ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင် တင်ခဲ့သည်ဟုဆိုကာ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ဖမ်းဆီးစစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင် တင်ခဲ့သည်ဟုဆိုကာ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ဖမ်းဆီးစစ်ဆေး
Published 20 October 2015
နီလာစိုး(ပုသိမ်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင် တင်ခဲ့သည်ဟုဆိုကာ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား သတင်းပေးချက်အရ ကန်ကြီးထောင့်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။“ဒီနေ့မနက်က ဖမ်းလိုက်တယ်။ ပြစ်မှု ပုဒ်မ ၆၆(ဃ) အီလက်ထရောနစ် ဥပဒေနဲ့ တရားရုံးမှာ ရမန်ယူထားတယ်။ နိုဝင်ဘာ ၂ ရက်မှာ စတင်စစ်ဆေးမှာပါ။ အခုတော့ စခန်းမှာ ထိမ်းသိမ်းထားပါတယ်” ဟု ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းမှ ပြောကြားသည်။ThuThu အမည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံတွင် အီလက်ထရောနစ် နည်းပညာဖြင့် ပြုပြင်ထားသည့် မဖွယ်မရာ ဓာတ်ပုံပေါ်၌ ‘မိုက်တယ်’၊ ‘အလှအပ’ ဗန်းပြပြီး တကယ် ငါဘဝပျက်အောင် ပြုစားရက်တယ် “၂၀၁၅ ပြိုင်ပွဲဝင်မယ့် Modle Su” စာတန်းများပါသည့် ဓာတ်ပုံနှင့် စွပ်စွဲခံရသူ ဦးသန်းထွန်း၏ ဓာတ်ပုံတို့ကို သက်သေခံ ပစ္စည်းများအဖြစ် မှတ်တမ်းတင်ပြီး စွပ်စွဲခံရသူ ဦးသန်းထွန်းအား ပြစ်မှုအမှတ် ၁၅၇/၂၀၁၅ ပြစ်မှု ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အရေးယူ ဆောင်ရွက်ပေးပါရန် အမှုဖွင့် တိုင်ကြားခဲ့သော အမှုဖြစ်ကြောင်း သိရသည်။“ဒီပုဒ်မနဲ့ပဲ ရှေ့မှာ ဖမ်းဆီး အရေးယူခဲ့တဲ့ မအူပင်က မချောစန္ဒီထွန်းနဲ့ ရန်ကုန်က ဦးခွန်ဂျာလီတို့ကျတော့ အမှုဖွင့်ပြီးတာနဲ့ ချက်ခြင်းဖမ်းတယ်ပြီး ထောင်ထဲမှာ ချုပ်ထားတယ်။ ကျွန်တော်တို့က တရားမျှတမှု လိုချင်ပါတယ်။ အမှုမဖွင့်ခင် စေ့စပ်ညှိနှိုင်းကတည်းက အများရှေ့မှာတော့ မတောင်းပန်နိုင်ဘူးပြောပြီး ငြင်းပါတယ်။ အမှုဖွင့်လိုက်တော့ သူ့အိမ်မှာ ရှာမတွေ့တော့ဘဲ ဒီနေ့မနက်မှ ဖမ်းမိတာပါ” ဟု တရားလိုအဖြစ် ဦးဆောင်တိုင်ကြားသူ ဦးစည်သူအောင်က ပြောကြားသည်။အီလက်ထရောနစ် ဆက်သွယ်ရေး ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။တပ်မတော်မှ ပြောင်းလဲဝတ်ဆင်ခဲ့သည့် ဝတ်စုံအရောင်အား ဒေါ်အောင်ဆန်းစုကြည် ထမိန်အရောင်နှင့်နှိုင်းကာ တပ်မတော် အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်တကွ Facebook စာမျက်နှာတွင် သရော်လှောင်ပြောင်ခဲ့သည်ဟု စွပ်စွဲခံရသူ မအူပင်မြို့မှ နည်းပညာတက္ကသိုလ်ကျောင်းသူ မချောစန္ဒီထွန်းအား အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ထင်မှ အီလက်ထရောနစ် ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်ကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အတွင်းရှိ တရားရိပ်သာ တစ်ခုတွင် အောက်တိုဘာ ၁၂ ရက်က ဖမ်းဆီးခဲ့ပြီး မအူပင် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားသည့် ဓာတ်ပုံအား လူမှုကွန်ရက်တွင် ဝေမျှခဲ့သည်ဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းနှင့် ရန်ကုန်တိုင်း ဒေါပုံမြို့နေ ကိုလူဇော်စိုးဝင်းမှာ အစိုးရ အရာရှိများကို လူမှုကွန်ရက်၌ ညစ်ညမ်းစွာ ဆဲဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် တတိယမြောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent