သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ လာရောက် ဖူးမြော်သူများဖြင့် စည်ကား

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ လာရောက် ဖူးမြော်သူများဖြင့် စည်ကား
Published 28 October 2015

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် ရန်ကုန်မြို့တွင်းရှိ ရွှေတိဂုံဘုရား အပါအဝင် တခြားသော တန်ခိုးကြီးဘုရားများ၌ လာရောက် ဖူးမြော်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၊ ကိုးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မဟာဝိဇယဘုရား၊ ဆူးလေ၊ ကမ္ဘာအေးစေတီ၊ စွယ်တော်၊ ဗိုလ်တစ်ထောင်၊ ကျောက်တော်ကြီးစတဲ့ တန်ခိုးကြီးဘုရား များသို့ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ လာရောက် ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
သတင်းကျွတ် လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ နံနက် ၆ နာရီတွင် ဆွမ်းတော်ကြီး တင်လှူခြင်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခြင်း၊ နံနက် ၉ နာရီတွင် ဝါတွင်း သီလခံယူခြင်း၊ နံနက် ၁၀ နာရီခွဲတွင် သြဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ညနေ ၅ နာရီခွဲတွင် ဆီမီးများဖြင့် ဘုရားရင်ပြင်ပေါ်၌ လှည့်လည်ပူဇော်ခြင်း စသည့် အစီအစဉ်များကို ပြုလုပ်ခဲ့သည်။
ရွှေတိဂုံစေတီသို့ တစ်ဦးချင်းဖြင့် လည်းကောင်း၊ မိသားစုလိုက် လည်းကောင်း၊ မိတ်ဆွေများဖြင့် လည်းကောင်း ဘုရားဖူးလာရောက်ခဲ့သည့်အတွက် နံနက် အရုဏ်တက်သည့် အချိန်ကပင် ဘုရားဖူးများဖြင့် စည်ကားခဲ့သည်။ ထိုသို့ လာရောက်သည့် ဘုရားဖူးများသည့်  ရင်ပြင်တော်ပေါ်တွင် မိမိတို့၏ နေ့နံအလိုက် ဘုရားစေတီများအား ရေသပ္ပာယ်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ အမွှေးတိုင်ထွန်းခြင်းနှင့် ဘုရားသို့ လာရောက်သည့် သံဃာတော်များအား ဝတ္ထုငွေများဖြင့် ဆက်ကပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဘာသာရေး အသင်းအဖွဲ့များကလည်း ဘုရား စောင်းတန်းများတွင် မေတ္တာသုတ်၊ ဓမ္မစကြာစသည်ဖြင့် ရွတ်ဖတ်ပူဇော်မှုများ ပြုလုပ်ခဲ့ကြသည်။

ကမ္ဘာအေးစေတီသို့ လာရောက်ကြသူများအား သီတင်းကျွတ်လပြည့်နေ့က တွေ့ရစဉ်
“သီတင်းကျွတ် လပြည့်ဆိုတော့ ဘုရားဖူး လာတဲ့လူက တော်တော်များတယ်။ မနက် ၅ နာရီကျော်လောက်က ဘုရားကိုလာတာ မြောက်ဘက်မုခ်မှာ ကားတွေပိတ်နေလို့ လမ်းဆင်း လျှောက်လာရတယ်။ စောင်းတန်းတွေနဲ့ ရင်ပြင်ပေါ်မှာလည်း တော်တော့်ကို စည်တယ်။ နေ့နံဂြိုလ်ထောင့်တွေက ဘုရားတွေကို ရေသပ္ပာယ်တာတို့၊ ဘုရားမီးထွန်းတာ တို့ အမွှေးတိုင်ထွန်းတာတို့ တော်တော့်ကို များတယ်။ ဘုရားပန်း လှူတဲ့သူ အရမ်းများလို့ ပန်းတွေကို ဘုရားသန့်ရှင်းရေးတွေက လာစွန့်တာ ခဏခဏပဲ။ ဘုရားက ပြန်ဆင်းလာတော့ လူတွေ ကြိတ်ကြိတ်တိုးပဲ။ တက်တဲ့သူက များနေတော့ ပြန်ဆင်းရတာ အောက်ကို တော်တော်နဲ့ မရောက်ဘူး”ဟု ရွှေတိဂုံစေတီသို့ ဘုရားဖူးလာရောက်သည့် အမျိုးသား တစ်ဦးက ပြောကြားသည်။
“အစ်မတို့က မနက် ၆ နာရီလောက် ကတည်းက ဘုရားပေါ်ကို ရောက်နေတာ ဘုရားကို မနက်စောစော ဆွမ်းတော်နဲ့ သစ်သီးဆွမ်း ကပ်ချင်လို့ အစောကြီးလာတာ။ နောက်ဘုရားမှာ ဝါတွင်းသီလ ခံယူပွဲက လည်းရှိတော့ အဆင်ပြေပါတယ်။ ညနေ နေစောင်းမှပဲ ပြန်မှာပါ”ဟု မြောက်ဒဂုံမြို့နယ်မှ မဇင်မို့အေးက ဆိုသည်။

ထို့ပြင် တခြားသော တန်ခိုးကြီးဘုရား၊ စေတီများတွင်လည်း စေတနာရှင်များမှ အသင်းအဖွဲ့များဖြင့် အအေး၊ ဖျော်ရည်များဖြင့် ဘုရားဖူးများကို တိုက်ကျွေးခြင်း၊ စာကလေးများ၊ ငှက်များလွှတ်ခြင်း စသည့်အလှူ ဒါနများကိုလည်း ပြုလုပ်ခဲ့ကြပါသေးသည်။
“ကျွန်တော်တို့က သူငယ်ချင်းတွေချည်း သီးသန့် ဘုရားလာဖူးတဲ့ ဧည့်သည်တွေကို အအေး လာလှူချင်တာနဲ့ သူငယ်ချင်းတွေ စုပြီး လာလှူဖြစ်တာပါ။ ဒါပထမဦးဆုံး လှူတာပါ။ နောက်နှစ်တွေလည်း လှူနိုင်အောင် ကြိုးစားသွားမှာပါ။ ရာသီဥတုကလည်း ပူတော့ ဘုရားဖူးလာတဲ့ ဧည့်သည်တွေ ကျွန်တော်တို့ လှူတဲ့ အအေးကို သောက်ပြီး အမောပြေတယ် ဆိုရင်ပဲ ဝမ်းသာလှပါပြီ”ဟု ကမ္ဘာအေး ဘုရားတွင် အအေး အလှူ ပြုလုပ်နေသော ကိုအောင်မျိုးဆင့်က ဆိုသည်။
“ကမ္ဘာအေးဘုရားမှာ ဘုရားဖူးလာတဲ့သူတွေ တအားများတယ်။ မနက်ကသွားတာ ရင်ပြင်တော်ပေါ်မှာ အဲဒီလောက်မဟုတ်ဘူး စောင်းတန်းမှာ ကြိတ်ကြိတ်တိုးပဲ။ ဖိနပ်အပ်တဲ့ နေရာမှာဆိုရင် ကိုယ့်ဖိနပ်ကို ကိုယ့်ဘာသာကိုယ် လှန်ရှာရတဲ့အထိပဲ”ဟု ကမ္ဘာအေး ဘုရားသို့ လာရောက် ဖူးမြော်သည့် မနှင်းအေးမေက ပြောကြားသည်။
ဒါ့အပြင် ဘုရားဖူးများ ဘုရားတစ်ဆူနှင့် တစ်ဆူ အဆင်ပြေစွာ သွားလာနိုင်ရန် အတွက် Light Tright  ကားများဖြင့် လိုက်လံ ပို့ဆောင်ပေးခြင်းများ ရှိကြောင်း သိရသည်။
“အဘွားက လပြည့်နေ့တွေတိုင်း ဘုရားတွေကို အလှည့်ကျသွားဖူးတယ်။ ဒီ သီတင်းကျွတ် လပြည့်မှာတော့ စွယ်တော်ဘုရားကို လာဖူးဖြစ်တယ်။ စွယ်တော်ကနေ ကျောက်တော်ကြီးဘုရားကို ကားတွေ အဆင်သင့်ရှိတော့ အဆင်ပြေတယ်။ ဒီနေ့ ဘုရားနှစ်ဆူ ဖူးရတာပေါ့။ စွယ်တော်ကနေ အပြင်ဘက်ကို ထွက်ပြီး ကျောက်တော်ကြီး ဘုရားကိုသွားဖို့က မလွယ်ဘူးလေ”ဟု အဘွား ဒေါ်မြမေက ပြောကြားသည်။
သီတင်းကျွတ် လပြည့်နေ့သည် အားလပ်ရက် ဖြစ်သည့်အတွက် ဘုရား၊ စေတီ၊ ပုထိုးများ၌ သာမကဘဲ ရန်ကုန်မြို့တွင်းရှိ အများပြည်သူ အပန်းဖြေနိုင်သည့် ပန်းခြံများဖြစ်သည့် တိရစ္ဆာန်ရုံ၊ ကန်တော်ကြီး၊ ကန်တော်မင်္ဂလာ ပန်းခြံ၊ ပြည်သူ့ရင်ပြင်စသည့် နေရာများတွင်လည်း အပန်းဖြေ လာရောက်သူများဖြင့် များပြားလျှက်ရှိသည်။ ဒါအပြင် ရုပ်ရှင်ရုံများ၌လည်း ရုပ်ရှင်ကြည့်သူ များပြားကြောင်း သိရသည်။

တိရစ္ဆာန် ဥယျာဉ်တွင်လည်း  သီတင်းကျွတ် အားလပ်ရက်အတွက် ဆင်ပြပွဲ၊ ခွေးလိမ္မာပြပွဲ၊ မြွေအကအလှ ပြပွဲ စသည့် ပျော်ပွဲ၊ ရွှင်ပွဲများ ပြုလုပ်ပေးသောကြောင့် လာရောက်ကြည့်ရှုသူများဖြင့်  စည်ကားနေသည်။
“ရုံးတွေ၊ ကျောင်းတွေ ပိတ်ရက်ကလည်းဖြစ် မိသားစုလည်း စုံနေတော့ မနက် ဘုရားဖူးက အပြန် ကလေးတွေလည်း ကစားလု့ိရအောင် Happy World ကိုဝင်ပို့ပေးတာပါ”ဟု ကမာရွတ်မှ မခင်မာဝင်းက ပြောကြားသည်။
ဒါ့အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် လပြည့်နေ့ အခါသမယတွင် ဘုရားစေတီများကို သွားရောက် ကုသိုလ်ယူသူများ ရှိသကဲ့သို့ မိမိနေအိမ်၊ ဆိုင်ခန်း စသည့် နေရာများတွင် လမ်းသွားလမ်းလာများကို ကြာဇံချက် စတုဒိသာ ကျွေးမွေးခြင်း၊ ဒံပေါက်ဝေခြင်း စသည့် အလှူဒါန များကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆင်ခြေဖုံး ရပ်ကွက်များ အတွင်းရှိ ရပ်ကွက် ဓမ္မာရုံများ၌လည်း သက်ကြီး ဘိုးဘွားနှင့် သီလ ခံယူချင်သူများအတွက် ဓမ္မဒါန ဓမ္မတရားသဘင်များကိုလည်း ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent