သာကေတမြို့နယ်တွင် ခိုးမှုကျူးလွန်သူအား ကျဉ်စက်ဖြင့်ဖမ်းသည့် ရဲအရာရှိ တစ်ဦးနှင့် ပါဝင်ဖမ်းဆီးပေးသူကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းဆီးရမိ

သာကေတမြို့နယ်တွင် ခိုးမှုကျူးလွန်သူအား ကျဉ်စက်ဖြင့်ဖမ်းသည့် ရဲအရာရှိ တစ်ဦးနှင့် ပါဝင်ဖမ်းဆီးပေးသူကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းဆီးရမိ
Published 26 October 2015

သာကေတမြို့နယ်တွင် ခိုးမှုကျူးလွန်သူအား ကျဉ်စက်ဖြင့်ဖမ်းသည့် ရဲအရာရှိတစ်ဦးနှင့် ပါဝင်ဖမ်းဆီး ပေးသူအား ဓားဖြင့်ထိုးသည့် ကျူးလွန်သူအား အောက်တိုဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက် အတွင်းရှိ နေအိမ်တစ်ခုမှ ပစ္စည်းများအား ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးက ဝင်ရောက်ခိုးယူ သွားသည်ကို သတင်းရသဖြင့် သာကေတမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ယင်းရပ်ကွက်ထဲရှိ ဝိုင်းဝန်းကူညီ ဖမ်းပေးသူများသည် ယင်းဇနီးမောင်နှံ တွန်းလာသည့် လက်တွန်းလှည်းအား မသင်္ကာသဖြင့် စစ်ဆေးရန် ပြောသည့်အချိန်တွင် ယောကျ်ားဖြစ်သူမှ ဓားကိုင်ပြီး ပြန်လည် ရန်ပြုသဖြင့် ရဲတပ်ကြပ်မှာ ကျဉ်စက်ဖြင့် ပြန်လည်ခုခံရာ ယောကျ်ားဖြစ်သူမှာ လဲကျသွားခဲ့ကြောင်း သိရသည်။
ယောကျ်ားဖြစ်သူမှာ လဲကျသွားသဖြင့် ရဲတပ်ကြပ်မှာ ဖမ်းဆီးရန် ပြင်ဆင်နေသည့် အချိန်တွင် မိန်းမဖြစ်သူက ဝင်ရောက် တားဆီးကြောင်း၊ ထိုသို့တားဆီးသည့် အချိန်တွင် ယောကျ်ားဖြစ်သူမှာ ရဲတပ်ကြပ်နှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသည့် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးပြီး အဆိုပါ ဇနီးမောင်နှံမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့်ထိုးခံရသည့် ရဲတပ်ကြပ်မှာ ညာဘက်လက်ဖျံ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပါဝင်ဖမ်းဆီးပေးသည့် အမျိုးသား တစ်ဦးမှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ဆောင်ခဲ့ပြီး ယခုအခါ ဒဏ်ရာမှ သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဇနီးမောင်နှံအား အောက်တိုဘာ ၂၅ ရက်၊ နံနက် ၃ နာရီခန့်တွင် ဒဂုံဧရာ အဝေးပြေး ကားဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဖြစ်သွားတာကတော့ ဒေါပုံမှာနေတဲ့ လင်မယားနှစ်ယောက်က သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်ထဲမှာ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်တာပါ။ သူတို့က အဲဒီရပ်ကွက်ထဲက အိမ်တစ်အိမ်ကနေ ပစ္စည်းခိုးတယ်ဆိုပြီး သတင်းရလို့ ရဲတပ်ကြပ်တစ်ဦးက ရပ်ကွက်နေ ပြည်သူတွေနဲ့အတူ သွားရောက် ဖမ်းဆီးတာပါ။ အဲဒီလို ဖမ်းဆီးတဲ့ အချိန်မှာ ယောကျ်ားဖြစ်သူက ဓားနဲ့ခုခံတဲ့ အချိန်မှာ ရဲတပ်ကြပ်က ကျဉ်စက်နဲ့ ပြန်ခုခံတော့ ယောကျ်ား ဖြစ်သူက လဲကျသွားတယ်။ အဲဒီအချိန်မှာ ရဲတပ်ကြပ်က ဖမ်းဖို့လုပ်တဲ့ အချိန်မှာ မိန်းမ ဖြစ်သူက ဝင်ရောက် ဟန့်တားတော့ ယောကျ်ားက ဓားနဲ့ ရဲတပ်ကြပ်နဲ့ ပါဝင်ဖမ်းဆီးပေးတဲ့  အမျိူးသားတစ်ဦးကို ထိုးခဲ့တာပါ” ဟု သာကေတမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကျူးလွန်သူ လင်မယားနှစ်ယောက်အား (ပ) ၇၈၂/၂၀၁၅၊ ပြစ်မှုပုဒ်မ- ၃၃၃/၃၃၄ ဖြင့် အမှုဖွင့်ကာ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ်ပိုင်းအတွင်း အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ်အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေစဉ် ယင်းမြို့နယ် ရွာမအနောက်ရပ်ကွက်နေ သက်ခိုင်(ခ) တက်ပုဆို (၂၀) နှစ်ဆိုသူမှ ဓားရှည်အား ကိုင်ဆောင်၍ လည်းကောင်း၊ ရွာမအလယ်ရပ်ကွက်နေ ချစ်ကို(၂၇) နှစ်သည် စကေဘာအား ကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာပြီး ရဲတပ်ကြပ်အား ဝိုင်းဝန်းပြီး ဓားဖြင့်ခုတ်ကာ စကေဘာဖြင့် ထိုးခဲ့သဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်နှင့် သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာရှိ သဘာဝတည်းခိုခန်း၌ တရားခံပြေးတင်မြင့် ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံ ထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent