မန္တလေးတိုင်း ဒေသကြီး၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တိုင်ကြားခဲ့သည့် မှုခင်းဖြစ်စဉ် ၃၀ ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တိုင်ကြားခဲ့သည့် မှုခင်းဖြစ်စဉ် ၃၀ ဖြစ်ပွား
Published 31 October 2015
ယဉ်မျိုးသွယ်

မန္တလေးတိုင်း ဒေသကြီး၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ကာလအတွင်း   တိုင်ကြားခဲ့သည့် မှုခင်းဖြစ်စဉ် အမှု ၃၀ ဖြစ်ပွားခဲ့ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် စတင်သည့်နေ့တွင် ပါတီအသီးသီး၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်၌ ဟန့်တားနှောင့်ယှက်မှုများ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ မဲစာရင်းစာရွက်များ ဆုတ်ဖြဲခြင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ် ဟောပြောစဉ် ဟန့်တား ကန့်ကွက်မှုများနှင့် ပါတီဝင်များကို ဝင်ရောက်ရိုက်နှက်မှုများ အပါအဝင် စုစုပေါင်း မှုခင်းဖြစ်စဉ် ၃၀ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၁၃ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ  မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ် ၂၉ ခုကို အမှုဖွင့် အရေးယူထားကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ CSO များ၊ မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ပန်းကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီတွင် ဝင်ရောက်လှုပ်ရှားနေသူနှင့် NLD ရပ်ကျေးအတွင်းရေးမှူးတို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ဖြစ် စဉ် ပါဝင်ပါက အမှုပေါင်း ၃၀ အထိ  ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ် ၃၀ တွင် ခုနစ်မှုသာ အမှုဖွင့် တိုင်တန်းထားကာ တရားရုံး ဦးတိုက်လျှောက်ထားခြင်းများ ပြုလုပ်ထားပြီး ကျန်ဖြစ်စဉ်များမှာ အမှုပိတ်သိမ်းခြင်းနှင့် စုံစမ်းစစ်ဆေး ညှိနှိုင်း ကျေအေးခြင်းများ၊ လတ်တလော အမှုဖွင့်လိုခြင်း မရှိသေးသည့် ဖြစ်ရပ်များ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် ပုသိမ်ကြီး မြို့နယ်၌ မဲစာရင်း စာရွက်များ ဆုတ်ဖြဲသွားသူနှစ်ဦးကို ဖမ်းမိကာ စစ်ဆေးလျက်ရှိပြီး စက်တင်ဘာ ၁၈ ရက်တွင် ယင်းမြို့နယ်၌ပင် NLD ဆိုင်းဘုတ်အား ဆုတ်ဖြဲသွားသူကို ဖမ်းမိသော်လည်း အာမခံပေးထားကြောင်း၊ အောက်တိုဘာ ၁၃ ရက်နှင့် ၂၀ ရက်တွင် ပြည်ကြီးတံခွန် မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် ဆုတ်ဖြဲသူကို  မမိသေးဘဲ  စုံစမ်းလျက်ရှိကြောင်း၊ အောက်တိုဘာ ၁၇ ရက်နှင့် ၂၃  ရက်တွင် မလှိုင်မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့၌ ဖြစ်ပွားခဲ့သော NLD မဲဆွယ်ယာဉ်တန်းမှ ဆိုင်းဘုတ်များကို ခဲဖြင့်ပေါက်၍ ဖျက်ဆီးသည့် ဖြစ်စဉ်များအား အမှုဖွင့်ထားသော်လည်း ကျူးလွန်သူများကို   စုံစမ်းဆဲဖြစ်ကြောင်း  သိရ သည်။
“ကျွန်တော်တို့ဆီတက်လာတဲ့  ဖြစ်စဉ်တွေမှာ  အမှုဖွင့်ထားတာတွေ ပါသလို  အမှုမဖွင့်သေးဘဲ  နှစ်ဖက်ညှိနှိုင်းလို့  အဆင်ပြေ သွားတာတွေလည်း ရှိပါတယ်။  အမှုဖွင့်ပြီးမှ ပြန်ပိတ်တာမျိုးတွေလည်း ရှိသလို ခဲနဲ့ပေါက်၊ ဟန့်တားတဲ့ ဖြစ်စဉ်တွေလောက်ပဲ ဖြစ်ပွားခဲ့ပြီး ကြီးကြီးမားမား ပြဿနာ မဖြစ်လို့ နှစ်ဖက်စလုံးက လာရောက် တိုင်ကြားတာမျိုး မရှိတာလည်း ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်တာ  အသေးစိတ်ကအစ  မှတ်တမ်းတင်ထားတယ်။  ဒါကြောင့်  အမှုက ၃၀ လောက်အထိ  ရှိသွားတာပါ။  မန္တလေးတိုင်း ဒေသကြီးအနေနဲ့  ဆိုးဆိုးရွားရွားဖြစ်တာ လုံးဝမရှိဘူး”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မဲဆွယ်စည်းရုံးစဉ် ဟန့်တားမှုနှင့် နှောင့်ယှက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး  ထိုပါတီနှစ်ခု၏ ဆိုင်းဘုတ် ဖျက်ဆီး မှုများသည်လည်း အများဆုံးဖြစ်ပွားခဲ့ကာ NDF ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းတစ်ခုနှင့် အမျိုးသား တိုးတက်ရေးပါတီ မဲဆွယ်စဉ် မချေမငံ ပြောဆိုမှုတစ်ခုသာ  ဖြစ်ပွားခဲ့သည် ဟု သိရသည်။                            

Most Read

Most Recent