ကမ္ဘာကြီးက စောင့်ကြည့်နေသည်

ကမ္ဘာကြီးက စောင့်ကြည့်နေသည်
Published 22 October 2015
မြတ်သစ်

နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၁ ရက်ထိ ပါရီမြို့တွင် ကျင်းပမည့် ၂၀၁၅ ကုလ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့်သည် လူသားများအတွက် အရေးပါသော ခြေလှမ်း တစ်လှမ်းဖြစ်သည်။ ၁၉၉၂ ခုနှစ်က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက် မူဘောင် ရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ၁၉၉၇ တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော ကျိုတို သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။ ယခုကျင်းပမည့် ကွန်ဖရင့်သည် ကုလ၏ နှစ်ပေါင်း ၂၀ ခန့် ညှိနှိုင်းဆွေးနွေးမှု အကျိုးရလာဒ်ဖြစ်သော ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူမှုတစ်ခုရ လိမ့်မည်ဟု ကျင်းပရေး ကော်မတီက မျှော်လင့်ထားသည်။
တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ရာသီဥတု ပြောင်းလဲမှုကို လုံ့လဥဿာဟထုတ် လုပ်ဆောင်ခြင်း ဖြစ်သည် လူသားတစ်ဦး၏ တာဝန်ဖြစ်ကြာင်း၊ ဤပြဿနာကို လူသားများက ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါတွင် လူသားများကပဲ ရာသီဥတု ပြောင်းလဲမှုအတွက် တာဝန်ယူရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
“နိုင်ငံတစ်နိုင်ငံ နှစ်နိုင်ငံ ဖြေရှင်းရမယ့် မေးခွန်းမဟုတ်ဘူး။ လူသားအားလုံးနဲ့ ဆိုင်တဲ့ မေးခွန်းဖြစ်တယ်။ ဒီကမ္ဘာကြီးဟာ ကျွနု်ပ်တို့ရဲ့ အိမ်ဂေဟာ ဖြစ်တယ်။ ပြောင်းရွှေ့နေထိုင်ဖို့ ဘယ်ဂြိုဟ်မှ မရှိဘူး”ဟု ဘုန်း တော်ကြီး ဒလိုင်းလားမားက မိန့်ကြားသည်။
ကမ္ဘာ့ခေါင်မိုးဟု တင်စားကြသည် ဟိမဝန္တာ အပူချိန်တွေက မြင့်တက်လျက်ရှိရာ လွန်ခဲ့သော နှစ် ၅၀ ထက် ၁ ဒသမ ၃ ဒီဂရိတ် မြင့်တက်နေသည်။ ဟိမဝန္တာမှ အေးခဲသော ရေခဲမြစ်များအနက် ရာခိုင်နှုန်း ၄၀ သည် တရုတ်၊ နီပေါ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ မြစ်ကြီးခုနစ်သွယ်အဖြစ် စီးဆင်းလျက်ရှိသည်။ အကယ်၍သာ ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲမြစ်များသာ အရည်ပျော်ကျမှုတွေ များလာမည်ဆိုပါက ဖော်ပြပါနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ရပေတော့မည်။
ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် သဘောထား အမြင်များ ကွဲပြားနေကြသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲများတွင် ကိုယ်ကျိုးစီးပွားရှေးရှု၍ ပြောဆိုနေကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများကတောင် ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်နှင့် ပြစ်သစ်သမ္မတ အော်လွန်ဒ်ကတော့ ရာသီဥတုပြောင်းလဲမှု ဆက်စပ်မှုနှင့် ပြောင်းလဲ၍ လက်ခံ ကျင်းသုံး နိုင်မည့် ရည်မှန်းချက် ပန်းတိုင်တစ်ခု လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများက တောင်အာဖရိက ကိုယ်စားလှယ်က ဘွန်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲမှ ဖွံ့ဖြိုး တိုးတက်ပြီးဖြစ်သော နိုင်ငံများသည် လူဖြူ၊ လူမည်း လူမျိုး လူခွဲခြားသည့် စနစ်ကျင့်သုံးနေကြောင်း စွပ်စွဲခဲ့သည်။
 ဖွံ့ဖြိုးတိုးတက်သော နိုင်ငံထဲမှာ တရုတ်နှင့် ဂျပန်လည်း ပါဝင်နေပြီး ယင်းနိုင်ငံများက ငါးရက်ကြာ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် သဘောတူညီချက် မူကြမ်းကို စာမျက်နှာ ၈၀ မှ ၂၀ လျှော့ချခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြ၏။
တောင်အာဖရိက ကိုယ်စားလှယ်က ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများနှင့် တရားမျှတမှုများ ဆိုင်ရာများကို မူကြမ်းတွင် ဖြုတ်ထားကြောင်း ကန့်ကွက်ခဲ့သည်။ ဤသဘောတူညီချက် မူကြမ်းကို နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၁ ရက်အထိ ပါရီတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် အတည်ပြုမည် ဖြစ်သည်။
ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဆလိုဗက် မြို့တော် ဘရက်တစ်ဆလာဗာတွင် ဂျာနယ်လစ်များနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲတွင် ကျဉ်းမြောင်းသော အမျိုးသားရေး အမြင်များဖြင့် တင်ပြမှုများ ရှိသည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ အစီအစဉ် (က)ပဲ ရှိ တယ်။ (ခ) မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ (ခ) ဆိုတဲ့ ဂြိုဟ်မရှိလို့ပဲ”ဟု ဘန်က  သတိပေး စကားပြောကြားသည်။ ပြင်သစ်သမ္မတ အော်လွန်ကတော့  ပါရီတွင် ပြုလုပ်မည့်  ဆွေးနွေးပွဲတွင် သဘောတူညီမှု တစ်ရပ်ရလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် လက်တွေ့မပါသော အနှစ်မဲ့ သဘောတူညီချက်များ မဖြစ်ရေးကို အော်လွန်က သတိပေးခဲ့သည်။ မည်သည့် အတိုင်းအတာထိ လက်ခံမည်နည်း ယင်းသဘောတူချက်ကို ပုံမှန် ဖြည့်စွက်နိုင်မှု ရှိ၊ မရှိလို သတိပြုဖို့လည်း ပြောကြားလိုက်သည်။
ပါရီ သဘောတူညီချက်တွင် ပါဝင်သည့် အချက်က ဖန်လုံ ဓာတ်ငွေ့လျှော့ချရေး၊ ကမ္ဘာကြီး ပူနွေးမှု လျှော့ချရေးအတွက် စက်မှုတော်လှန်ရေး အကြိုကာလကထက် လက်ရှိတွင်  ၃ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်သာ ပိုမြင့်ရမည်ဟူသော အချက်ပါဝင်သည်။
သိပ္ပံပညာရှင်များက နိုင်ငံပေါင်း ၁၅၀ ခန့်သည် အပူရှိန် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်နေကြောင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှု၊ မုန်တိုင်များ တိုက်ခတ်မှုနှင့် ရောဂါဘယထူပြောမှု အန္တရာယ် ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သတိပေးထားသည်။
အိမ်ဖြူတော်ကတော့ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု ဆန့်ကျင်ရေးအတွက် ကာဗွန်ဈေးနှုန်း သတ်မှတ်ရန် ဘဏ်လုပ်ငန်းရှင်များကို တိုက်တွန်းလိုက်သည်။
၂၀၂၀ ပြည့်တွင် စတင်သက်ဝင်မည့် ပါရီ သဘောတူညီချက်သည် ကမ္ဘာ့နိုင်ငံ အသီးသီးက နှစ်ပေါင်း ၂၀ ကြာမျှ အချေအတင် ငြင်းခုံ ဆွေးနွေးပြီးမှ ရရှိကာ ရလဒ်အဖြေဖြစ်၏။ ချမ်းသာကြွယ်ဝသော နိုင်ငံများက ကာဗွန် လျှော့ချရေးအတွက် ၂၀၂၀ ပြည့်မှစ၍ ဒေါ်လာဘီလျံ ၁၀၀ ခန့် အသုံးပြုဖို့ ရည်ရွယ်ထားသည်။
“ကမ္ဘာကြီးက ကျွနု်ပ်တို့ကို စောင့်ကြည့်နေတယ်”ဟု ပီရူးနိုင်ငံမှ သဘာ၀ ဝန်းကျင်ဆိုင်ရာဝန်ကြီး မန်နျူရယ်ပူဂါမိုင်ဒယ်က ပြောကြားလိုက်သည်။
ကမ္ဘာကြီး ပူနွေးလာမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲ တက်ရောက်လာသော ကိုယ်စားလှယ်များက သဘောတူညီချက် မူကြမ်းကို အပြင်းအထန် ဆွေးနွေးကြမည် ဖြစ်သည်။ ပါရီသဘောတူညီချက်က ကာဗွန်လျှော့ချရေးနှင့် ကာဗွန်ဓာတ်ငွေ့ဘေးမှ ကင်းဝေးသည့် လူ့အဖွဲ့အစည်း ဖြစ်ရေးအတွက် စီးပွားရေးပုံစံတစ်ရပ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မိုင်ဒယ်က ပြောကြားသည်။
၁၉ ရာစု နှစ်လယ်မှစ၍ ကမ္ဘာကြီး ပူနွေးလာမှုမှာ ၀ ဒသမ ၈ စင်တီဂရိတ် မြင့်တက်နေမှုကြောင့် ၂၀၁၄ ခုနှစ်သည် အပူဒဏ် အမြင့်မားဆုံး စံချိန်သစ် တင်ခဲ့၏။ ၂၀၁၅ သည် ၂၀၁၄ ထက် ပိုပူနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ဟောကိန်း ထုတ်ထားသည်။

Most Read

Most Recent