဲ့ အသံလွှင့်ချက်များ
လွန်ခဲ့တဲ့နှစ်များဆီက ပြည်ပရေဒီယို အသံလွှင့်ဌာန တစ်ခုဖြစ်တဲ့ BBC မှာ မြန်မာ့လေ၊ မြန်မာ့ဟန်၊ မြန်မာသံစစ်စစ်နဲ့ မြန်မာနိုင်ငံရဲ့အထင်ကရ အနုပညာရှင်တွေအကြောင်း၊ အနုပညာ ဖြတ်သန်းမှု အကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ရှေးဟောင်းနှောင်းဖြစ် အဖုံဖုံကို လေ့လာဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ပြောဟောခဲ့တဲ့ ‘ဝင်းဖေ လွယ်အိတ်’ဆိုတဲ့ အစီအစဉ်တစ်ခု ရှိခဲ့ပါတယ်။ ဒီအစီအစဉ်ကို တင်ဆက်သူကတော့ ဆရာကြီး ဦးဝင်းဖေပါ။ ဒီအစီအစဉ်ဟာ ရေဒီယိုနားထောင်တဲ့ သောတရှင်များကြားမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ ဆရာကြီးဟာ အမေရိကန်နိုင်ငံရောက်ပြီး နှစ်နှစ်အကြာမှာ လွတ်လပ်သော အာရှအသံ(RFA) ရဲ့ တည်ထောင်သူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
“ကျွန်တော်က တကယ်တော့ သတင်းသမားဘဝကို ဝါသနာမပါဘူး။ ဒါပေမဲ့ မြန်မာ ပြည် ပြန်ခွင့်မရတဲ့ ကာလတွေမှာ  လွတ်လပ်သော အာရှအသံကို လုပ်မယ်ဆိုတော့ မလွတ်မလပ် ဖြစ်နေတဲ့ အာရှနိုင်ငံတွေက အသံကိုရအောင်လုပ်မယ်ဆိုပြီး ပထမဆုံး လွတ်လပ်သော အာရှအသံ (RFA) မြန်မာ
ပိုင်း အစီအစဉ်ကို စပြီးလုပ်ခဲ့တယ်။ အဲဒီမှာ ကိုးနှစ်ကြာပြီးအနားယူပြီးတော့ BBC နဲ့ VOAမှာ ဆောင်းပါးရေး၊ အစီအစဉ် တင်ဆက်တာတွေ လုပ်ခဲ့တယ်”လို့ ဦးဝင်းဖေက ဆက်ပြီး ပြောပြခဲ့ပါတယ်။

လက်ရှိကာလ ဖြတ်သန်းမှုများ
စာပေ၊ ဂီတ၊ ပန်းချီ၊ ကာတွန်း၊ ရုပ်ရှင် နယ်ပယ်စုံမှာ ကျင်လည်ခဲ့တဲ့ ဆရာကြီး ဦးဝင်းဖေဟာ သူ့ကို မွေးဖွားခဲ့စဉ်က ဇာတာအနေနဲ့ မေထုန်ရာသီဖွား၊ လဂ်ကဓနုလဂ် ဖြစ်တာကြောင့် အနုပညာသမား ကျိန်းသေ ဖြစ်ရမယ့်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ အနုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုရမယ့်သူလို့ ဇာတာကဆိုထားတဲ့ ဆရာကြီးဟာ အချိန်ကာလတစ်ခုအထိ စီးပွားရေးသမား လုပ်ခဲ့ပေမယ့် အသက် ၃၁နှစ်မှာ အနုပညာ ကျောင်းအုပ် ပြန်ဖြစ်ပြီး နောက်မှာတော့ အနုပညာနဲ့ ဆက်စပ်တဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့သူပါ။ လက်ရှိ အချိန်အထိလည်း အနုပညာနဲ့သာ နေထိုင်သူဖြစ်ပြီး မြန်မာ နိုင်ငံမှာတစ်လှည့်၊ အမေရိကန်ကိုတစ်လှည့် ပြန်လည်နေထိုင်ရင်း သူအပျော်မွေ့ဆုံးလို့ ခံယူထားတဲ့ ပန်းချီကားတွေ ရေးဆွဲရင်း ရှေ့ဆက်နေပါတယ်။ ဆရာကြီးရဲ့အနုပညာအမွေကိုတော့ သမီးဖြစ်သူ မီမီဝင်းဖေဆီမှာ တွေ့ရှိ ရမှာဖြစ်ပါတယ်။ ဆရာကြီးက “ပန်းချီကိုတော့ နေ့တိုင်း ရေးဖြစ်တယ်။ ကျွန်တော်က ပန်းချီရေးရရင် ပျော်တယ်။ ပန်းချီတွေ ကြည့်နေတဲ့သူတွေကိုလည်း ပျော်စေချင်တယ်။ ဒါကြောင့် အရောင်အသွေး စုံစုံလင်လင်နဲ့ စိတ်ပျော်စေတဲ့ ပန်းချီကားတွေ အများကြီး ရေးဖြစ်နေတယ်”လို့ ပြောပြခဲ့တယ်ဆိုတာ တင်ပြရင်း ဒီတစ်ပတ်အတွက် ရပ်နားလိုက်ပါတယ်။