မဲပေးဖို့ ပြန်မယ်...

မဲပေးဖို့ ပြန်မယ်...
Published 21 October 2015
ဟိန်းထက်နိုင်

“ပြန်မယ်ဗျာ။ မဲပေးဖို့ အတွက်တော့ ခဏ ပြန်ဦးမယ်။ ဒီမှာ လုပ်စားနေရတာ မျက်နှာငယ်ပေမယ့် အဆင်ပြေနေတယ်လေ။ ဒါကြောင့် ငွေရှာဖို့အတွက် ဒီမှာနေပြီး ရှာမယ်။ မဲပေးပြီး ပြန်တက်လာမယ်...” ရွေးကောက်ပွဲ ပြန်မလား မေးလို့ တစ်ဖက်က ပြန်ဖြေလိုက်သံ ဖြစ်ပါတယ်။ရွှေလီနဲ့ ကျယ်ဂေါင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တစ်သိန်းလောက် အရေအတွက် ရှိနေတဲ့ အထဲက ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ရှိသလို စိတ်မဝင်စားသူတွေလည်း တွေ့နေရပါတယ်။ စိတ်မဝင်စားသူ အများစုကတော့ အလုပ်ရုံတွေထဲမှာ လုပ်နေသူတွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်နေသူတွေ တွေ့ရပါတယ်။အဲဒီလို အလုပ်သမားတွေကနေ ရွေးကောက်ပွဲပြန်ပြီး မဲပေးမယ် ဆိုသံတွေကတော့ အနည်းစုပဲ ကြားရပါတယ်။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး လုပ်နေတဲ့ ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား အရွယ်တွေကို မြန်မာပြည်ပြန်ပြီး မဲပေးကြဦးမလား မေးကြည့်ပါတယ်။ အဖေနဲ့အမေ ပေးလိမ့်မယ်။ သူတို့ရွာမှာ ရှိနေတာပဲဆိုတဲ့ အဖြေလည်း ကြားမိလိုက်ပါတယ်။ နောက်တစ်ဆိုင်မှာလည်း မဲပေးပြန်ကြဦးမလား မေးမိတဲ့ ကျွန်တော့်ကို မဲပြန်ပေးလို့ အသွားအပြန် စရိတ်လည်း ကုန်မယ်၊ အလုပ်လည်း ပျက်ဦးမယ် ဆိုသံလည်း ကြားလိုက်မိပါတယ်။ရွှေလီနဲ့ ကျယ်ဂေါင်မှာ လုပ်ကိုင်စားသောက်နေရင်း မပြန်နိုင်လို့ မဲထည့်ချင်သူတွေကို မဲထည့်ခွင့်ရအောင် ကူညီပေးနေတဲ့ ဖြိုးမောက်သာ လက်ဖက်ရည်ဆိုင်က ကိုညီညီ ကို ဘယ်လိုနည်းတွေနဲ့ ကူညီပေးနေသလဲ မေးခဲ့မိပါတယ်။ သူပြန်ပြောခဲ့တာတွေကလည်း ကျွန်တော်တို့ကတော့ မဲထည့်ချင်တယ်။ ဘယ်လို ထည့်ရမလဲ သွားမေးတာပေါ့။ မူဆယ် NLD ရုံးက ပုံစံ ၃-(က)နဲ့ ရအောင် လုပ်ပေးမယ် ပြောလိုက်တယ်။ အဲဒီတော့ မဲထည့်လို့ ရမယ့်သူ ၅၀ လောက် ထွက်လာ ပါတယ်။ မူဆယ်ဘက်မှာ မူဆယ်ရပ်ကွက်က ထောက်ခံစာနဲ့ လက်ဖက်ရည်ဆိုင်ဆိုလည်း လက်ဖက်ရည်ဆိုင် ထောက်ခံစာနဲ့ ကုမ္ပဏီဆိုလည်း ကုမ္ပဏီလက်အောက်က ထည့်ခွင့်ရအောင် လုပ်ပေးမယ်လို့ ပြောလိုက်တယ်။ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ရောက်နေပြီး မဲထည့်ချင်သူတွေ ထည့်ရအောင် လုပ်ထားပြီပေါ့ဗျာ။ အတိအကျတော့ မသိရသေးဘူး။ အောက်တိုဘာ၂၅ ရက်နေ့မှ မဲထည့်လို့ ရ၊ မရ သိရမယ်။ ရဖို့များတယ်လို့လည်း ပြောထားပါတယ်။နောက်ထပ် အောက်တိုဘာ ၈ ရက်က သွားတဲ့သူတွေကျတော့ နမ်းခမ်းဘက်မှာ ထည့်လို့ရအောင် လုပ်ပေးပါ့မယ် ပြောတယ်။ မူဆယ်မှာတော့ မရတော့ဘူးပေါ့ဗျာ။ တချို့က မဲပေးချင်တယ်၊ မပြန်နိုင်ဘူး လာပြောတယ်။ အဲဒီလို အသံတွေကြားရတော့ ချိတ်ဆက်ပြီး သွားမေးကြည့်ရင်းက အခုလို လုပ်ဖြစ်ခဲ့တာပါ။ မှတ်ပုံတင်မူရင်း မိတ္တူကူးပြီး ပေးလိုက်တယ်။ အဖေ အမေ နာမည်နဲ့ နေရပ်လိပ်စာ ပေးလိုက်ရတယ်။ နှစ်ခေါက်ပေါင်း ၇၀ ကျော်လောက်တော့ ရှိမယ်။ လောလောဆယ်တော့ ကုန်ထမ်းတဲ့သူ နည်းနည်းပါမယ်။ ရွှေလီမှာ စက်ရုံတွေ လုပ်နေသူတွေ ပါမယ်။နောက်ကျောက်ဝိုင်းထဲမှာ ရှိနေတဲ့ ပတ်ဝန်းကျင်က လူတချို့ပါမယ်။ အဓိကတော့ ရွှေလီနဲ့ ကျယ်ဂေါင်မှာနေပြီး လုပ်ကိုင်စားသောက်နေသူ များတယ်။ တချို့လည်း ပြန်ချင်ပေမယ့် လမ်းစရိတ် မတတ်နိုင်တဲ့သူတွေ ဖြစ်တယ်ဆိုကြောင်း ကိုညီညီ ပြောသံကြားခဲ့ရပါတယ်။နောက်တစ်ဦးကတော့ မန္တလေးကနေ မူဆယ်ကို အိမ်ထောင်စုဇယား ပြောင်းထားတုန်းမှာ စပ်ကူးမှတ်ကူး ကာလအတွင်း ဖြစ်နေလို့ တရားဝင် မဲပေးခွင့်ရအောင် သူလုပ်ရပုံကို ပြောပြပါတယ်။ရက်ပေါင်း ၁၈၀ ဧည့်စာရင်း တိုင်ပြီးမှ ပေးလို့ရမယ်လို့ ပြောတယ်။ ကျယ်ဂေါင်မှာ ရောက်နေတဲ့ သူတွေက မူဆယ်မှာ ဧည့်စာရင်း တိုင်ခဲ့သူက ရှားတယ်။ ဒီတော့ အခက်အခဲ ရှိတာပေါ့။ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ယာယီနေကြောင်း မူဆယ် NLD အဖွဲ့က လိုက်လုပ်ပေးတယ်။ ကျွန်တော်တို့ကနေ အရင် သူတို့ဆီ သွားပြီး ဆွေးနွေးတယ်။ သူတို့က ကျယ်ဂေါင်ထဲ မဝင်ခဲ့ဘူး။ မဲထည့်ချင်တဲ့ သူတွေထဲမှာ အသက် ၂၀ ကျော် အရွယ်တွေ များတယ်။ မန္တလေးကနေ မူဆယ်ကို အိမ်ထောင်စု ပြောင်းထားတုန်း သန်းခေါင်စာရင်းက မူဆယ် မဝင်သေးဘူး။ အဲဒီတော့ မူဆယ်မှာ မဲပေးခွင့်ထုတ်တဲ့ စာရင်းထဲမှာ မပါနိုင်ဘူး။ အဲဒါကြောင့် ပုံစံ-၃ နဲ့ မူဆယ်ကနေ မဲပေးလို့ရအောင်လုပ်တာ ဖြစ်ပါတယ် ဆိုသံလည်း ကြားမိပါတယ်။ကျယ်ဂေါင်ရီချိန် ကျောက်ဝိုင်းအတွင်းမှာ ရှိနေတဲ့ မြန်မာကျောက်ပွဲရုံ ပိုင်ရှင်ပွဲစား အများစုကတော့ ရွေးကောက်ပွဲမဲပေးဖို့ ပြန်ကြမယ်ဆိုသူ များနေပါတယ်။ ပွဲရုံပိုင်ရှင် တစ်ဦးက ကိုယ့်ရှေ့မှာ မဲပေးဖို့အတွက် ကြိုပြီး ပြန်ထားမယ် ပြောခဲ့လို့ ပွဲရုံမှာ ရှိနေသူတွေ အကုန်လုံး မဲပေးရအောင် ပွဲရုံပိတ်ပြီးပြန်မှာလား မေးလိုက်မိပါတယ်။ အဲဒီလိုတော့ ပိတ်ပြီးပြန်လို့ ဘယ်ဖြစ်ပါ့မလဲဆိုတဲ့ သူ့အဖြေကတော့ ကိုယ့်နားထဲ တည့်ဝင်လာခဲ့ပါတယ်။ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တချို့ကို ရွေးကောက်ပွဲ ပြန်ပြီး မဲပေးမှာလား မေးလိုက် နားထောင်လိုက် လုပ်နေတဲ့ ကျုပ်တို့ မိသားစုကတော့ ဆိုင်ပိတ်မယ်။ အိမ်ခန်းကို သော့ခတ်ထားခဲ့မယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပြန်မယ်။ ကိုယ့်နိုင်ငံ အပြောင်းအလဲအတွက် မဲပေးခွင့် ရှိပါလျက်နဲ့ မဲပေးရမှန်း မသိသူတွေကိုတော့ လူညွန့်တုံးနေသူတွေလို့ တွေးမိပြီး သနားတယ်ဗျာ။