ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့အား ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ အခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ မြို့နယ် အခွန်ဦးစီးဌာနမှူးက ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့အား ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ အခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ မြို့နယ် အခွန်ဦးစီးဌာနမှူးက ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်
Published 22 October 2015
ယဉ်မျိုးသွယ်

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့အား ၎င်းတို့ ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ဝင်ငွေခွန် တိမ်းရှောင်ရန်အတွက် ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ချမ်းအေးသာစံ အခွန်ဦးစီးဌာနမှူး ဦးမင်းနွယ်က ၁၉၄၇ ခုနှစ် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄၇ (ဂ) ဖြင့် ချမ်းအေးသာစံ မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
လမ်း ၃၀ နှင့် ၃၁ လမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဟိုတယ်၊ ပလာဇာ၊ ရုံးခန်း၊ ဈေးဆိုင်ခန်းနှင့် တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်  ဆောက်လုပ် ငှားရမ်းခြင်းများ လုပ်ကိုင်နေသည့် စီးတီးမန်းကုမ္ပဏီသည် ဝင်ငွေခွန် ဥပဒေဆိုင်ရာ လိုက်နာမှုများနှင့် ပတ်သက်၍ ပျက်ကွက်ကြောင်း ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီး ဌာနမှူး ဦးမင်းနွယ်က စစ်ဆေး တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစီးတီးမန်း ကုမ္ပဏီသည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၅ သက်ဆိုင်ရာ ဘဏ္ဍာနှစ်များ အလိုက် ဝင်ငွေရရှိချိန်တွင် အခွန်ပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ၂၅.၂.၁၉၉၇ ခုနှစ်တွင် ကုမ္ပဏီ စတင် တည်ထောင်ခဲ့ပြီး ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဝင်ငွေ ကြေညာလွှာများကို ၁၈.၃.၂၀၁၂ မှသာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြခဲ့သည့်အတွက် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (က) ကို လိုက်နာရန် ပျက်ကွက်ကြောင်း စသည့်အချက်တို့ တွေ့ရှိခဲ့သည်ဟု သိရသည်။
“ဝင်ငွေကိုကြေညာဖို့ပျက်ကွက်တာပါ။အဲဒီတော့ ပမာဏ ဘယ်လောက်အခွန်ဆောင် ဖို့ ပျက်ကွက်တယ်ဆိုတာ ပြောဖို့ခက်တယ်။ ဝင်ငွေကိုတင်ပြမှ သူ့ဝင်ငွေဟာ အခွန်စည်း ကြပ်သင့်တဲ့ဝင်ငွေလား၊ မစည်းကြပ်သင့်တဲ့ ဝင်ငွေလားဆိုတာ သတ်မှတ်ပြီး အခွန်ဆောင်  ရမှာပါ။ ကြိုတင်ခွန်ဆောင်ထားတာရှိတယ်။ ဘယ်လောက် အသေးစိတ်ဆိုတာကတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ အဖြစ်လောက်ပဲ ဆောင်ထားတဲ့ သဘောမျိုးလို့တော့ ပြောလို့ ရတယ်”ဟု တိုင်းအခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားသည်။
အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်းက “စီးတီးမန်း ကုမ္ပဏီက မန်းနေဂျင်း ဒါရိုက်တာဦးတင်မောင်နဲ့ ဇနီးဒါရိုက်တာအဖွဲ့ဝင် ဒေါ်နန်းလှစိန်ကို ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇(ဂ)နဲ့ ဖွင့်ထား ပါတယ်။ ဒါပေမဲ့ သူတို့ကို အကြောင်းကြားစာ ပို့တဲ့အခါ နိုင်ငံခြားမှာ ဆေးကုနေတယ်လို့ သိရပြီး ဘယ်တော့ လာနိုင်မလဲဆိုတာ ခုထိ အကြောင်းမပြန်သေးဘူး။ အဲဒီတော့ လောလောဆယ် အမှု ဖွင့်ထားပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေ သက်သေတွေ စုဆောင်းရှာဖွေတာမျိုးပဲ လုပ်ထားတယ်”ဟု ပြောကြားသည်။
ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုများ၊ စည်းကြပ်မှု ခံယူရန် ပျက်ကွက်မှုများသည် တမင် အခွန်ရှောင်လွှဲလိုသော သဘော သက်ရောက်ကြောင်း၊  စီးတီးမန်း ကုမ္ပဏီသည် လွန်ခဲ့သော ၁၈ နှစ်ခန့်က ပျက်ကွက်မှုများ၊ ထိမ်ချန်မှုများနှင့် ပတ်သက်၍ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄၇ ပုဒ်မခွဲ (ဂ) အရ ဆက်လက် အရေးယူနိုင်ရန်  အခွန်ဆိုင်ရာ ဥပဒေများ လိုက်နာရန် ပျက်ကွက်သူ စီးတီးမန်း ကုမ္ပဏီ ကိုယ်စား ကုမ္ပဏီ၏ တာဝန်ရှိသူ မန်းနေဂျင်း ဒါရိုက်တာ ဦးတင်မောင်(ခ) လီဆန်ရှင်း (၅၅ နှစ်) လီရှော/ဗုဒ္ဓ(ဘ) ဦးအလယ်ဖာ၊ လုံးချင်းအိမ်ရာ (၁)၊ ၃၁ လမ်း ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ကဉ္စနမဟီ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ဇနီးဖြစ်သူ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်နန်းလှစိန် (၅၂နှစ်) ကချင်+ရှမ်း+ လီရှော/ဗုဒ္ဓ(ဘ) ဦးအိုက်ဆမ်ရွက်ငင်းတို့အား အရေးယူပေးရန် မြို့နယ်အခွန်ဦးစီးမှူး ဦးမင်းနွယ်က တိုင်တန်း၍ ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၅၊ ၁၉၄၇ ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent