အောင်မြင်စွာ ဆုတ်ခွာခြင်း

အောင်မြင်စွာ ဆုတ်ခွာခြင်း
Published 24 October 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဘဝဆိုတာ ဇာတိနဲ့စတယ်၊ မရဏမှာ ဆုံးတယ်။ အစရှိတော့ အဆုံးဆိုတာ ရှိရတယ်။ ဘဝဆိုတာ တစ်နေ့တော့ ဆုတ်ခွာချိန်ဆိုတာ ရောက်လာတာပါပဲ။ အရေးကြီးတာက ဆုတ်ခွာချိန်ကိုသိပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့ပဲ။ ရှေးဆရာများ မိန့်မှာခဲ့တာက အငိုအပြုံးနဲ့ စခဲ့ရတဲ့ ဘဝဇာတိ ဘဝဇာတ်ကို အငိုအငိုနဲ့ ဇာတ်မသိမ်းစေဘဲ အပြုံးအငိုနဲ့ ဇာတ်သိမ်း ရမယ်လို့ ဆိုပါတယ်။
မိမိတို့ အမိဝမ်းက ကျွတ်ကျွတ်ချင်း အပြင်က လေစိမ်းနဲ့ ထိတွေ့တော့ အပ်နဲ့ဆွသလို အသည်းခိုက်အောင်နာလို့ ငိုကြီးချက်မနဲ့ ငိုလိုက်ရတာ။ ဒါပေမဲ့ အနားက ဆရာမတွေ မိဘဆွေမျိုးတွေကတော့ ဘယ်သူနဲ့တူ၊ ဘယ်ဝှာနဲ့တူ ဘာညာ စသဖြင့် ပြောဆိုကာ ရယ်မောနေကြလေရဲ့၊ ဘဝက ဒီလိုစခဲ့တာပါ။ တစ်ခါ ဘဝအဆုံးသတ် ကွယ်လွန်ချိန်မှာတော့ သက်ဆိုင်သူတွေ ငိုကြလိမ့်မယ်။ ထိုအချိန်မှာ မိမိက ပြုံးနိုင်ရယ်နိုင်ဖို့ အရေးကြီးတယ်။ ဆိုလိုတာက နေရေးအတွက် သာမက သေရေးအတွက်ပါ ပြင်ဆင်ထားတာမို့ ဘဝကို အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့  ဆုတ်ခွာရမယ်လို့ ဆိုလိုတာ။
ကျေးဇူးရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးကတော့ ဘဝမှာ ဘယ်လောက်ပင် ကြီးကျယ်နေပါစေ သေခါနီးမှ မျက်ရည်လည်ရရင် အဓိပ္ပာယ် မရှိတော့ပါဘူးတဲ့။ ဆိုလိုတာက ရာထူးအာဏာ ဂုဏ်သိန် စည်းစိမ်တွေနဲ့ ဘယ်လောက်ပင် ပြည့်စုံနေပါစေ၊ သေခါနီးမှာ ကြောက်ရွံ့တုန်လှုပ်နေရင် အလကားပါပဲလို့ ဆိုလိုတာပါ။ ဘဝကို အောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့ ကြိုကြိုတင်တင် ပြင်ဆင်ထားဖို့ပါပဲ။
ဘဝဆိုတာ ဆုတ်ခွာချိန်တန်ရင်တော့ ဆုတ်ခွာကြရမှာပဲ။ ဆုတ်ခွာချိန်တန်လျက် မဆုတ်ခွာဘဲ ပေကပ်ကပ် လုပ်နေရင်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ဆုတ်ခွာချိန်တန်က ဆုတ်ခွာရမယ်။ ဒါပေမဲ့  အောင်မြင်စွာ ဆုတ်ခွာရမယ်။ တတိယအရွယ်မှာ တရားရှာဆိုတာ ဘဝမှာ အောင်မြင်စွာ ဆုတ်ခွာဖို့အတွက် ပြောတာ။ ငယ်စဉ်ကတော့ လောဘဒေါသ မာန်မာနတွေနဲ့ အချိန်ကုန်ခဲ့တာ များတယ်။ တတိယအရွယ်မှာတော့ စဉ်းစားသင့်ပြီ။ မတရားမှန်သမျှပယ်ပြီး တရားနယ်ထဲကို ခြေချသင့်ပြီ။ ဘဝကို အောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့အတွက် အဓိက လုံးပန်းရတော့မယ်။ နေချင်သော်လည်း မနေရ၊ မသေချင် သော်လည်း သေရ၊ ဒါဟာ ဘဝပါပဲ။ ဆုတ်ချိန်တန်က ဆုတ်၊ ခွာချိန်တန်က ခွာ။ ဒီသဘာဝကို ကျေကျေနပ်နပ် လက်ခံရမယ်။ အရေးကြီးတာက အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ဆုတ်ခွာနိုင်ဖို့ပါပဲ။

တောင်းရမ်းစားသောက်နေသည့် အဘွားအိုနှစ်ဦးအား တွေ့ရစဉ်
လွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ်မှာ အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်း တိပိဋကဆရာတော်၊ ဒီဆရာတော်ကြီးသုံးပါးဟာ သာသနာတော်မှာ နေလို လလို ထင်ရှားခဲ့ကြတယ်။ ယခု ထက်တိုင် ထိုဆရာတော်ကြီး သုံးပါးနေရာမှာ အစားထိုးလို့ မရတော့ဘူး။ အနီးစပ်ဆုံး အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးအကြောင်းကို ပြောပါမယ်။ ဆရာတော်ဟာ ပရိယတ်ပဋိပတ် ပြည့်ဝသူ၊ ဘုရားရှင်ကို သူမတူအောင် ကြည်ညိုတတ်သူ၊ သာသနာ့အလုပ်ကို အချိန်ပြည့် အလုပ်လုပ်သူ၊ တိုင်းပြည်နဲ့လူမျိုးကိုလည်း သာသနာတော်ကို အကြောင်းပြုကာ မြင့်စေချင်၊ တင့်စေချင်သူ၊ မလုပ်မပြော၊ လုပ်မှပြော၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ စံလွန်တော်မူမည့် နောက်ဆုံးနေ့အထိ စာဝါ ပို့ချသွားသူ။ အဲဒီလို တကယ့် သာသနာ့ အာဇာနည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါ။
ဆရာတော် ပျံလွန်တော်မူပြီးနောက်ပိုင်း ဆရာတော့် စာရေးစားပွဲကို ရှင်းရာ ဆရာတော် နောက်ဆုံး ရေးခဲ့သည်ဟု ယူဆရတဲ့ သံဝေဂ လင်္ကာတစ်ပုဒ် ထွက်လာတယ်။
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရမည်။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား မကယ်ပြီ။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။ ဇရာမီးတောင်၊ ကိုယ်တည်းလောင်၊ သေအောင် မြိုက်တော့သည်။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။ ဒါနသီလ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။ မဂ္ဂင်ယဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
နိုင်ငံတစ်ခုကို အုပ်စိုးသူဟာ အစိုးရပေါ့။ ဒီအစိုးရဆိုတဲ့ မြန်မာဝေါဟာရဟာ ထေရဝါဒ သာသနာ မရောက်ခင်ကဆိုရင်တော့ တစ်မျိုးပေါ့။ ရောက်ပြီးမှ ဒီဝေါဟာရ သုံးစွဲခဲ့တာဆိုရင်တော့ ဒီဝေါဟာရ တီထွင်သူတွေဟာ ဘုရားတရားနဲ့ဝေးသူ၊ ဘုရားနဲ့ဆန့်ကျင်သူတွေပဲ။ ဘုရားက အနတ္တ- အစိုးမရလို့ ဆိုထားပါလျက် ဘယ်သူက ဘာကို အစိုးရချင်တာလဲ။ တကယ်က ဘယ်သူမှ ဘာမှအစိုး မရပါဘူး။ဆရာတော်က နိုင်ငံတစ်ခုတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံး ခြုံကြည့်လိုက်တာ။ တစ်ကမ္ဘာလုံးကို အုပ်စိုးထားတာ လိုချင်မက်မောမှု တဏှာလောဘပါတဲ့။ အများစုကြီးက တဏှာခိုင်းတာပဲ လိုက်လုပ်နေကြတာ များပါတယ်တဲ့။ ကိုယ်ရှာဖွေရရှိထားတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ အားလုံးကို တစ်နေ့ကျ စွန့်ခွာ သွားကြရမှာပါတဲ့။
တကယ့် အိုဘေး နာဘေး သေဘေးနဲ့ ကြုံတဲ့အခါ ဘယ်သွေးဘယ်သားမှ မကယ်နိုင်ဘူး။ မိမိခန္ဓာကိုယ်ထဲက ဇရာမီးက အမြဲတမ်း တောက်လောင်နေပါတယ်။ သူကပဲ မရဏဆီ ရောက်အောင် ပို့နေပါတယ်တဲ့။ သေချာကြည့်လိုက်ပါ။ ရွယ်တူတွေ၊ အထက်ကလူတွေ၊ အောက်ကလူတွေ၊ ကြီးသူငယ်သူတွေ အားလုံး တဖွဲဖွဲသေနေကြပါတယ်။ သတိသံဝေဂ ရသင့်ပါတယ်။
မိမိလည်း မကြာခင် သေရပါလိမ့်မယ်။ မသေခင်မှာ ကြိုတင်ပြီးတော့ ပြင်ဆင်ထားရမယ်။ ပထမအရွယ်၊ ဒုတိယအရွယ်မှာ နေဖို့ ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ နေချိန် သိပ်မရလိုက်ပါဘူး။ သေချိန် ရောက်လာပါတယ်။
တတိယ အရွယ်မှာတော့ သေဖို့ ပြင်ရ ဆင်ရပါတော့မယ်။ ဘ၀ နေဝင်ဆည်းဆာ ဆုတ်ခွာချိန် ရောက်လာပြီ၊ အောင်မြင်စွာ ဆုတ်ခွာတတ်ဖို့ လိုပါတယ်။ ဆုတ်ခွာချိန်မှာ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ၊ သားမယား မိသားစုတွေအပေါ် ငါ ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ အစွဲအလမ်းတွေ၊ ဥပါဒါန်တွေများ၊ သံယောဇဉ်တွေကြီး၊  မခွဲနိုင်၊ မခွာနိုင်၊ မစွန့်နိုင်ဆိုရင်တော့ အဆုံးမှာ ရှုံးရပါတော့မယ်။ ကတိလွဲပြီး အပ္ပါယ်ဒုဂ္ဂတိ ရောက်ရပါတော့မယ်။ အဆုံးမှာ မရှုံးစေဖို့ ဥပါဒါန်တွေကို ပယ်မှ၊ သံယောဇဉ်တွေကို ဖြတ်မှဖြစ်ပါမယ်။ ဒါတွေကို ဖြတ်တောက်နိုင်မှ အောင်မြင်စွာ ဆုတ်ခွာခြင်း နဲ့ ဆုတ်ခွာနိုင်မှာ ဖြစ်ပါတယ်။
ဆရာတော်ကြီးက ဒါနသီလ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်၊ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်ဆိုပြီး စံတော်မူမည့်နေ့ တိုင် စာဝါပို့ချကာ အောင်မြင်စွာ ဆုတ်ခွာ သွားတော်မူပါတယ်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသလောင်းလျာကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ ဦးဇော တိ+ဒေါ်အုန်းလှိုင်တို့က ၁၂၆၁ ခု၊ တပို့တွဲ လပြည့်ကျော် ၁၄ ရက်၊ (၂၇.၂.၁၉၀၀) အင်္ဂါ နေ့မှာ ဖွားမြင်တော် မူပါတယ်။
၁၂၆၆၊ ၁၂၇၅ မှာ ရှင်သာမဏေ နှစ် ကြိမ်ပြုတော်မူတယ်။ ၁၂၇၉ ခု သက်တော် ၁၈ နှစ်မှာ ပထမကြီးတန်း အောင်မြင်တော် မူတယ်။ ၁၂၈၀ ပြည့်နှစ်မှာ ရဟန်းအဖြစ်ခံ ယူတော်မူတယ်။ ၁၂၈၁ ခုနှစ်ထဲမှာ နှစ်ကြိမ် ကံထပ်တော်မူတယ်။ ၁၂၈၇ ခုနှစ်မှာ ပထမ ကျော်အောင်မြင်တော်မူတယ်။ ၁၂၈၉ ခုနှစ် မှာ ပရိယတ္တိ သာသနာ့ဟိတ ဓမ္မာစရိယဘွဲ့ ရရှိ အောင်မြင်တော်မူတယ်။
၁၃၀၃ ခု၊ ဝါဆိုဦး (၁၉၄၁- ၄၂) ရဲဘော်သုံးကျိပ် ပြည်တော်ဝင်တဲ့နှစ်မှာ အမရပူရ၊ မဟာဂန္ဓာရုံတိုက်သို့ ရောက်ရှိတော်မူတယ်။ ထိုစဉ် သံဃာငါးပါးမျှသာရှိ၍ စံတော်မူချိန်တွင် သံဃာ ၅၀၀ ကျော် သီတင်းသုံးလျက် ရှိတယ်။ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံး အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ၁၃၁၂ ခုမှာ ဆက်ကပ်ခြင်း ခံတော်မူရတယ်။ ယင်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများတွင် သင်ကြားရန် ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားတော် မူခဲ့တယ်။ ၁၉၆၂ ခုတိုင် တက္ကသိုလ်ဝင်တန်းအထိ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာပေတွေကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပြီး သင်ယူစေခဲ့တယ်။ ၁၉၆၂ နှစ်နောက်ပိုင်းမှ ထိုဗုဒ္ဓယဉ်ကျေးမှု အခြေပြုစာပေတွေ သင်ရိုးညွှန်းတမ်းထဲမှ ပျောက်ကွယ်သွားရတာ တိုင်းပြည်နဲ့လူမျိုးအတွက် တော်တော်နစ်နာတယ်။
၁၃၁၅ ခုနှစ်တွင် ဆဋ္ဌသံဂီတိသြဝါဒါစရိယ သံဃနာယက၊ ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက၊ ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊ ဆဋ္ဌသံဂီတ ိသြသာန သောဓေယျ ပတ္တပါဌကအဖြစ် တင်မြှောက်ခြင်း ခံတော်မူရတယ်။ ၁၃၃၇ ခု၊ ပဲခူးမြို့တွင် ကျင်းပတဲ့ ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်းကြီးရဲ့ ဥပ ဥက္ကဋ္ဌ၊ ဒုတိယ သာသနာပိုင်အဖြစ် တင်မြှောက်ခြင်းကို ခံတော်မူရတယ်။
၁၂၉၁ ခု၊ သက်တော် ၃၀ မှစ၍ ကျမ်းစာများကို ရေးသားပြုစုတော်မူခဲ့ရာ ရတနာ့ဂုဏ်ရည်မှ တစ်ဘဝသံသရာအထိ ကျမ်းစာပေါင်း ၆၃ ကျမ်း ရေးသား ပြီးစီးခဲ့တယ်။ ၁၃၃၉ ခု၊ သက်တော် ၇၈ အရောက် နတ်တော် လပြည့်ကျော် ၂ ရက်၊ (၂၇.၁၂.၁၉၇၇) အင်္ဂါနေ့ ညနေ ၄ နာရီ မိနစ် ၃၀ တွင် တစ်ဘဝအတွက် ငြိမ်းတော်မူကာ အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ဆုတ်ခွာတော် မူသွားခဲ့တယ်။ ဘဝရဲ့ တန်ဖိုးဟာ ဘဝကို ဘယ်ပုံစံနှင့် အောင်မြင်စွာ ဆုတ်ခွာသွားသလဲဆိုတဲ့ အချက်ပေါ်မှာပဲ တည်ပါတယ်။ ဘဝရှိသူတိုင်း မိမိတို့ဘဝကို အောင်မြင်စွာ ဆုတ်ခွာနိုင်ကြပါစေ။

Most Read

Most Recent