တနင်္သာရီမြို့တွင် ရှေးအကျဆုံး ယဉ်ကျေးမှုပွဲတော်အဖြစ် နဂါးလှေလှော်ပွဲတော်အား နှစ်ပေါင်း ၈၆၂ နှစ်မြောက်အဖြစ် နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်အတွင်း ရှေးနှစ်ပေါင်းများစွာက ကျင်းပလာသည့် ပွဲတော်တစ်ခုအား ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၈၆၂ နှစ်ပြည့်မြောက်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“နဂါးလှေလှော်ပွဲ ကျင်းပလာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၈၆၂ နှစ်ပြည့်ခဲ့ပါပြီ။ တနင်္သာရီမြို့ရဲ့ တတိယမြို့တည်၊ နန်းတည် ၆၄၂ နှစ်ပြည့်အဖြစ်လည်း ကျင်းပခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပလာခဲ့တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။
အခုမျိုးဆက် လူငယ်တွေကလည်း ယဉ်ကျေးမှုတစ်ခုကို ကြိုးစားပြီး ထိန်းနေပါတယ်။ နဂါးလှေပွဲကို တနင်္သာရီမြို့နဲ့ ကျေးရွာများမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၀ က ဆရာတော်တွေ၊ ဂေါပကတွေကို ဖိတ်ကြားခဲ့သလို ဒေသခံပြည်သူတွေ အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်” လို့ ငွေနန်းသာရီနဂါးလှေ၏ ဦးပေါက်ဦးသန်းစိုးဝင်းက ပြောကြားသည်။
ယခုနှစ် နဂါးလှေပွဲအား နဂါးလှေ ခြောက်စင်းပါဝင် လှော်ခတ်ခဲ့ကာ လယ်သစ်ကျေးရွာမှ လေးစင်း၊ တနင်္သာရီမြို့နယ်မှ နှစ်စင်း ပါဝင်ခဲ့ကြောင်း သိရသည်။ ရှေးမြန်မာဘုရင်များလက်ထက်က ရေခင်းသဘင်ပုံစံအဖြစ် ကျင်းပလာခဲ့သော နဂါးလှေလှော်ပွဲများမှာ တဖြည်းဖြည်း တိမ်ကောလာပြီး ယခုအခါ လယ်သစ်ကျေးရွာမှ နဂါးလှေ လေးစင်းကို ထိန်းသိမ်းထားပြီး တနင်္သာရီမြို့နယ်တွင် နှစ်စင်း ထိန်းသိမ်းထားကာ စုစုပေါင်း ခြောက်စင်းသာ ကျန်တော့ကြောင်း သိရသည်။
“ကျွန်တော်တို့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပိုပြီးထိန်းသိမ်းချင်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေကလည်း အများကြီးတန်ဖိုးထား ထိန်းသိမ်းကြတယ်။ ဆရာတော်ကလည်း နဂါးလှေကို နောက်ပိုင်း အစဉ်အလာမပျက် ထိန်းသိမ်းသွားဖို့ မှာကြားနေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ပေးချင်ပါတယ်” လို့ ဦးသန်းစိုးဝင်းက ပြောကြားသည်။
နှစ်စဉ် သီကျွတ်ပြီးနောက် ကျင်းပလေ့ရှိသည့် နဂါးလှေပွဲမှာ ယခုနှစ်တွင် ထူးခြားစွာ ကျင်းပခဲ့ပြီး တနင်္သာရီ၏ ဗျိုင်းတောင်အကဓလေ့များ ဖော်ထုတ်ကပြခြင်း၊ နဂါးအကများကပြခြင်း၊ မြို့တည် နန်းတည်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
နဂါးလှေလှော်ပွဲသို့ နိုဝင်ဘာ ၁ ရက်က တနင်္သာရီမြို့သို့ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် လာရောက်ကြည့်ရှုသွားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြစ်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် ထူးခြားစွာစီးဆင်းနေသည့် ရေချို မြစ်တစ်စင်းဖြစ်ပြီး ယဉ်ကျေးမှုအစဉ်အလာများ ကြီးမားသည့်နေရာများမှာ မြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိနေကြောင်း သိရသည်။















