လူပြောင်း မူပြောင်း ရွေးကောက်ပွဲ

လူပြောင်း မူပြောင်း ရွေးကောက်ပွဲ
Published 19 October 2015
ရဲခေါင်မဲမောင်

ယခုလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာရာတွင် အမှားများစွာ ပါဝင်လျက်ရှိသည်ကို တွေ့ကြရသည်။ ပထမအကြိမ်က ပါဝင်ခဲ့သည့် အမှားများကို ပြင်ဆင်ချက်များ တင်သွင်းပြီးနောက် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်လိုက်သော အခါ၌လည်း ပထမအကြိမ် ထုတ်ပြန် ကြေညာစဉ်က အတိုင်း အမှားများလျက် ရှိနေပြန်သည်။ ထို့ကြောင့် ဒုတိယအကြိမ် အမှားပြင်ဆင်ချက်များ တင်ပြလျှောက်ထား လိုက်ကြရပြန်ပြီ ဖြစ်ပါသည်။
ထိုဒုတိယအကြိမ် ပြင်ဆင်ချက်အတွက်ကိုမူ မဲပေးရမည့် ရက်မတိုင်မီ  ၁၀ ရက် ကြိုတင်ပြီး ပြန်လည် ကြေညာပေးမည်ဖြစ်ကာ အကယ်၍ အဆိုပါ မဲစာရင်း၌ နာမည်မပါဝင်ပါက မှတ်ပုံတင် ကတ်ပြားပြသလျက် ထောက်ခံသူနှစ်ဦး၏ ထောက်ခံမှုနှင့် မဲပေးခွင့် ရရှိမည်ဟု သိရပြန်ပါသည်။
မှားယွင်းသော မဲစာရင်းများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူမှု မရှိ။ မဲစာရင်းများ အမှားများရခြင်းမှာ ပြည်သူလူထုနှင့် မီဒီယာများကြောင့်ဟု လည်းကောင်း၊ ရာခိုင်နှုန်း ၃၀ သာလျှင် မှန်နိုင်မည်ဟု လည်းကောင်း၊ ကွန်ပျူတာ ဆော့ဖ်ဝဲများကြောင့်ဟု လည်းကောင်း တရားခံရှာ လက်ညှိုးထိုးပြ လျက်ရှိပေသည်။ ထိုကဲ့သို့ မဲစာရင်းများ အံ့သြဖွယ် မှားယွင်းခြင်းနှင့် မှားယွင်းမှုအပေါ် တာဝန်ယူခြင်း မရှိမှုတို့နှင့် ပတ်သက်၍ ပြီးခဲ့ပြီဖြစ်သော ရွေးကောက်ပွဲများကို စဉ်းစားကြည့်ဖို့ လိုအပ်လာပါသည်။
၁၉၉၀ ပြည့်နှစ် မေလ၌ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို စတင်ပြုလုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း နှစ်ပေါင်း၂၈ နှစ်ကြာမှ ပြန်လည် ကျင်းပသော ရွေးကောက်ပွဲလည်း ဖြစ်သည်။ထို ၂၈ နှစ်တာ ကာလအတွင်း နိုင်ငံရေးသမားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သေဒဏ်ပေးခြင်း၊ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်းတို့ဖြင့် နိုင်ငံရေးသမား တစ်ယောက်မျှ မရှိစေရန် ပြုလုပ်ထားပြီး “နိုင်ငံရေး” ဆိုသည့် အမြုတေ မဏ္ဍိုင်ကြီးကိုပင်လျှင် ဖြိုလှဲထားခဲ့သည်။ တိုင်းပြည်ကို တံခါးပိတ် ဝါဒကျင့်သုံးပြီး မြန်မာ့နည်း မြန်မာ့ဟန်ဆိုသည့် ဆိုရှယ်လစ်စနစ်ဖြင့် အုပ်ချုပ်ထားသောကြောင့် ပြည်သူလူထုအတွင်း မျက်စိမှိတ် နားပိတ်ဖြစ်ကာ နိုင်ငံရေးနှင့် ပတ်သက်၍ အသိအမြင် ဗဟုသုတ စိုးစဉ်းမျှ မရှိဟု ယုံကြည်ထားချိန်လည်း ဖြစ်သည်။ နိုင်ငံရေး၌ လူပါးဝလှပြီဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ နာမည်ပြောင်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီပင်လျှင် ရွေးကောက်ပွဲ၌ အနိုင်ရလိမ့်မည်ဟု တထစ်ချ ယူဆထားချိန်လည်း ဖြစ်ပါသည်။ လူထုအား အကြောက်တရားများ လွှမ်းမိုးအောင် လုပ်ဆောင်ထားချိန်လည်း ဖြစ်သည်။
ထို့ကြောင့် နဝတစစ်ကောင်စီသည် ၁၉၉၀ ရွေးကောက်ပွဲကို (ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသော ဒီမိုကရေစီ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး) လွတ်လပ်သန့်ရှင်း၍ တရားမျှတစွာ ကျင်းပပေးခဲ့သည်ဟု ဆိုရပါမည်။ မဲပေးခွင့်ရှိသူတိုင်း မဲစာရင်းကြည့်စရာ မလိုဘဲ မဲပေးခွင့် ရရှိခဲ့ကြပါသည်။ မဲများကို ရေတွက်ချိန်မှာလည်း ပြည်သူလူထု ကိုယ်တိုင်စောင့်ကြည့်ခွင့် ရရှိခဲ့ကြပြီး ပယ်မဲများကို သေချာစွာ ကြည့်ရှုစစ်ဆေးခွင့် ရရှိခဲ့ကြပါသည်။
၂၀၁၀ ပြည့်နှစ် ကျင်းပသော ဒုတိယအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာလည်း လွတ်လပ်ခြင်းမက အကြီးအကျယ် လွတ်လပ်သော တရားမျှတခြင်းထက် ကျော်လွန်တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြား တိုင်းရင်းသားပါတီများနှင့် ဒီမိုကရေစီ ပါတီငယ်များ ရှိသော်လည်း စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီသာလျှင် အင်အားကြီး ပါတီအဖြစ် ရှိနေခြင်းကြောင့် လည်းကောင်း၊ စစ်ဝတ်မှ အရပ်ဝတ်ပြောင်း၍ အာဏာကို ချုပ်ကိုင်မြဲ ချုပ်ကိုင်ခွင့်ရဖို့ တစ်ခုတည်းကြောင့်လည်းကောင်း ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် လူသေကို ကြိုးတုပ်ရိုက်သကဲ့သို့ဖြစ်ကာ တစ်ယောက်တည်း အပြေးပြိုင်ပြီး ပထမဆုရရန် သေချာနေသော်လည်း ကြိုတင်မဲများ ဖန်တီးလျက် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများအပေါ် အနိုင်ကျင့်ခဲ့ကြပါသေးသည်။ မည်သို့ပင် ဖြစ်ပါစေ ထို ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရန်အတွက် မည်သူမျှ မဲစာရင်း မကြည့်ခဲ့ကြရပါ။ မဲပေးရမည့်ရက်တွင် မဲရုံသို့ သွားရောက် လိုက်ရုံမျှဖြင့် မဲပေးခွင့် ရရှိခဲ့ကြပါသည်။
၂၀၁၀ ပြည့်နှစ်က ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ထိုနည်းနှင့်ပင် ဖြစ်ပါသည်။ ၄၅ နေရာတည်းမို့ ၄၅ နေရာစလုံး နိုင်သွားသည့်တိုင် လွှတ်တော်အတွင်း ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ငါးရာခန့်ကို ကျော်လွှားနိုင်စရာ အကြောင်းမရှိ။ NLD ပါတီ ရွေးကောက်ပွဲ ဝင်လာခြင်းကပင် အာဏာရပါတီအတွက် နိုင်ငံတကာအမြင် တင့်တယ်နေပြီ ဖြစ်သောကြောင့် လွှတ်တော်အတွင်း ခုံပြည့်ရုံကလွဲ၍ ၎င်းတို့အကျိုးကို မြူတစ်မှုန် မထိခိုက်နိုင်ပါ။ ထို့ကြောင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း မျှတလွတ်လပ်စွာ ကျင်းပပေးလျက် သဘောထား ကြီးမားစွာ “လွှတ်” ပေးလိုက်ခြင်း ဖြစ်ပါသည်။ မည်သူမျှ မဲစာရင်း မကြည်ခဲ့ကြရ။
ယခု ၂၀၁၅ ရွေးကောက်ပွဲကြီးကတော့ ဖော်ပြပါ ရွေးကောက်ပွဲများနှင့် လုံးဝမတူ။ ကွဲပြားခြားနားသည့် ရွေးကောက်ပွဲကြီး ဖြစ်သည်။ ၁၉၉၀ ခုနှစ်တုန်းကလို မိမိပင် အနိုင်ရလိမ့်မည်ဟု ယူဆထား၍ မရတော့သလို ပြည်သူလူထုကလည်း နိုင်ငံရေး အသိအမြင် ဗဟုသုတများ အတော်အတန် ရှိနေကြပြီဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲကလည်း ညာလက်ထဲက အာဏာကို ဘယ်လက်ထဲ ပြောင်းရုံမို့ ပြဿနာ မရှိခဲ့သလို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည် အပေါက်ဖာခြင်းသာ ဖြစ်သောကြောင့် အာဏာအတွက် စိုးစဉ်းမျှ ပူပန်စရာ မရှိခဲ့သော ရွေးကောက်ပွဲ ဖြစ်နေပြန်သည် မဟုတ်လား။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီသည် မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အာဏာရပါတီအဖို့ ယခု ရွေးကောက်ပွဲကို ကျိန်းသေ အနိုင်ရရှိမည်ဟု တွက်ဆထား၍ မရတော့ပါ။ ၎င်းအပြင် လာမည့်ရွေးကောက်ပွဲမှာ ညာလက်ထဲမှ အာဏာကို ဘယ်လက်ထဲသို့ ပြောင်းကိုင်နိုင်ခွင့် ပေးမည့် ရွေးကောက်ပွဲ မဟုတ်သလို ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့လည်း အာဏာကိုမလွှဲဘဲ နေလို့ရမည့် ရွေးကောက်ပွဲလည်း မဟုတ်ပါပေ။ ဝတ်စုံပြောင်း၍ မရသလို အရှုံးနှင့် ရင်ဆိုင်ရပါက အာဏာကို လွှတ်ကာ လက်ရှိနေရာ ရာထူးများမှ နုတ်ထွက်ပေးရမည့် ရွေးကောက်ပွဲကြီးလည်း ဖြစ်ပါသည်။ NLD ပါတီ၏ ရွေးကောက်ပွဲ ဆောင်ပုဒ်ဖြစ်သည့် “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် စကားအတိုင်း လူမပြောင်း မူပြောင်း မဟုတ်တော့ဘဲ လူပြောင်း မူပြောင်း ဖြစ်ရမည့် ရွေးကောက်ပွဲကြီးလည်း ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီး၏ မည်သည့် ရွေးကောက်ပွဲမဆို ပြည်သူချစ်သော ကိုယ်စားလှယ်များနှင့် ပြည်သူလိုလားသော ပါတီများသာလျှင် အမြဲတမ်း အနိုင်ရလေ့ရှိကြသည် ချည်းသာ ဖြစ်ပါသည်။ ပြည်သူမုန်းသော ပြည်သူမလိုလားသော ကိုယ်စားလှယ်များနှင့် ပါတီများမှာမူ စစ်တပ်ကျောထောက် နောက်ခံပြုပြီး “မညစ်” ပါက အနိုင်ရလေ့ မရှိပါ။
ထိုအကြောင်းများကြောင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက်က ကနဦးအစ မဲစာရင်းမှာပင် သံသယဖြစ်ဖွယ် အမှားများကို စတင်တွေ့ရှိလာရခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ တပ်မတော်မှ အငြိမ်းစား စစ်ဗိုလ်ချုပ် ဖြစ်နေခြင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်နေခြင်းတို့ကလည်း သံသယကို ပို၍ကြီးမားစေသည်။ မဲစာရင်း အမှားများအပြင် “မည်သည်က ရောက်လာမှန်း မသိသော လူအုပ်ကြီး” ဟုဆိုရမည့် လူပိုလူလျှံများလည်း ရှိလာပါသည်။ မဲစာရင်း ကြေညာချက်အရ ထိုလူပို လူလျှံများသည် တောင်ဥက္ကလာပ နေရာတစ်ခုတည်းမှာပင် လူဦးရေ ကိုးသောင်းကျော်မျှ ပိုနေသည်ဟု သိရသည်။ ၎င်းအပြင် ပြည်ပရောက် တရားမဝင် လုပ်သားများ ပြည်တွင်းပြန်လာပြီး မဲပေးပါက လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူခံရမည်ကို တာဝန်မယူဟုပင် ရွေးကောက်ပွဲ ကော်မရှင်က ခြိမ်းခြောက် ဟန့်တားထားပါသေးသည်။ ဝန်ထမ်းများ၏ မဲစာရင်း အမှတ်များကို ကြိုတင် တောင်းယူခြင်းများကလည်း သံသယကို ပို၍ခိုင်မာစေပါသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဟောပြောပွဲတွင် တက်ရောက်လာသော ဒေသခံများအား အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်
မဲပေးဆန္ဒပြုကြရာ၌လည်း လွယ်ကူတိကျ သေချာသော အမှန်ခြစ်ခြင်း၊ အမှားခြစ်ခြင်း နည်းများကို အသုံးမပြုတော့ဘဲ မိမိ ရွေးချယ်ရမည့် ကိုယ်စားလှယ် နာမည်ဘေးရှိ ကွက်လပ်သေးသေးကလေး အတွင်း တံဆိပ်တုံးနှိပ် မဲပေးရမည်ဟု ဆိုပါသည်။ ခြေမတုန်၊လက်မတုန် နှိပ်နိုင်ပါမှ တော်ကာကျမည်ဖြစ်ပြီး ပယ်မဲဖြစ်သွားနိုင်စရာ အကြောင်းရှိလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦး၏ “၂၀၁၀ ရွေးကောက်ပွဲတုန်းက သူတို့သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ကြေညာတာဟာ ကြိုတင်မဲတွေနဲ့ နိုင်သွားတာပါ။ အခုတစ်ခါမှာလည်း ကြိုတင်မဲတွေ ရှိကောင်းရှိလာမှာ ဖြစ်တယ်ဆိုတာတော့ သတိထားရမှာပါပဲ။ ဒါ့အပြင် အရေးအကြီးဆုံးက မဲပေးတဲ့ အချိန်အခါမှာ အင်မတန် ဂရုစိုက်ရမယ့် ကိစ္စကတော့ ကြိုတင်မဲ မဟုတ်တော့ဘူး။  ဒီတစ်ခါမှာတော့ ပယ်မဲတွေနဲ့ လုပ်မယ်ဆိုတာကို အားလုံးသတိထားရမယ်လို့ ပြောချင်ပါတယ်” ဆိုသော စကားအရ တံဆိပ်တုံးထုရခြင်း၏ လားရာကို ဆင်ခြင် မှန်းဆနိုင်မည် ဖြစ်ပါသည်။
ပြိုင်ပွဲ၏ အကျိုးရလဒ် ကြီးမားမှုကြောင့် တိုက်ခိုက်မှုများကလည်း အရှိန်ပြင်း ခက်ထန်ကြသည်။ တစ်ဖက်ပါတီနှင့် လူပုဂ္ဂိုလ်များကို ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်အတွက် အကဲဆတ်သော ဘာသာရေးအရ အပုပ်ချခြင်း၊ မဲဆွယ်ခရီးလမ်း၌ အနှောင့်အယှက်ပေးခြင်း၊ မဲဆွယ် ဟောပြောနေရာ၌ အနှောင့်အယှက်ပေးခြင်း၊ မဲဆွယ် စည်းရုံးခြင်း မပြုနိုင်အောင် အနှောင့်အယှက် ပေးခြင်းများ ပြုကြသည်။ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်တန်းသော်လည်း အရေးယူခြင်းမျိုး နည်းပါးလှသည်။
ပို၍ဆိုးသည်မှာ လက်ရှိတိုင်းပြည်နှင့် ပြည်သူလူထုအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေ အရပ်ရပ်ကြောင့် ကျိန်းသေရှုံးမှာကို သိမြင်နေသော အာဏာရ ပုဂ္ဂိုလ်အချို့၏ ဣဿာမစ္ဆိရိယစိတ်များ ဖြစ်သည်။ ထိုစိတ်များ ဖုံးလွှမ်းမှုကြောင့် အမှန်အမှား သင့်လျော်၏ မလျော်၏ စဉ်းစား ဆုံးဖြတ်ခြင်းများ မရှိတော့ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။
“ကားကြီးတွေပေါ် တက်၊ ခေါင်မိုးအပေါက်က ခေါင်းလျှိုထွက်ပြီး ကျွန်တော့်ကို မဲထည့်ပါ၊ ကျွန်မကို မဲထည့်ပါဆိုပြီ အတုံးလိုက် အတစ်လိုက် နေပူခံ လေကုန်ခံ ပြောဟောနေစရာ မလိုပါဘူး။ ပညာဉာဏ် ချွန်းကဲ့သို့ အုပ်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်အရွယ်ပေါ် မူတည်ပြီး နေပူလေတိုက်နဲ့ လေသင်တုန်း ဖြတ်မသွားရလေအောင်. . .”
“အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့...” ဆိုသည့် စကားများကို ကြားကြရသော ပြည်သူများအဖို့ အံ့အားတသင့်ဖြစ်ကာ ပညာမဲ့သူများသည် လူပုံအလယ်၌ ပြောဆိုဝေဖန် ဆွေးနွေးစရာ အကြောင်းအချက်မရှိ ဖြစ်တတ်သည်။ ထို့ကြောင့် ဆိတ်ဆိတ်သာ နေရလေ့ရှိသည်။ ဆိတ်ဆိတ်မနေဘဲ ဝင်ရောက် ပြောဆိုသောအခါ ထိုသူတို့၏ စကားများသည် ကျိုးကြောင်း ဆီလျော်မှုမရှိ၊ ရှေ့စကားနှင့် နောက်စကားလည်း မညီဘဲ လူရယ်စရာသာ ဖြစ်တတ်သည်ကို ရေးဖွဲ့ထားသော ရှင်မဟာရဋ္ဌသာရ၏ “ဝိဇ္ဇာသိပ္ပ လူ့ကိစ္စ” ကဗျာကလေးထဲမှ “တိတ်တိတ်မနေ၊ ဆိုပါချေလည်း ကျစ်လျစ်မရှိ၊ အငြိငြိတည့်၊ ဟုတ်လိ နိုးနိုး၊ ဆင်ကန်းတိုးသို့၊ အကျိုးအကြောင်း၊ ကောင်းကောင်းမမှန်၊ သမ္ဗန်တံလျှောက်၊ ရှေ့နောက်မညီ အစီအလျင်၊ အစဉ်မသင့်၊ တဖျင့်တပါး၊ ရယ်ဖွယ်များခဲ့” ဆိုသော အပိုဒ်ကို သွား၍ သတိရမိကြလေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မူလတန်းကျောင်းနေစဉ် ကလေးဘဝ၏ ငယ်ကျိုးငယ်နာများကို ထုတ်ပြောသည့် သူလည်းရှိလာပြီး ယခုနောက်ဆုံး ပြောကြားလိုက်သည့် “ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး၊ အစိမ်းတွေပဲ လွှမ်းရမယ်။ အနီဆိုတာ အာဇာနည် ဗုံးခွဲတာသွားကြည့်...” ဆိုသော စကားမှာမူ ပြည်သူလူထုကို ခြိမ်းခြောက်သည့်သဘော ပါဝင်လာသည်ကို တွေ့ရသည်။ ၁၉၈၀ ကျော်ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့်အဖွဲ့ကို မြောက်ကိုရီးယား အကြမ်းဖက်အဖွဲ့က ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗုံးခွဲ တိုက်ခိုက်ခဲ့သည်။ မြန်မာအပါအဝင် တောင်ကိုရီးယားအရာရှိ ၂၀ ကျော် သေဆုံးခဲ့ပြီး အနီရောင် သွေးများ ဖုံးလွှမ်းခဲ့သည်ကို ဥပမာပေး ပြောဆိုသော စကားများဖြစ်၍ NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲများအတွက် သတိကြီးကြီး ထားရတော့မည်ဟု ယူဆစရာ ဖြစ်လာပေသည်။
မည်သို့ဆိုစေ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လာမည့်ရွေးကောက်ပွဲသည် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၂ တို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူသော ရွေးကောက်ပွဲကြီး ဖြစ်လေသည်။ မည်သူတို့နိုင်နိုင်၍ မည်သူတို့ ရှုံးနိုင်သည်ကိုလည်း ကြိုတင် တွက်ဆနိုင်သည့် ရွေးကောက်ပွဲဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်မည့် ပွဲကြီးလည်း ဖြစ်သည်။ ပြည်သူတို့ အနေဖြင့် မိမိတို့၏ မဲတစ်ပြားနှင့် လူပြောင်းစနစ်ပြောင်း ပြုလုပ်ကာ တိုင်းပြည်ကို ကယ်တင်နိုင်သကဲ့သို့ မိမိတို့အား လေးစားလျက် ပြည်သူ့ဆန္ဒများကို အကောင်အထည် ဖော်ပေးနိုင်သော အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့်ရှိသည့် ရွေးကောက်ပွဲလည်း ဖြစ်နေသည်။ ထို့အတူ အာဏာ လက်မလွှတ်ချင်သူ အချို့၏ မဲမသမာသော လုပ်ရပ်များကို သတိထား စောင့်ကြည့် ကာကွယ်သွားရမည့် ပွဲလည်းဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံး အနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်လျက် ပန်းဝင်လာမည့် ကိုယ်စားလှယ်များကိုသာ ပန်းကုံးစွပ် ကြိုဆိုရန် စောင့်ဆိုင်းလျက်ရှိနေကြပြီ ဖြစ်လေသည်။

Most Read

Most Recent