လူပင်လယ်

လူပင်လယ်
Published 20 October 2015
တက္ကသိုလ်မိုးဝါ

(၁)
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အဓိက အနေဖြင့် ပါဝင် ဆင်နွှဲခဲ့သည့် ကိုရီးယား စစ်ပွဲကြီး ဖြစ်ပွားသော ၁၉၅၀ ပြည့်နှစ် အချိန်ကာလ၌ ကလေးအရွယ်မျှသာ ရှိသေးသောကြောင့် နောင်တွင် အရွယ်ရောက်လာတော့မှ စာရေးသူအဖို့ ယင်းစစ်ပွဲကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ ကိုရီးယားနိုင်ငံအား နယ်ချဲ့ဂျပန်တို့က ၁၉၁၀-၁၉၄၅ ကာလအထိ ထိန်းချုပ်ထားသည့် နောက်ပိုင်း ဒုတိယကမ္ဘာစစ် အပြီးတွင် ကိုရီးယားအား နှစ်ခြမ်းခွဲထုတ်ရန် ကြိုးပမ်းခြင်းမှ အစပြုကာ ထိုအချိန်က ဆိုဗီယက် ယူနီယံသည် ဂျပန်နိုင်ငံကို စစ်ကြေညာလိုက်သည် ဆိုသည်။ ဆိုဗီယက်တို့သည် အမေရိကန်နှင့် နားလည်မှုယူ၍ ၃၈ မျဉ်းပြိုင်၏ မြောက်ဘက်ခြမ်း ကိုရီးယား နယ်မြေကို သိမ်းပိုက်ပြီး အမေရိကန်ကမူ တောင်ပိုင်းကိုရီးယားကို သိမ်းပိုက်လိုက်သောအခါ ဂျပန်တို့က စစ်ရှုံးကြောင်း ကြေညာကာ လုံး၀ ဆုတ်ခွာသွားခဲ့သည်။ကိုရီးယား နှစ်ခြမ်းရှိ သီးခြားအစိုးရ နှစ်ရပ်တို့၏ ပဋိပက္ခကြောင့် စစ်ပွဲ စတင်ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယား စစ်တပ်သည် ဆိုဗီယက်နှင့် တရုတ်တို့၏ စစ်ကူဖြင့် ၁၉၅၀ ဇွန်လတွင် တောင်ကိုရီးယားအား ကျူးကျော်ဝင်ရောက် တိုက်ခိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယင်းတိုက်ခိုက်မှုကို ကျူးကျော်စစ် တစ်ရပ်အဖြစ် ဝေဖန်သုံးသပ်ပြီး အမေရိကန် အပါအဝင် နိုင်ငံ စုစုပေါင်း ၂၁ နိုင်ငံတို့က ပူးပေါင်း၍ တောင်ကိုရီးယား၏ ကာကွယ်ရေးကို ကူညီထောက်ပံ့ခဲ့သည်။  စစ်ပွဲ၏ အစဦးပိုင်း နှစ်လခန့်အထိ တောင်ကိုရီးယားတပ်သည် အရှုံးနှင့် ရင်ဆိုင်ပြီး ဆုတ်ခွာသွားရသော်လည်း ကုလသမဂ္ဂ၏ တန်ပြန် ထိုးစစ်ကြောင့် မြောက်ကိုရီးယား တိုက်ခိုက်ရေးသမား အများအပြားအား တစ်နေရာစီ၌ အဆက်အသွယ် ဖြတ်တောက်ပစ်နိုင်ခဲ့သည်။ ယင်းနောက်တွင် တရုတ်တပ်က တိုက်ပွဲသို့ ပါဝင်တိုက်ခိုက် လာသောအခါ ကုလသမဂ္ဂတပ်များက ၁၉၅၁ ခုနှစ်လယ် ကာလအထိ ဆုတ်ခွာသွားရပြန်သည်။ဤနေရာတွင် အဓိက ပြောလိုသည်မှာ စစ်ပွဲအကြောင်း မဟုတ်။ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းမှအပ ကျန်တိုက်ခိုက်နည်းများမှာ သမားရိုးကျ စစ်ပွဲများသာဖြစ်၍ တိုက်ခိုက်ရေးစစ်သား အလုံးအရင်း အသုံးပြုပြီး စစ်ပွဲဆင်နွှဲနေမှုကို မီးမောင်းထိုးပြလိုခြင်းဖြစ်သည်။ ယင်းစစ်ပွဲ၏ သုံးနှစ်ကျော်ကာလ (၂၅ ဇွန် ၁၉၅၀ မှ ၂၇ ဇူလိုင် ၁၉၅၃ ထိ) တွင် လူအသေအပျောက်၊ ဒဏ်ရာရ၊ ဖမ်းဆီးခံ စစ်သုံ့ပန်း အရေအတွက်ကို ကိန်းဂဏန်းဖြင့် တင်ပြလျှင် မည်မျှများပြားသော လူဦးရေ အသုံးပြုခဲ့သည်ကို ပို၍ ထင်ထင်ရှားရှား မြင်ပေမည်။ တောင်ကိုရီးယားနှင့် မဟာမိတ် ၂၁ နိုင်ငံအတွက် တောင်ကိုရီးယား တစ်နိုင်ငံ အတွက်သာ ဖော်ပြပါမည်။တောင်ကိုရီးယား - အသေအပျောက် (၁၇၈၄၂၆ ဦး)၊ ဒဏ်ရာရ+သုံ့ပန်း (၅၆၆ ၄၃၄ဦး)။ မြောက်ကိုရီးယား - အသေအပျောက် (သုံးသိန်းခန့်)၊ ဒဏ်ရာရ+သုံ့ပန်း (၃၀၃၀၀၀ + ၁၂၀၀၀၀)။ တရုတ် (အမေရိကန်၏ ခန့်မှန်းချက်) - အသေအပျောက် (လေးသိန်းကျော်)၊ ဒဏ်ရာရ + စစ်သုံ့ပန်း (၄၈၆၀၀၀ + ၂၁၀၀၀)။ အရပ်သား - အသေအပျောက် တောင်  (၂ ဒသမ ၅ သန်း)၊ မြောက် (၁ ဒသမ ၅ သန်း)။ 
(၂)
ကိုရီးယား စစ်ပွဲကြီး အပြီး စစ်သား အရပ်သား အသေအပျောက်နှင့် ဖမ်းဆီးခံ အရေအတွက်ကို ကြည့်ပါက ကြောက်ခမန်းလိလိ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးရှိသော တရုတ်နိုင်ငံက ကိုရီးယားစစ်ပွဲသို့ ပါဝင်တိုက်ခိုက်ရန် စေလွှတ်သည့် စစ်သား အရေအတွက်ကို ခန့်မှန်းရာ၌ တရုတ်စစ်သား အသေအပျောက်၊ ဒဏ်ရာရနှင့် အဖမ်းဆီးခံ သုံ့ပန်းအရေအတွက်သည် စုစုပေါင်း ကိုးသိန်းကျော် ရှိသည်ကို တွေ့ရ၏။ ယင်းကိန်းဂဏန်းအပေါ် မှီ၍ စစ်ပွဲသို့ စေလွှတ်သော လူဦးရေမည်မျှ ရှိသနည်း ဆိုသည်ကို မှန်းဆနိုင်ပြီ ထင်ပါသည်။  ယင်းအချိန်က သတင်းစာများ၊ သတင်းပေး ဌာနများက ဤမျှများပြားသော တရုတ်စစ်သား အလုံးအရင်းကြီးအား လူပင်လယ် (Sea of men) ဟု တင်စားခေါ်ဝေါ် ရေးသားခဲ့ကြသည်။ သာမန် မျက်စိဖြင့် အဆုံးအစကို မြင်နိုင်ရန်ပင် အခက်အခဲရှိသည့် ပင်လယ်ကဲ့သို့ ကျယ်ပြန့်သော လူအလုံးအရင်းကြီးကို ဆိုလိုခြင်း ဖြစ်လေသည်။စာရေးသူတို့ ဆီမှာတော့ မိမိ၏ သက်တမ်းတစ်လျှောက်တွင် နှစ်ကြိမ် မြင်တွေ့ခဲ့ရဖူးပြီဟု ဆိုချင်ပါသည်။ ၁၉၈၈ တွင် တစ်ကြိမ်နှင့် လက်ရှိကာလတွင် တစ်ကြိမ်ဖြစ်သည်။ ထုတ်ဝေခွင့် မရရှိခဲ့သည့် ၁၉၈၈ ခု စက်တင်ဘာလတွင် “လူပင်လယ်” ကဗျာကို မည်သို့သော အကြောင်းကြောင့် ရေးခဲ့ခြင်း ဖြစ်သည်ကို အထူးအဖြေရှာနေရန် လိုမည်မထင်တော့ပါ။
“လူပင်လယ်”ရေတစ်စက်မှအစက်ပေါင်းများစွာ၊ စုရုံးလာတော့ဖြာထွက်စီးကြောင်း။ရေစီးကြောင်းအားလုံးပေါင်းရုံးညံဟစ်၊ စမ်းချောင်းဖြစ်လာ။စမ်းချောင်းမှသည်နဒီပတ်ရစ်၊ ဧရာမြစ်ခွေပင်လယ်ဗွေသို့။ပင်လယ်ဟူသည် လျားရှည်ပြန့်ကျယ်၊ နယ်ပယ်အားလုံးအုပ်ဖုံးရေပြင်၊ လှိုင်းလေဆင်လျက်မြင့်တက်ပုတ်မောင်း၊ခြောင်းခြောင်းဒေါသ လွှဲရိုက်ချသည့်လောကသစ္စာမြဲတရား။လှော်တက်ကိုင်၍ မွှေ့ခတ်ယက်ထုတ်၊ ရေကိုပုတ်လည်း။သင်္ဘောထက်မှ စက်မောင်းဝမ်းအိမ်၊ ဒလက်ရှိန်ပြင်း ရေကိုခွင်းလည်းအကျဉ်းမျှသာ ရေမြွာဖွာထွက်၊ဝဲဂယက်ဖြစ် ကျစ်လျစ်စုစည်း၊ အဟုန်ကြီးဆဲ သွေးခွဲမရ၊လူ့လောက၏စူးရှသစ္စာမြဲတရား။       (၂၃ စက်တင်ဘာ ၁၉၈၈)

လက်ရှိ ပေါ်ထွန်းလာသော လူပင်လယ်ကြီးမှာ ကိုရီးယားစစ်ပွဲကို စစ်တိုက်ရန် စေလွှတ်ခြင်းမျိုးလည်း မဟုတ်။ ရှုထောင့်စုံမှ သုံးသပ်ကြည့်လျှင် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် အရာရာ အောက်ကျနောက်ကျ ချွတ်ခြုံကျနေခဲ့သော နှစ်ပရိစ္ဆေဒ၏ အမွန်းအကျပ်ထဲမှ လေပြည်လေညင်း တစ်ရှိုက်မျှကို အဆုတ်ထဲ ရှူသွင်းခွင့်ရရန် အလိုအလျောက် တိုက်တွန်းချက် မပါဘဲ စုရုံးမိကြခြင်းသည် လောကသစ္စာ၏ မြဲသောတရား ဖြစ်သည်။ ပြီးတော့လည်း လေပြည်လေညင်းကို လူတိုင်းနှစ်သက် လိုလားကြသည် မဟုတ်ပါလား။ လေပြည်မှတစ်ဆင့် သယ်ဆောင်လာသည့် မွှေးရနံ့ကိုသာ ရှူရှိုက်လိုကြသည် မဟုတ်ပါလား။  သို့သော်လည်း မရှင်းဘဲထားသည့် “မြောင်းကြီး” “မြောင်းလေး” တို့ရှိ အမှိုက်တို့မှ လွင့်ပျံလာသော ပုပ်အဲ့အဲ့ အနံ့သာမက၊ လူအချို့၏ အပုပ်ချ တိုက်ခိုက် ပြောဆိုပြုမူချက် အများအပြားကလည်း အပုပ်နံ့ကို လေထဲ၌ ပိုကဲသွားစေသည်။ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မည်သူက အများပြည်သူ၏ လူမှုဘ၀ မြင့်မားရေးကို အမှန်တကယ် ဆောင်ရွက်မြှင့်တင် ပေးနိုင်သည်။ မည်သူက ပြည်သူကို လျစ်လျူ ရှုပြီး ကိုယ်ကျိုးစီးပွားကိုသာ အစဉ်တစိုက် ပြုလုပ်မြဲ ပြုလုပ်နေသည် ဆိုသည်ကို ခွဲခြားနားလည် သဘောပေါက်လိုက်သည့် အချက်ကို ရှုမျှော်လေတိုင်း တွေ့မြင်ရသည့် လူပင်လယ်ကြီးများက သက်သေခင်းကျင်း ပြနေပါတော့သည်။

Most Read

Most Recent