လိမ်လည်မှုဖြင့် တရားစွဲခံရသော Father Land ပိုင်ရှင် ဦးကျော်မြင့်အား လသာတရားရုံး၌ ဆက်လက်ရုံးထုတ်ရာ တရားသူကြီး ကျန်းမာရေး မကောင်းသဖြင့် ပြန်လည်ချိန်းဆို

လိမ်လည်မှုဖြင့် တရားစွဲခံရသော Father Land ပိုင်ရှင် ဦးကျော်မြင့်အား လသာတရားရုံး၌ ဆက်လက်ရုံးထုတ်ရာ တရားသူကြီး ကျန်းမာရေး မကောင်းသဖြင့် ပြန်လည်ချိန်းဆို
Published 22 October 2015
မြင့်သူ

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို အောက်တိုဘာ ၂၁ ရက်က လသာမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် တရားလို ရှေ့နေနှင့် စွပ်စွဲခံရသူ၏ ရှေ့နေတို့အကြား အငြင်းပွားနေသည့် ကိစ္စအား တရားသူကြီးက ကြားဖြတ် အမိန့်ချမှတ်ပေးရန် ဖြစ်သော်လည်း တရားသူကြီးမှာ ကျန်းမာရေး မကောင်းသဖြင့် ကြားဖြတ် အမိန့်ချမှတ်မည့် ရက်ကို ပြန်လည် ချိန်းဆို ပေးခဲ့ကြောင်း သိရသည်။
“တရားသူကြီးက ကျန်းမာရေးမကောင်းလို့ ကြားဖြတ်အမိန့်ချမယ့်ရက်ကို ၂၇ ရက်နေ့ကို ပြန်ချိန်းပေးလိုက်ပါတယ်” ဟု တရားလိုရှေ့နေ ဦးဇော်ဝင်းလှိုင်က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
 ယခင် ရုံးချိန်းများတွင် တရားလိုအား Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ ရှေ့နေမှ တရားလို မသိနိုင်သော စာရွက် စာတမ်း အချက်အလက်များအား ပြသပြီး မေးမြန်းမှု လုပ်ဆောင်သည်ကို တရားလိုရှေ့နေက ကန့်ကွက်ခဲ့ပြီး ယင်းသို့မေးမြန်းခွင့် ရှိမရှိကို နှစ်ဖက် ရှေ့နေများ အငြင်းပွားခဲ့ဖြင့် တရားသူကြီးမှ နှစ်ဖက်ရှေ့နေများအား အဆိုပါ အငြင်းပွားသည့်ကိစ္စကို ရုံးတော်တွင် နှစ်ဖက် လျှောက်လဲချက် ပေးခိုင်းခဲ့ပြီး ယင်းသို့ စစ်ဆေးမှု ပြုလုပ်သင့် မသင့်ကို ကြားဖြတ် အမိန့်ချမှတ် ပေးရန်အတွက် ရုံးချိန်း ချိန်းဆိုခဲ့ ခြင်းဖြစ်သည်။
ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက်တွင် မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land  ဆောက်လုပ်ရေး ကုမ္ပဏီမှ ၁၂ ထပ်ခွဲတိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း၊ သို့သော် ဦးကျော်မြင့်မှ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင် လက်မှတ် အတုများဖြင့်  စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ပြီး လေးနှစ်ကျော် ကြာမြင့်သည်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်း မရှိသဖြင့် အရေးယူပေးရန်အတွက် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးကျော်မြင့်သည် ဗိုလ်တထောင်မြို့နယ် တရားရုံး၌လည်း လိမ်လည်မှု ပုဒ်မများဖြင့်ပင်  တရားရင်ဆိုင် နေရကြောင်း သိရသည်။             
 

Most Read

Most Recent