ကိုးကွယ်ဆည်းကပ် ဆုမြတ်လည်းခြွေ

ကိုးကွယ်ဆည်းကပ် ဆုမြတ်လည်းခြွေ
Published 22 October 2015
ရဲထွတ်နီ

ဝါလကင်းလွတ် သီတင်းလည်းကျွတ်တော့မည်။ ဝါတွင်းကာလသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့ အထွတ်အမြတ် ထားသော ကာလဖြစ်သည်။ ရဟန်းတို့သည် ဝါဆိုဝါကပ်တော်မူကြသည်။ လူတို့မှာ လဆန်း၊ လဆုတ် (၈)ရက်၊ လပြည့်လကွယ် နေ့များတွင် ဥပုသ်သီတင်း ဆောက်တည်ကြပါသည်။ ရဟန်းတို့ ဝါမှထသောအခါ အညီအညွတ် စည်းဝေးကြပြီး အချင်းချင်းတွင် မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းကို ပြုလျက် ပြောဆို ကြကုန်လော့ဟု ဖိတ်ကြားကာ ပဝါရဏာ ပြုကြသည်။ ဤကဲ့သို့ အဘယ်မှ ျကြည်နူးဖွယ် ကောင်းပါမည်နည်းဟု ဆရာကြီး ဦးသော်ဇင်က တမ်းတ ခဲ့ဖူးလေသည်။
မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိံသာ နတ်ပြည်တွင် ဆိုတော်မူသည်။ ဝါတွင်းသုံးလလုံး နတ်ပြည်တွင် အမိတော် ခဲ့သည့် သန္တုဿိတ နတ်သားကို အမှူးပြုကာ လောကဓာတ် တစ်သောင်းမှ စုဝေး ရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာတရား ဟောကြားတော်မူသည်။ သီတင်းကျွတ်သည့်အခါ လူပြည်ဖြစ်သော သင်္ကဿနဂိုရ်သို့ ပြန်လည် ဆင်းသက်တော်မူသည်။ မင်းနှင့်ပြည်သူတို့က ဆီမီးတန်ဆောင်ထွန်းကာ ပူဇော် ကြိုဆိုသည်မှစ၍ မီးထွန်းပွဲတော် အစဉ်အလာဖြစ်ခဲ့သည်။ သီတင်းကျွတ် လပြည့်ကို “အဘိဓမ္မာအခါတော်နေ့မြတ်” ဟုသတ်မှတ်လာခဲ့ကြသည်။ ဤအခါသမယတွင် သားသမီးလူငယ်တို့က လူကြီးမိဘ ဆရာသမား အသက်ဂုဏ်ဝါကြီးသူများကို နိဝါတတရား ဂါရဝတရားတို့ဖြင့် ကန်တော့လေ့ ပြုကြသည်။ အလွန်လှပသိမ်မွေ့သည့် မြန်မာမှု ဖြစ်ပေသည်။ ကိုယ့်အာဏာ တည်မြဲရေး လူမိုက်ငှား လူမိုက်မွေးသကဲ့သို့ ရာထူးပေး အစာကျွေးကာ မတော်မတရား ကြီးပွားစေသော လောဘဖြင့် ရှိခဲ့သည့် ကျေးဇူးအတွက် သွားရောက် ကန်တော့လေ့ရှိသည် ဆိုခြင်းမျိုးကမူ ဆိုခဲ့သော လှပသိမ်မွေ့သည့် မြန်မာမှု ယဉ်ကျေးမှုတွင် အကျုံးဝင်လိမ့်မည်ဟု မယုံကြည်မိပေ။ ထွတ်မြတ်သည်ဟု မထင်မိပေ။ အကန်တော့ခံနှင့် ကန်တော့သူတို့တွင် ဘယာနှင့်လောဘ၊ ဒေါသ၊ မောဟတရားတို့ တိမ်သလ္လာ ဖုံးသလို ရှိနေမည်ဟု ထင်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ကြသည်။ သာသနာဆိုသည်မှာ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သည်။ တပည့်သာဝကတို့ကို သိက္ခာပုဒ်များ မပညတ်မီ ဘုရားရှင်တို့ ဆုံးမသော စကားတော်တို့ ရှိသည်။
“အလွန်ချုပ်တည်း သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။ နိဗ္ဗာန်တရားသည် အမြတ်ဆုံး။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။ သူတစ်ပါးကို ညှဉ်းဆဲသော သူသည် မကောင်းမှုကို ငြိမ်းစေသူမဟုတ်”
“မကောင်းမှု ဟူသမျှကို မပြုလုပ်ရခြင်း၊ ကောင်းမှု ဟူသမျှကို ပြည့်စုံစေခြင်း မိမိ၏ စိတ်ကို စင်ကြယ်ရစေခြင်း”
“သူတစ်ပါးကို မစွပ်စွဲမပြစ်မှားရာ သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ သီလ၌ စောင့်စည်း လုံခြုံစေရာသည်။ စားသုံးမှု ပမာဏကိုသိ၊ နေထိုင်မှုကို သိရာဖြစ်ပြီး မြတ်သော စိတ်ကို အားထုတ်ရာ၏”
တွေ့မြင်ဖူးသော အခမ်းအနားများတွင် ဆရာတော်ကြီးများထံမှ ဘုရားရှေ့မှောက်တွင် “မေတ္တာ သဟဂတေန စေတသာ...” ပုသ်ပါ ပါဝင်သော ကိုးပါးသီလကို အသီးသီး ခံယူကြသည်ကို မကြာမကြာ တွေ့မြင်ခဲ့ဖူးပါလေသည်။ သို့သော် ယခုလို သီတင်းကျွတ်ခါလည်းနီးသော ဝါတွင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ကြီးလည်း တစ်စတစ်စ နီးချိန်တွင် ရာထူးများ အလွန်ကြီးပြီး ရာထူးများလည်း အလွန်များကြကုန်သော၊ ရာထူးအာဏာကိုသာ ဆက်လက် ရယူလိုကြကုန်သည့် လူကြီးဆိုသူများမှာ ဖော်ပြပါ ဘုရားရှင်တို၏ အဆုံးအမ သြဝါဒ တစ်ခုတလေမျှ ကိုက်ညီအောင် လိုက်နာကျင့်ကြံ ကြပါလေရဲ့လားဟု ရှာမတွေ့ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ရတနာသုံးပါးကို အားထားရာဟူ၍ ကိုးကွယ်ဆည်းကပ်ကြသည့်အတိုင်း ဘုရားကို ရိုသေကိုင်းရှိုင်းစွာလည်း ရှိခိုးလေ့ရှိကြသည်။ယုံကြည်မှုသဒ္ဓါဖြင့် ဘုရားကို အာရုံပြု ရှိခိုးရသည့်အခါ ခက်ထန်ကြမ်းတတ်သည့် စိတ်တို့သည် ကြည်နူးပျောင်းပျော့ ရသည်။ဘုရားဖက်တော့ အမျက်ပြေ၊ ကုသိုလ်လည်း ဝေသောကြောင့် ဘုရားရှိခိုး အမျိုးမျိုးဖြင့် နှစ်သက်ရာ သန်ရာကို ရှိခိုးတတ်ကြပါသည်။
ယေ စ ဗုဒ္ဓာ အတီတာစ၊ ယေ စ ဗုဒ္ဓာ အနာ ဂတာ။
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓာ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။
အဘိဓဇ စံကင်း ဆရာတော်ဘုရားကြီး အမြဲလို နှုတ်ငုံဆောင်ကာ ပူဇော်တော်မူသော ဘုရားရှိခိုးဟု မှတ်သားမိ ပူဇော်လေ့ ပြုမိပါသည်။ အနက်မှာ အတီတေ ရှေးအခါကရော ပစ္စုပ္ပန်နှင့် အနာဂတ်မှာပါ ဘုရားရှင်တို့သည် ထင်ရှားမသွေရှိကြသည်။ထိုဘုရားရှင်တို့အား အခါခပ်သိမ်း ရိုသေမြတ်နိုးရှိခိုးပါ၏ဟု ဖွင့်ပါသည်။
နမော တေ ပုရိသာ ဇည၊ နမော တေ ပုရိ သုတ္တမ။
နမော တေ တိဏ္ဏသံသာရ။ နမော တေ အမတံ ဒ ဒ။
ယောက်ျားဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ယောက်ျားမြတ် အဖြစ်နှင့် သံသရာ ခရီးခဲမှ ကူးမြောက်ပြီး အမြိုက်နိဗ္ဗာန်ကို ပေးတော်မူသော ဘုရားကို ရှိခိုးပါ၏ဟု ဆိုပါသည်။ ဆရာတော်ကြီး၏ ဘုရားရှိခိုး တစ်ခုပင် ဖြစ်ပါသည်။
တံ၊ မေ၊ သ၊ ဒီ၊ ကော၊ မံ၊  သု၊ ရေ
သော၊ အ၊ ပ၊ နာ၊ ပ၊ သု၊ သု၊ ပိ
အ၊ ဓံ၊ သိ၊ တိ၊ ဖု၊ ဝိ၊ သိ၊ ဝေ
က၊ ကော၊ က၊ ဂေါ နမာမဟံ။
အသင်္ချေကပ် ကမ္ဘာအလိုက် ပွင့်ထွန်းတော် မူခဲ့သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား ရှိခိုးဖြစ်ပါသည်။ တဏှင်္ကရာအစ ဂေါတမအဆုံး ဘုရားရှင်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို အာရုံရကြပြီး ရှိခိုးပူဇော်လေ့ရှိသော ဘုရားရှိခိုးဂါထာ တစ်မျိုးမှာ “သမ္ဗုဒ္ဓေ” ဖြစ်ပါသည်။ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဘုရားရှိခိုးဟုလည်း ဆိုပါသည်။ သင်္ချာကိန်းဂဏန်းမှာ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့နှင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်ထွန်းတော်မူကြကုန်ပြီးသော သင်္ချာဂဏန်း ရေတွက်မှန်း မရသည့် ဘုရားရှင်တို့အား ရှိခိုးပူဇော်ခြင်း ဖြစ်သည်။ ဤဘုရားရှိခိုးတော်ကြီးတွင် အန္တရာယ်ကင်းစေကြောင်း ဆုတောင်း ပါရှိပါသည်။ ရှိခိုးပူဇော်ရခြင်းကြောင့် ဘေးအန္တရာယ်ရန် ကင်းစေကြောင်းပါပင်။ လူသိများသလောက် ရှိခိုးပူဇော်လေ့များသော ဘုရားရှိခိုး တစ်ပုဒ်ရှိသေးသည်။ ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ စမ္မခဏ် ဂါထာတော်ကြီး ဖြစ်သည်။”ဣတိပိ ပိဋကတ္တယံ အနိစ္စံ ဒုက္ခံ အနတ္တံ” အစချီသည့် ဂါထာတော် ဖြစ်သည်။ တရားမင်းစစ် ဖြစ်တော်မူသော ဘုရားရှင်သည် ပိဋကတ်သုံးဆူကို ဟောကြားတော်မူခဲ့သည်။ လက္ခဏာရေး သုံးပါးကိုလည်း ဟောကြားတော်မူခဲ့သည်။ ဗောဓိ၏ အကြောင်းအင်္ဂါ ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို တပည့်သားသာဝကတို့ ပွားများ ကျင့်ကြံ အပ်ကြသည်။သံသရာမှ ထွက်ရာ ထွက်ကြောင်း ဘာဝနာလမ်းကောင်းကို သိရှိအောင် ဟောကြားတော်မူသော ဗြဟ္မစိုရ်မေတ္တာ ကရုဏာ ကိန်းအောင်း ဘုရားရှင်အပေါင်းတို့အား ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ဟူ၍ အနှစ်ချုပ်အနက် ထင်နိုင်ပါ၏။ ဤကဲ့သို့ ရှိခိုးရခြင်းကြောင့် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကာ မင်္ဂလာတရားတို့ ဖြစ်ပွားပါစေ။ မင်းဆိုး မင်းညစ် မင်းယုတ်တို့၏ ဘေး၊ ဓားပြသူခိုးဘေး၊ ရေဘေး မီးဘေး လက်နက်ဘေး၊ ကြွင်းကျန် သမျှ အ၀၀သော ဘေးတို့မှ ဇေယျော အောင်မြင်ခြင်း ဖြစ်ပါစေ။ဘေးအတန်တန် ရန် အသွယ်သွယ် အန္တရာယ် ဟူသမျှတို့ ကင်းပ လွင့်စဉ် အောင်မြင် ပါစေသတည်းဟူ၍ ဆရာတော် ဘဒ္ဒန္တ စာရိတ္တာဘိဝံသ အနက် ပြန်တော်မူထားသည်မှာ နှစ်လိုကြည်ညိုဖွယ် ကောင်းလှပါသည်။ ဗုဒ္ဓဝန္ဒနာ ဘုရားရှိခိုး အများအပြား ရှိပါသည်။ “ကုသလ ကုသလံဇဟံ” အစချီသော နမက္ကာရ ဘုရားရှိခိုးတော်ကြီးမှာ ပါဠိဂါထာ (၃၃) ပိုဒ်ရှိသည်။ တစ်ပိုဒ်လျှင် ဂါထာများဖြင့် ဖွဲ့စီ ပူဇော်ထားသည်။ ဗုဒ္ဓဘာသာလောကတွင် အလွန်နာမည်ကျော်ကြား လူသိများသော အရှင်ဗုဒ္ဓဃောသ ပူဇော်ခဲ့သည့် ဘုရားရှိခိုးဖြစ်ပြီး အလွန်လှပ ဆန်းကြယ်သော ဂါထာများ ဖြစ်သည်ဟု ဆရာကြီးဦးသော်ဇင်က  ဆိုပါသည်။ မြန်မာပြန်ကိုပါ ရွတ်ဆိုရှိခိုးရသည်မှာ အလွန်သဒ္ဓါ ကြည်နူးရပါ၏။
ဘုရားရှိခိုးများအကြောင်း ပြောမိသည်မှာ အစားကောင်း စားရသော် မိတ်ကောင်း ဆွေမွန်တို့အား သတိရမိသည့် အလားပမာ ဖြစ်ပါသည်။ ရည်ရွယ်မှု တစ်ခုလည်း ရှိပါ၏။
အင်္လကာကျော်စွာ စာရေးဆရာကြီး ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဆရာကြီး ဦးသုခက အလွန်ကြည်ညိုသောကြောင့် ဓမ္မဒါန ဖြန့်ဝေသော ဘုရားရှိခိုး စာအုပ်တစ်အုပ်ကိုလည်း ရရှိခဲ့ဖူးသဖြင့် ဖတ်ရွတ် ပူဇော်လေ့ ရှိပါသေးသည်။ ကျေးဇူးတော်ရှင် ရွှေတောင်မြို့ကျီးသဲလေးထပ် ဆရာတော်ကြီး ရေးသား တော်မူအပ်သော “ပကိဏ္ဏက နမက္ကာရ အစိန္တေ ယျကြီး “အမည်ရှိသော ဘုရားရှိခိုး ဖြစ်ပါသည်။ ဆရာကြီးဦးသော်ဇင်က ဤအစိန္တေယျ ဘုရားရှိခိုးသည် ဘုရားရှိခိုး မည်ကာမတ္တ မဟုတ်ဘဲ အဆီအနှစ် ထုတ်ထားသော ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်သဖွယ် ပြည့်စုံကြွယ်ဝလှ၍ လေးနက် လှိုက်လှဲစွာ ကြည်ညိုလိုပါလျှင် ဘုရားရှိခိုးဖြင့် ပူဇော်သင့်သည်ဟု ဆိုသည်။ မင်းကွန်း ဆရာတော် ဘုရားကြီးကိုယ်တိုင် စာအုပ်ကိုတွေ့မိပြီးနောက် အရကျက်ကာ ဘုရားရှိခိုးပြုလိုသည့် ကုသိုလ်စိတ်များ တရိပ်ရိပ်တဖွားဖွား ဖြစ်ပွားရသဖြင့် စာအုပ်ရှိပါသေးလျှင် ဓမ္မဒါနလက်ဆောင် ပေးပါရန် မေတ္တာရပ်ခံခဲ့သေးသည့် ဘုရားရှိခိုးဖြစ်သည်။ လင်္ကာရှည် (၁၁) ပိုဒ်ပါရှိသည့် ဖတ်ရွတ် ပူဇော်မိသည့် အခါတိုင်းတွင်ပင် ဆရာကြီးများ ညွှန်းသကဲ့သို့ လက်ငင်း ချက်ချင်း ကြည်နူူးခြင်း ဖြစ်ရပါသည်။
ဆရာကြီး ဒဂုန်နတ်ရှင်က “ဘုရားရှိခိုးခြင်းသည် မည်ကဲ့သို့ပင် ရှိခိုးစေကာမူ ရှိခိုးသူ၏ စိတ်၌ တစ်စုံတစ်ခုသော အကျိုးကို ရည်၍ ရှိခိုးခြင်းပင် ဖြစ်ပါသည်။ သို့သော် စိတ်စေတနာ ထက်သန်ခြင်း အပေါ်၌သာလျှင် အကျိုးတရား အနည်းအများ ရရှိစေနိုင်ပါမည်။လုံး၀ အကျိုးမရှိဟူ၍ကား မည်သည့်ဘာသာ၌မဆို မရှိကြပါ” ဟူ၍ မြွက်ဆိုခဲ့ပါသည်။ ယခု ရည်ရွယ်မှု တစ်ခုဆိုသည်ကို ပြောပါမည်။ ဝါတွင်းကာလသည် ထွတ်မြတ်သကဲ့သို့ ဝါလ ကင်းလွတ်သော သီတင်းကျွတ် လပြည့်သည် အဘိဓမ္မာ အခါတော်နေ့ မြတ်ဖြစ်ပါသည်။ ဝါတွင်းကာလတွင် ဆောက်တည် ရယူခဲ့ကြသော သီလကုသိုလ် အဟုန်ဖြင့် အဘိဓမ္မာ အခါတော်နေ့ မြတ်တွင်လည်း ဘုရားရှင်၏ ဂုဏ်ကျေးဇူး အထူးထူးကို အောက်မေ့ ဆင်ခြင်ကာ ကုသိုလ်ဘာဝနာ အစုစုကိုလည်း ပြုကြပါ။ သီတင်းကျွတ်ပြီး သကာလ မကြာမတင ်အချိန်တွင် ကြုံကြိုက်ကြရမည့် ပါတီရွေးပွဲ၊ လူရွေးပွဲ၊ လူကောင်းရွေးချယ်ပွဲ၊ ပါတီကောင်း ရွေးချယ်ပွဲအတွက်လည်း ဆင်းရဲလေရှာသော လူထုကြီးအဖို့ အမှန်တကယ်ပင် ပြောင်းလဲဖို့ရာ လိုအပ်သည်မှာ အမှန်ဖြစ်၍ ဘုရားကိုလည်း ရှိခိုးကြလျက်၊ မကောင်းဆိုး ဝါးများကို နှင်ထုတ်သကဲ့သို့လည်း ဆုတောင်းကြပါစို့ဟု သတိပေးလိုရင်း ဖြစ်ပါကြောင်း။
လောကီ အင်္ဂုတ္တုရ်မန္တန် ကျမ်းလာသော သင်္ဂဟဂါထာ(ဂါထာပြန်)ဆုတောင်းသည် ရွတ်ဆိုဆုတောင်းရန် သင့်မည်ဟု ထင်မိပါသည်။
ဝေ၊ ဒါ၊ သာ၊ ကု    ကု၊ သာ၊ ဒါ၊ ဝေ
ဒါ၊ ယ၊ သာ၊ တ     တ၊ သာ၊ ယ၊ ဒါ
သာ၊ သာ၊ ဓိ၊ ကု              ကု၊ ဓိ၊ သာ၊ သာ
ကု၊ တ၊ ကု၊ ဘု     ဘု၊ ကု၊ တ၊ ကု။  အနက်ပြန်ဆိုမှု(အကျဉ်း)
ဝေ...မကောင်းသည့် ရန်သူဟူသမျှတို့သည်
ဒါ...ဝေးစွာသော အရပ်သို့
သာ...လျင်မြန်စွာပင်
ကု...ပြေးကြစေကုန်သတည်း။
ကု...မကောင်းသဖြင့် ကြံစည်ကုန်သော သူတို့သည်
သာ...မိမိအလိုအလျောက်ပင်
ဒါ...အကြံအစည် ပျက်သောအားဖြင့်
ဝေ...ပျောက်စေကုန်သတည်း။
ဒါ...မိမိတို့၏ စေတနာကြောင့်
ယသာ...အခြံအရံ အကျော်အစောတို့သည်
တ...ပွားများကြပါစေကုန်သတည်း။
တသာ...၁၀ ပါး အကုသိုလ် မိမိတို့ ပြုမိခဲ့ ပါလျှင်
ယ...ပြုသမျှသော ကုသိုလ် ၁၀ ပါး၏ တန်ခိုးအားတော်ကြောင့်
ဒါ...ပြေပျောက်စေကုန်သတည်း။
သာ...စက်ဆုပ်ဖွယ်သော သူတို့အား လည်းကောင်း
သာ...အမျက်မာန ဒေါသရှိသောသူတို့အား လည်းကောင်း
ဓိ...ဆုံးမသြဝါဒ ပေးခြင်းအားဖြင့်သာလျှင်
ကု...အောင်မြင်စေသတည်း။
ကု...ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့်
ဓိ...ရှည်မြင့်စွာ
သာ...မပေါင်းဖော်ရသည်
သာ...ဖြစ်ပါစေသတည်း။
ကု...ကုသိုလ်သုစရိုက် ပြုကျင့်လေ့ရှိသော
တ...သူတော်ကောင်းတို့နှင့်သာလျှင်
ကု...ဖြစ်ဖြစ်ရာအဆက်ဆက်၌
ဘု...တွေ့ဆုံရပါစေသတည်း။
ဘု...အကုသိုလ်ဒုစရိုက်ပွားသူများနှင့်
ကု...ဖြစ်ဖြစ်ရာအဆက်ဆက်၌
တ...အခါခပ်သိမ်းပင်
ကု...မတွေ့ဆုံရသည် မပေါင်းဖော်ရသည် ဖြစ်ပါစေသတည်း။
ဘုရားကို ကိုးကွယ် ဆည်းကပ် ဆုမြတ်ကိုလည်း ခြွေကြပါ။

Most Read

Most Recent