သရုပ်ဆောင် ဝင့်ယမုံလှိုင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင် ဝင့်ယမုံလှိုင်ရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 22 October 2015
လင်းလင်းခိုင်

နိုင်ငံတကာ ရုပ်သံစီးရီးတွေ မြန်မာနိုင်ငံကို ဝင်ရောက်နေရာယူပြီး ဆယ်စုနှစ်တစ်ခု ကျော်လာချိန်မှာတော့ မြန်မာ အနုပညာရှင်တွေနဲ့အတူ မြန်မာရုပ်သံစီးရီးတွေကို ပရိသတ် လက်ခံလာအောင် ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလို ကြိုးပမ်းခဲ့ရာမှာ လူငယ် မျက်နှာသစ် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ အချစ်သင်္ကေတ (Sign of Love) လည်း တစ်ကား အပါအဝင် ဖြစ်ပါတယ်။ အချစ်သင်္ကေတ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ် ရင်းနှီးချစ်ခင်စေခဲ့သူ သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဝင့်ယမုံလှိုင်ရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေကို အခုတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင် ဝင့်ယမုံလှိုင်က ထားဝယ်မှာ မွေးဖွားခဲ့တဲ့ ထားဝယ်သူလေးတစ်ဦးပါ။ ဖခင် ဦးဗိုလ်သစ် မိခင်ဒေါ်ကျင်ရီတို့က သြဂုတ် ၁ ရက် ၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာပါ။ မွေးချင်း ညီအစ်မလေးယောက်ရှိပြီး အငယ်ဆုံးသမီးလည်း ဖြစ်ပါတယ်။
ကျောင်းပညာရေးကိုတော့ သူငယ်တန်းကနေ ရှစ်တန်းအထိ အ.လ.က (၁) ထားဝယ်မှာ တက်ရောက်ခဲ့ပါတယ်။ ကိုးတန်းနဲ့ ၁၀ တန်း နှစ်တွေမှာတော့ အ.ထ.က (၄) တာမွေ ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ “ပညာရေးက အရမ်းတော်တဲ့အထဲမှာ မပါပါဘူး။ အဆင့်ဆိုလည်း ၁၀ ကျော်လောက် ပဲရတာများတယ်။ ၁၀ တန်းကိုတော့ ဘောဂဗေဒဘာသာ ဂုဏ်ထူးနဲ့အောင်တယ်။ နောက် GCE(A) Level ဖြေလိုက်သေးတယ်။ စီးပွားရေးတက္ကသိုလ်ကပဲ B.Com ဘွဲ့ကိုရခဲ့ပါတယ်”လို့ ဝင့်ယမုံလှိုင်က ကျောင်းပညာရေး ဖြတ်သန်းခဲ့ပုံ အဆင့်ဆင့်ကို ရှင်းပြခဲ့ပါတယ်။
                         
အနုပညာကိုတော့ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူဖြစ်ပြီး ကျောင်းကပွဲတွေနဲ့ ကျောင်းစုံညီပွဲတော်တွေမှာ မပျက်မကွက် ပါဝင်ခဲ့သူတစ်ယောက်လို့ ဆိုပါတယ်။ ဒီ အနုပညာ ဝါသနာကတော့ တက္ကသိုလ်တက်စဉ် အထိကို စွဲမြဲခိုင်မာလာခဲ့ပါတယ်။
ဝင့်ယမုံလှိုင်ရဲ့ အနုပညာ ခြေလှမ်းအစကတော့ တက္ကသိုလ် ဒုတိယနှစ်မှာ Miss ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းပါပဲ။ စုစုပေါင်း Miss ငါးပွဲ ပါဝင်ခဲ့တဲ့အနက် Miss Now How နဲ့ Miss Lily အလှမယ် ပြိုင်ပွဲတွေမှာ ပရိသတ် သတိထားမိစေခဲ့သလို ပြိုင်ပွဲတိုင်းမှာလည်း ဆုတွေ ဆွတ်ခူးရရှိခဲ့တယ်လို့ ဆိုပါတယ်။ Miss Lily ပြိုင်ပွဲအပြီးမှာ MRTV 4 က စီစဉ်ရိုက်ကူးမယ့် အချစ်သင်္ကေတ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ဖို့ ဝင်ရောက် ရွေးချယ်ခံခဲ့ပါတယ်။
“ယမုံ ဒီရုပ်သံဇာတ်လမ်းတွဲမှာပါဖို့ ဝင်လျှောက်တုန်းက ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခံရမယ်လို့ လုံး၀ မမျှော်လင့်ခဲ့ဘူး။ အတွေ့အကြုံ ရရုံသက်သက်ပဲ ဝင်လျှောက်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်ထက် အတွေ့အကြုံရင့်တဲ့သူတွေ အများကြီးပါတယ်လေ။ ကိုယ်တိုင်ကလည်း ကင်မရာတောင် မှန်အောင် ကြည့်တတ်တာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဆင့်ဆင့် ရွေးချယ်ခံခဲ့ရတာပါ။ ရုပ်သံစီးရီး ဖြစ်နေတော့ အရမ်း တာဝန်ကြီးပါတယ်။ MRTV 4 ကလည်း ပထမဆုံး ရုပ်သံစီးရီး ရိုက်တာဆိုတော့ ပရိသတ်တွေ ဘယ်လို ဝေဖန်ကြမလဲဆိုပြီး အရမ်းရင်ခုန်ခဲ့ရပါတယ်။ တကယ်တမ်း ထုတ်လွှင့်တဲ့အခါမှာ အသစ်လေးတွေ မဆိုးပါဘူး။ ကြိုးစားကြသားပဲဆိုတာမျိုး အားပေးကြတော့ အရမ်းပျော်ခဲ့ပါတယ်”လို့ သူ့အ တွေ့အကြုံကို ပြောပြခဲ့ပါတယ်။
ဝင့်ယမုံလှိုင်က နောက်ပိုင်းမှာတော့ အချစ်သင်္ကေတ (Season 4 ) အထိ မတူကွဲပြားတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Happy Beach ရုပ်သံဇာတ်လမ်းတွဲ၊ ကံကံ၏ အကျိုး mini Series မှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင် ရိုက်ကူးခွင့်ရခဲ့တဲ့ ‘ဧဒင်ရဲ့ နတ်သမီးများ’ ဇာတ်ကားနဲ့ ပတ်သက်လို့တော့ ဝင့်ယမုံလှိုင်က “အဲဒီကား ရိုက်ရမယ်ဆိုတုန်းက ပထမ ဆုံး ရုပ်ရှင်ကားကြီးလည်း ဖြစ်သလို ဒါရိုက်တာကလည်း အရမ်းဝါရင့်ပြီးတော်တဲ့ ဦးမီးပွားဆိုတော့ တော်တော်လေး ကြောက်ခဲ့ပါတယ်။ တကယ်တမ်း ရိုက်ကွင်းပေါ်ရောက်တော့ ဦးမီးပွားကလည်း အသေးစိတ် သင်ကြားပေးခဲ့သလို တွဲဖက်သရုပ်ဆောင်ရတဲ့ ကိုစိုင်းစိုင်းကလည်း အများကြီး ကူညီပေးခဲ့တယ်ဆိုတော့ အဆင်ပြေပါတယ်။ အခုရုံတင်တော့မှာဆိုတော့ စိတ်လည်း အရမ်းလှုပ်ရှားတယ်။ အဲဒီကားထဲမှာ ယမုံက သတင်းထောက် တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်ရဲ့တုံ့ပြန်မှုကိုလည်း အရမ်း သိချင်နေပါတယ်”လို့ သူ့ရင်ခုန်သံကို ဖွင့်ဟခဲ့ပါတယ်။
လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို ထုဆစ် ပုံဖော်နေတဲ့ ဝင့်ယမုံလှိုင်က ဖြတ်သန်းတဲ့ ဘဝခရီးလမ်းမှာ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းရှင်းထားပြီး ကိုယ့်စိတ်ကိုယ် အကောင်းဆုံး မွေးမြူမယ်ဆိုရင် ရလဒ် ကောင်းတွေ ရနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အနုပညာ လုပ်ငန်းတွေက ကံ၊ ဉာဏ်၊ ဝီရိယတို့နဲ့ လုပ်ကိုင်ရတာဖြစ်လို့ အဲဒီအတွက်လည်း ကြိုးစားသွားမှာပါလို့ ထပ်မံ ပြောပြခဲ့ပါတယ်။
အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတဲ့ လူငယ် အနုပညာရှင် ဝင့်ယမုံလှိုင်ရဲ့ ဘဝဖြတ်သန်းမှု အချိုးအကွေ့တွေကလည်း စိတ်ဝင်စားစရာတွေ ပါဝင်နေသလို လူငယ်တစ်ယောက်ရဲ့ အားမာန်နဲ့ ယုံကြည်ချက်တွေ ပြည့်ဝနေတာကို တွေ့မြင်နိုင်မှာပါ။ ထားဝယ် တိုင်းရင်းသူလေး ဝင့်ယမုံလှိုင်ရဲ့ အနုပညာ ဖြတ်သန်း ကြိုးစားမှုကို ဖတ်ရှုရင်း နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုကို ဖော်ပြပေးမလဲဆိုတာ စောင့်မျှော်ပေးပါဦးလို့။           

Most Read

Most Recent